News

POST TYPE

YOUTH

အစိုးရအကြံပေး ဟောင်ကောင် လူငယ်ကော်မရှင်အဖွဲ့
05-Apr-2018 tagged as



ဟောင်ကောင်တွင် အမြင့်ဆုံးအဆင့် လူငယ်အကြံပေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး မတ်လနောက်ဆုံးပတ်တွင် စတင်၍ နိုင်ငံရေးလောကထဲသို့ တာဝန်ယူရန် ရောက်ရှိလာကြသည်။ အသက် ၁၈ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦးက အစိုးရအဖွဲ့၏ အကြံပေးအဖြစ် စတင်တာဝန်ထမ်းဆောင်တော့မည်ဖြစ်သည်။

အဲလက်စ် ချန်ဟောင်ဝန်သည် ဟောင်ကောင် သိပ္ပံနှင့် နည်းပညာတက္ကသိုလ်တွင် ဂလိုဘယ်တရုတ်ဘာသာကို လေ့လာသင်ယူနေသည့် ပထမနှစ် ကျောင်းသားတစ်ဦးဖြစ်သည်။ သူသည် တက္ကသိုလ်ကျောင်းသား ၅၀၃ ဦးကို လူငယ်အကြံပေးအဖွဲ့တွင် သုံးဦးရွေးချယ်ရာ၌ ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။ နိုင်ငံတော်မူဝါဒ ရေးဆွဲကော်မရှင်တွင် လူငယ်သုံးဦးသည် ပါဝင်ခွင့်ရခဲ့ရာ၌ ချန်အပြင်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဒေါက်တာ ချန်ပိုလင်းနှင့် အကအားကစားနည်းပြ နဆမ်ချွန်တို့လည်း ပါဝင်ခဲ့ကြသည်။ 

အဲလက်စ်သည် ဟောင်ကောင်တွင် ကြီးပြင်းလာခဲ့သည့် လူငယ်တစ်ဦးဖြစ်ပြီး လူငယ်ကော်မရှင် အဖွဲ့ဝင်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည်။ သူက နိုင်ငံရေးကို လေ့လာရဦးမည်ဖြစ်သော်လည်း အလုပ်လက်မဲ့ပြဿနာနှင့် လူငယ်များ နေထိုင်စရာ အိုးအိမ်မရှိသည့် ပြဿနာများကို တင်ပြဆွေးနွေးနိုင်စေရန် ကြိုးစားမည်ဟုဆိုသည်။ 

“ကျွန်တော့်အနေနဲ့ နိုင်ငံရေးကို သိပ်ပြီးတော့ ပါဝင်ပတ်သက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လူငယ်တွေရဲ့ အသံတွေကို အထက်ကိုတင်ပြပေးဖို့နဲ့ လွတ်လပ်စွာ ကိုယ်ယုံကြည်တဲ့ ပါတီနိုင်ငံရေးမှာ ဒီမိုကရေစီနည်းကျ ထောက်ခံအားပေးနိုင်ရေးတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဆိုသည်။ 

သူသည် ၂၀၁၄ ခုနှစ်က ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ရက်ပေါင်း ၇၉ ရက်တိုင် ဒီမိုကရေစီလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ သူက -

“လူတစ်ယောက်သည် တစ်ခုခုကို မကျေနပ်လျှင် ဆန္ဒပြထုတ်ဖော်ခွင့်ရှိရမည်။ သို့သော် ငြိမ်းချမ်းစွာဖြင့် အခြားသူများကို မထိခိုက်စေရန် ဆန္ဒပြခြင်းမျိုးဖြစ်သင့်သည်”ဟု ဆိုသည်။

လူငယ်ကော်မရှင်သည် လူငယ်ထုကို ကိုယ်စားပြုပြီး နိုင်ငံရေးတွင် ပါဝင်ခွင့်ရလာခြင်းဖြစ်သည်။ အသစ်ဖွဲ့စည်းလိုက်သည့် လူငယ်ကော်မရှင် (Youth Development Commission) တွင် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း လူငယ်များပါဝင်လာပြီး နိုင်ငံရေးတွင် ဦးဆောင်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်သည်။ လူငယ်ငါးရာကျော်ကို အွန်လိုင်းကတစ်ဆင့် လူငယ်များကပင် ရွေးချယ်ပေးကြရာ နောက်ဆုံး ၃၅ ဦးကို ဆန်ခါတင်ရွေးချယ်နိုင်ခဲ့ကြသည်။ ယင်းတို့အနက်မှ ယခုဆိုလျှင် သုံးဦးကို တာဝန်စတင်ထမ်းဆောင်ခိုင်းခြင်းဖြစ်သည်။

လူငယ်များ နိုင်ငံရေးတွင် ပါဝင်လာခြင်းသည် အနာဂတ်အတွက် လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြစ်သည်။ ဟောင်ကောင်တွင် လူငယ်လှုပ်ရှားရေးအဖွဲ့တွေလည်း ရှိသည်။ ယင်းတို့အနက်မှ အစိုးရအဖွဲ့တွင် ပါဝင်ခွင့်ရလာသည့် လူငယ်များသည် လူငယ်အကျိုးကို မည်မျှထမ်းဆောင်ခွင့်ရပြီး လူငယ်မည်မျှထောက်ခံမည်ဆိုခြင်းကို စောင့်ကြည့်ရပေလိမ့်မည်။

E-01

(Ref: South China Morning Post)

  • TAGS