News

POST TYPE

YOUTH

စိန်ခေါ်မှုများကို အခွင့်အရေးအဖြစ် ပြောင်းလဲသူ
06-Apr-2018 tagged as



ဂျိုနာပေါ့သည် မူလက ကော်ဖီဆိုင်တစ်ဆိုင်တွင် လစာနည်းနည်းဖြင့် ဘဝကို စတင်ခဲ့ရသူဖြစ်သည်။ ကော်ဖီဆိုင်တွင်လုပ်ရင်း သူ့ဘဝကိုသူ ပြန်ပြီးသုံးသပ်ကြည့်သည်။ ဤအတိုင်းနေလျှင် မတိုးတက်နိုင်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုခု ထူထောင်ရန်စဉ်းစားသည်။ ယခု သူက ကိုယ်ပိုင် ဖက်ရှင်ဆိုင်ကြီးတစ်ဆိုင် ထူထောင်နိုင်ခဲ့ပြီ။ 

သူ့ဘဝတွင် ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်ဆောင်နိုင်လိမ့်မည်ဟု မထင်ခဲ့။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုနှင့် စီးပွားဖြစ်အောင် မည်သို့လုပ်ဆောင်ရမည်နည်း။ သူ့အသက်က ၂၄ နှစ်ရှိပြီဖြစ်ကာ ဘွဲ့လည်း ရပြီးပြီ။ ကော်ဖီဆိုင်တွင် မန်နေဂျာဘဝနှင့် လုပ်ကိုင်နေရင်းက ကိုယ်ပိုင်လုပ်ငန်းကို ထူထောင်ချင်လျှင် ကိုယ်တိုင် မစွန့်စား မလုပ်ဆောင်ဘဲမရဆိုသည့် အတွေးဝင်လာသည်။

သူ အလုပ်က ၆ လခန့်ခွင့်ယူလိုက်သည်။ အလုပ်တစ်ခုကို မဆုတ်မနစ် စူးစိုက်ပြီး မဖြစ်ဖြစ်အောင် လုပ်ဆောင်နိုင်သည့် သူ့စိတ်ဓာတ်ကို သူယုံသည်။ သူက ဆိုင်တစ်ဆိုင်ထောင်လိုက်သည်။ သူထောင်လိုက်သည့် ဆိုင်က ဖက်ရှင်ဆိုင်ဖြစ်သည်။ သူ့အမှန်တကယ် စိတ်ဝင်စားသည်က အဝတ်အစားဒီဇိုင်းများဖြစ်သည်။

ကော်ဖီဆိုင်တွင် စားဝတ်နေရေးအဆင်ပြေသည့်လစာဖြင့် လုပ်ကိုင်နေရခြင်းကို လုံးဝစွန့်လွှတ်လိုက်သည်။ သူရွေးချယ်ထားသည့်လမ်းကို ဆက်လျှောက်ရန် ပိုင်နိုင်စွာ ဆုံးဖြတ်လိုက်သည်။ သူ ဖက်ရှင်နှင့် အဝတ်အစားအကြာင်းကို သိသည်က နည်းနည်းသာဖြစ်သည်။ သို့သော် သူစခဲ့သည့်ခရီးကို အပြီးတိုင်ဆက်လျှောက်ရန် ဆုံးဖြတ်ပြီး နောက်လှည့်မကြည့် ထွက်လာခဲ့သည်။

ပထမဆုံး ဖက်ရှင်ဆိုင်လေးဖွင့်ပြီးချိန်တွင် နာမည်ကျော်တံဆိပ်တွေကိုတင်သည်။ အွန်လိုင်းကရောင်းသည်။ပွဲထိုင်အဝတ်တွေကိုလည်း ဝန်ဆောင်မှုပေးသည်။ သတို့သမီးဝတ်စုံတွေကိုလည်း အော်ဒါလက်ခံသည်။ စကော့တလန်လိုနိုင်ငံတွင် ကိုယ်ပိုင်ဒီဇိုင်းနှင့် စိတ်ကူးကောင်းကောင်းဖြင့် အထည်လုပ်ငန်းထဲ ဝင်ရသည်မှာ သိပ်တော့မလွယ်။ သို့သော် အလုပ်အပေါ် မြတ်နိုးသည့်စိတ်နှင့် မဖြစ်ဖြစ်အောင် လုပ်ချင်စိတ်တို့ကြောင့် သူ့လုပ်ငန်းလေး ရပ်တည်နိုင်လာသည်။

