News

POST TYPE

YOUTH

လူငယ်တွေကို အခွင့်အရေးပေးပါ
05-Apr-2018



အမေရိကတွင် လူငယ်များအတွက် ခိုလှုံစရာနေရာရှားပါသည်။ လူငယ်တစ်ဦးက တစ်ခုခုကို အပြစ်ကျူးလွန်ပြီးပြီ၊ အမည်းစက်ထင်သွားပြီဆိုလျှင် မည်သူကမှ လှည့်မကြည့်ချင်လောက်အောင် ဖြစ်သွားကြသည်။ အပြစ် တစ်ခုခု ကျူးလွန်ခဲ့သည့် လူငယ်တစ်ယောက်အတွက် အထက်သို့တက်နိုင်ရန် လှေကားတစ်ထစ် နင်းခွင့်ပေးရပါလိမ့်မည်။ သူတို့ကို အခွင့်အရေးမပေးလျှင် သူတို့အထက်ကို မည်သို့ရောက်လာနိုင်မည်နည်း။ အထူးသဖြင့် အမေရိကတွင် ထောင်ကထွက်လာသည့် လူငယ်တို့ဘဝက ပိုဆိုးသည်။

ကက်ဆီဒီကမ့်တစ်ယောက် ယခု အသက် ၂၁ ပြည့်တော့မည်ဖြစ်သည်။ မကြာမီ Florida State တက္ကသိုလ်မှ နောက်ထပ်ဘွဲ့တစ်ဘွဲ့ကို ထပ်ယူတော့မည်ဖြစ်သည်။ သူက ယခုဆိုလျှင် ဘွဲ့နှစ်ဘွဲ့ပိုင်ရှင်ဖြစ်နေသည်။ အထက်တန်းကျောင်းသူဘဝက ပြဿနာရှာသည့် ကောင်မလေးတစ်ယောက်အဖြစ် နာမည်ကျော်သည်။ ထို့ကြောင့် သူ့ကို လူငယ်ပြုပြင်ရေးကျောင်း ပို့ထားသည်။

အသက် ၁၄ နှစ်သမီးလောက်ကတည်းက ဒုက္ခပေါင်းစုံ ကြုံတွေ့ခဲ့ရသည်။ စိတ်သောကဒဏ်ရာတွေလည်း ရခဲ့သည်။ နောက် ၂ နှစ်လောက်ကို သပွတ်အူထဲတွင် မျောနေခဲ့ရသည်။ စိတ်သောကတွေကို သူက ဒေါသအဖြစ်ပြောင်းပြီး ပြဿနာလိုက်ရှာသည်။ လူတွေက သူ့ကို နားမလည်။ သူက လူတွေအပေါ် ပိုပြီး ကြမ်းတမ်းစွာဆက်ဆံသဖြင့် လူ့ဘောင်အတွင်း အချိုးမပြေ အဆင်မပြေသူတစ်ယောက်ဖြစ်မှန်းမသိ ဖြစ်လာခဲ့ရသည်။

အသက် ၁၆ နှစ်အရွယ်တွင် အိမ်ကထွက်ပြေးသည်။ ထိုမှ Florida Keys Children’s Shelter ဂေဟာကို ရောက်လာသည်။ စာရွက်တွေတစ်ထပ်ကြီး ဖြည့်လိုက်ရသည်။ ခြေထောက်တွင် ဖိနပ်မပါ။ ခန်းမကြီးထဲတွင် ရပ်နေရသည်။ သူ့ကို သက်သေခံကတ်ပြား ထုတ်ပေးသည်။ အဝတ်အစားထုတ်ပေးသည်။ စခန်းကထုတ်ပေးသည့် အဝတ်အစားကို ဝတ်ပြီးနေရသည်။

တစ်ယောက်တည်း နေရာသစ်တွင် ကြောက်နေစဉ် အမျိုးသမီးတစ်ယောက်က ရောက်လာပြီး သူ့လက်မောင်းကိုကိုင်ကာ ကြင်နာစွာဖြင့် သူနေရမည့်နေရာကို ခေါ်သွားသည်။ သူတို့က ရေအိမ်သုံးစက္ကူ၊ အဝတ်အစား၊ ဖိနပ်နှင့် နွေးထွေးသော အိပ်ရာတွေကိုပေးသည်။ ဧည့်ခန်းထဲသွားထိုင်သည့်အခါ အခြားမိန်းကလေးတွေ ရောက်လာပြီး ဘယ်ကလာသလဲဟု ဝိုင်းမေးကြသည်။ 

လူငယ်စခန်းတွင် သုံးလလောက်နေပြီးနောက် သူတို့အချင်းချင်း နားလည်မှုတွေ ရလာသည်။ တစ်ချိန်က ဆိုးပါသည်ဆိုသောသူတွေအချင်းချင်း သူတို့ဇာတ်လမ်းလေးတွေ ပြောပြပြီး နားလည်မှုတည်ဆောက်ကြည့်ကြသည်။ အားလုံးတွင် နာကျင်ဖွယ်ရာ ဇာတ်လမ်းတွေ ရှိနေကြသည်ပင်။ သူတို့တွင် နားထောင်ပေးမည့်သူတွေ ယခင်ကမရှိ။ ယခုတော့ ကိုယ့်အချင်းချင်း ပြောစကားတွေကို နားထောင်ပေးကြသည်။ နှစ်သိမ့်ပေးကြသည်။ ကာလကြာလာသည့်အခါတွင် အားလုံးတွင် ဖိစီးထားသည့် စိတ်သောကဆိုသည်မှာ ဘာမှန်းမသိ မရှိလောက်အောင်ဖြစ်သွားတော့သည်။ 

လူငယ်စခန်းသည် အကောင်းချည်း ဖြစ်ချင်မှဖြစ်မည်။ အချင်းချင်း တိုက်ခိုက်မှုများ၊ နှိမ်မှုများ၊ ဝန်ထမ်းများနှင့် အဆင်မပြေမှုများ ရှိကောင်းရှိနိုင်သည်။ မည်သို့ဆိုစေ သူတို့လို လူငယ်တွေအတွက်တော့ နားခိုစရာ နေရာကောင်းတစ်ခုဖြစ်သည်ကို မငြင်းနိုင်ပေ။

စခန်းတွင် ဘတ်စ်ကက်ဘော ကစားသည်။ ကဗျာတွေဖတ်သည်၊ ရေးသည်။ သူကိုယ်တိုင် စွမ်းရည်ပြပြိုင်ပွဲများကို ဝင်ပြိုင်သည်။ နေရင်းထိုင်ရင်း သူ့အပေါ်တွင် ဖိစီးထားသည့်စိတ်တွေ လျှော့ပါးစပြုလာသည်။ စခန်းအတွင်း အုပ်စုလိုက် ဖွင့်ဟဝန်ခံခြင်း၊ အကြံပြုခြင်းများ လုပ်ကြသည်။ စာသင်ကြသည်။ သူတို့ ဤနေရာကို လူဆိုးလေးတွေဟု ထင်မှတ်ပြီးရောက်လာကြခြင်းဖြစ်သည်။ သို့သော် သူတို့တွင် အခွင့်အရေးတွေ ရှိနေသေးကြောင်း ကောင်းကောင်းသဘောပေါက်လာကြသည်။ 

လူငယ်ပြုပြင်ရေးစခန်းဆိုသည်ကို လူတွေက လူဆိုးတွေရောက်လာပြီ၊ ပိုဆိုးကာ ထွက်လာသည့်နေရာဟု ထင်ကြသည်။ ကက်ဆီဒီက သက်သေပြသည်။ သူ့ကို ခိုနားခွင့်ပြုသည့်နေရာတွင် နေထိုင်ပြီး ဘွဲ့နှစ်ဘွဲ့ ရအောင်ယူပြသည်။

လူငယ်တွေကို အခွင့်အရေးတစ်ခု ပေးကြည့်စေချင်သည်။ လူငယ်တွေကို အထင်သေးပြီး အလကားဟုထင်ကာ ချောင်ထိုးလိုက်လျှင် တိုင်းပြည်နှင့် အနာဂတ်သာ ဆုံးရှုံးတတ်ပါသည်။ လူငယ်တွေကို လမ်းစဖော်ပေးသင့်ပါသည်။ ပျက်စီးနေသည့်ဟု ကိုယ့်အထင်နှင့် ထပ်ပြီး မဖျက်ဆီးလိုက်ရန်လိုပါသည်။

E-01

(ကာဆီဒီကမ့်သည် ယခုအခါ RB Oppenheim Associates အဖွဲ့အစည်းတွင်
Account Coordinator တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေသည်)
(Ref: Give our troubled youth a chance)