ပထမတစ်နှစ် ဆိုင်ထူထောင်ပြီးချိန်တွင် လုပ်ငန်းက အရှုံးပေါ်သည်။ သို့သော် အားမလျှော့ ဆက်ပြီး ရုန်းကန်ရန် ဆုံးဖြတ်သည်။ သူက အထက်တန်းစား သူဌေးများအတွက် အဝတ်အထည်တွေကို လုပ်မည့်အစား သာမန်လူတိုင်းဝတ်ဆင်နိုင်မည့် အနေအထားကို အဘယ်ကြောင့် မလုပ်နိုင်ရမည်နည်းဆိုသည့် သူ့ဒုတိယလိုင်းဘက်ကို ကူးလိုက်သည်။ 

သူက လိုအပ်သည့် အပ်ချုပ်စက်များဝယ်သည်။ အပ်ချုပ်သမများငှားသည်။ အထည်ချုပ်စက်ရုံ အသေးစားလေးတစ်ခုကို ထူထောင်ပြီး ကိုယ်ပိုင်အထည်များကို ထုတ်လုပ်ကြည့်သည်။ သူက စိတ်ကူးပေါ်သည့်အတိုင်း ထလုပ်ကြည့်သည်။ သူ့လမ်းကြောင်းက မှန်သွားသည်။ တစ်ရက်ကို ၂၄ နာရီလောက် မအိပ်မနေ ကိုယ်တိုင်ကြိုးစားခဲ့ရသည်။ 

သူ့အတွက် အထောက်အကူအပေးဆုံးမှာ ဆိုရှယ်မီဒီယာဖြစ်သည်။ သူက Facebook ကို သုံးသည်။ Facebook ပေါ်တွင် သူ့လုပ်ငန်းအကြောင်း၊ သူ့ထုတ်ကုန်တွေအကြောင်းကို တင်ကြည့်သည်။ လူတွေဆီကို မည်မျှစိတ်ဝင်စားနိုင်သနည်းဟု စမ်းသပ်ပြီး လွှတ်လိုက်ခြင်းဖြစ်သည်။ လူတွေက မထင်မှတ်လောက်အောင် တုံ့ပြန်အားပေးလာကြောင်း တွေ့ရသဖြင့် အားတက်သွားသည်။ 

ထို့ပြင် တစ်ဆင့်စကား တစ်ဆင့်ပါးခြင်းကလည်း သူ့အထည်တွေကို လူကြိုက်များလာစေသည့် အကြောင်းဖြစ်သည်။ သူ့တွင် ဖောက်သည်သစ်တွေ တိုးလာသည်။ ထုတ်လုပ်အားကလည်း ရှိလာသည်။ ဝင်ငွေက တစ်လအတွင်း တက်လာသည်။

သူက တစ်ပတ်လျှင် ၆ ရက် မနားတမ်းလုပ်သည်။ ကျန်တစ်ရက်ကလည်း ဈေးကွက်ကို လိုက်လေ့လာသည်။ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ရန် အမြဲစဉ်းစားနေရသည်။ မည်မျှအခက်အခဲ ကြုံသည်ဖြစ်စေ အကောင်းမြင်စိတ်ဖြင့် ကျော်လွှားနိုင်စေရန် ကြိုးစားသည်။ ကုန်စည်ပြပွဲတွေ လျှောက်ကြည့်သည်။ ဖက်ရှင်ပွဲတွေကိုတက်သည်။ ဓာတ်ပုံတွေ ရိုက်ထားသည်။ ပြန်လေ့လာသည်။ တီထွင်ထုတ်လုပ်သည်။ 

သူ့ဆောင်ပုဒ်က ရှင်းပါသည် “ကြိုးစား၊ ကြိုးစား၊ ကြိုးစား” ဖြစ်သည်။ လုပ်ငန်းထဲတွင် စူးစိုက်နေပါ။ အခက်အခဲတွေကို ရင်ဆိုင်နိုင်စွမ်း၊ ကျော်ဖြတ်နိုင်စွမ်းများ ရှိလာပါလိမ့်မည်ဟု သူက ဆိုသည်။ စိုးရိမ်သောကတွေနှင့် အချိန်မဖြုန်းပါနှင့်။ ပြောင်းသင့်လျှင် ရဲရဲပြောင်း။ အဟောင်းကို သင်ခန်းစာယူ။ ဘာကိုမှ သေးနုတ်သည်မထင်နှင့်။ သေးသေးလေးက လုပ်ငန်းအောင်မြင်ရေးအတွက် အကြီးကြီးဖြစ်သွားနိုင်သည်ဆိုခြင်းမှာ မှတ်သားဖွယ်ကောင်းသည့် သူ၏ လမ်းညွှန်စကားဖြစ်သည်။

E-01

(Ref: Female Entrepreneurs)

  • TAGS