News

POST TYPE

YOUTH

ဆုံးရှုံးမှုမှသည် အောင်မြင်မှုဆီသို့
05-Apr-2018



ဆုံးရှုံးမှုဆိုတာ အောင်မြင်ခြင်းရဲ့ လမ်းမကြီးတစ်ခု ဖြစ်တယ်။ IBM က Tom Watson Sr. က “အောင်မြင်ချင်ရင် နှစ်ဆလောက် ဆုံးရှုံးတာခံရမယ်”လို့ ပြောဖူးတယ်။ 

သမိုင်းကိုလေ့လာရင် အောင်ပွဲဆင်နိုင်ခဲ့သူတွေမှာ မအောင်မြင်ခဲ့တဲ့ ဆုံးရှုံးခဲ့ရမှုတွေအများကြီး ရှိနေခဲ့တာကို တွေ့ရလိမ့်မယ်။ လူတွေက အောင်မြင်မှသာ သတိပြုမိတာ။ ဆုံးရှုံးခဲ့ရတာတွေကို သိကြတာမဟုတ်ဘူး။ နောက်ဆုံးရလဒ်ကိုကြည့်ပြီး ဒီလူ ကံကောင်းလိုက်တာဆိုတဲ့မှတ်ချက်မျိုးနဲ့ “ခုမှပဲ လူမှန်နေရာမှန် ရောက်တယ်” လို့ ပြောကြတာ။

သမိုင်းဝင်ဇာတ်လမ်းလေးတစ်ပုဒ် ပြောပြချင်ပါတယ်။

လူတစ်ယောက်ဟာ -

အသက် ၂၁ နှစ်မှာ စီးပွားပျက်တယ်။

အသက် ၂၂ နှစ်မှာ အမှုတစ်ခုဖြစ်တော့လည်း ရှုံးတယ်။

အသက် ၂၄ နှစ်မှာ စီးပွားတစ်ကြိမ်ထပ်ပျက်တယ်။

အသက် ၂၆ နှစ်မှာ ချစ်သူရည်းစား ကွယ်လွန်သွားတယ်။

အသက် ၂၇ နှစ်မှာ စိတ်ကျရောဂါစွဲတယ်။

အသက် ၃၄ နှစ်မှာ လွှတ်တော်အမတ်ဝင်ရွေးတာ ရှုံးတယ်။

အသက် ၄၅ နှစ်မှာ အထက်လွှတ်တော်အမတ် ဝင်ရွေးတော့လည်း ရှုံးတယ်။

အသက် ၄၇ နှစ်မှာ ဒုသမ္မတအဖြစ် ဝင်အရွေးခံတော့လည်း ရှုံးတယ်။

အသက် ၄၉ နှစ်မှာ အထက်လွှတ်တော်အမတ် ထပ်အရွေးခံတာ ရှုံးပြန်တယ်။

အသက် ၅၂ နှစ်ကျမှ အမေရိကန်နိုင်ငံရဲ့ သမ္မတကြီးအဖြစ် အရွေးခံရတော့တယ်။ အဲဒီလူကို ဘယ်သူဆိုတာ သိကြရဲ့လား။ အေဘရာဟင်လင်ကွန်းပါပဲ။

လင်ကွန်းကို အရှုံးသမားလို့ ပြောနိုင်သလား။ သူထွက်ပြေးနိုင်လောက်တဲ့ အခြေအနေတွေ၊ ကိုယ့်ကိုယ်ကိုယ် ရှက်လွန်းလို့ သတ်သေနိုင်တဲ့ အနေအထားတွေရင်ဆိုင်ခဲ့ရပေမယ့် ဥပဒေကိုပဲ လေ့လာပြီးနေတယ်။ လင်ကွန်းအတွက်ကတော့ အရှုံးဆိုတာကို လမ်းလွှဲထားလို့ရတယ်။ လည်စင်းခံလိုက်ဖို့ မဟုတ်ဘူး။ 

၁၉၁၃ ခုနှစ်မှာ Lee De Forest ဆိုသူဟာ ဒေသဆိုင်ရာတရားရုံးတစ်ရုံးမှာ တရားစွဲခံရတယ်။ သူက အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ပြီး လူတွေစကားပြောနိုင်ဖို့ စီမံချက်တစ်ခုကိုတင်ပြပြီး လူတွေကို စတော့ရှယ်ယာတွေရောင်းခဲ့တယ်။ လူထဲသူထဲ အရှက်ကွဲလောက်အောင် အရှက်ခွဲခံခဲ့ရတယ်။ အဲဒီအချိန်က သမုဒ္ဒရာကြီးကိုဖြတ်ပြီး စကားပြောနိုင်ဖို့ဆိုတာ တီထွင်ရသေးတာတောင် မဟုတ်ဘူး။ 

နယူးယောက်တိုင်းမ်သတင်းစာကြီးရဲ့ အယ်ဒီတာ အာဘော်အခန်းမှာ ၁၉၀၃ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့က မေးခွန်းတစ်ခုထုတ်ထားတယ်။ ရိုက်ညီနောင်က လေထက်လေးတဲ့စက်ပစ္စည်းတစ်ခုကို တီထွင်ပြီး လေထဲမှာပျံသန်းနိုင်ပါ့မလားပေါ့။ နောက်တစ်ပတ်အကြာမှာ ရိုက်ညီနောင်က သူတို့ရဲ့ သမိုင်းဝင်ပျံသန်းမှုကို စတင်လုပ်ဆောင်ပြခဲ့တယ်။ 

ဗိုလ်မှူးကြီး ဆင်းဒါးစ်ဆိုသူဟာ အသက် ၆၅ နှစ် မှာ ကားတစ်စီးကိုထုရိုက်မှုနဲ့ အပြစ်ဒဏ်တစ်ခု ချမှတ်ခြင်းခံလိုက်ရတယ်။ သူ့ဘဝကို ပြန်ပြီးပြင်ဆင်တဲ့အနေနဲ့ တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့မိခင်ကြီးက ကြက်ကြော်လိုက်ရောင်းတာ သွားပြီးသတိရလိုက်တယ်။ သူကိုယ်တိုင် အိမ်ပေါက်စေ့တံခါးတွေကို လိုက်ခေါက်ပြီး ကြက်ကြော်မှာဖို့ လိုက်ပြောခဲ့ရတယ်။ လေး ငါး အိမ်တံခါးခေါက်လိုက်၊ အမှာမရဘူး။ နောက်ဆယ်အိမ်၊ အိမ်တစ်ရာ၊ အိမ်တစ်ထောင် သူကိုယ်တိုင် ကြက်ကြော်အော်ဒါရဖို့ ကြိုးစားခဲ့ရတယ်။ သာမန်ဆိုရင် စိတ်ပျက်ပြီး နောက်ဆုတ်လိုက်မိမှာပေါ့။ သူ့ရဲ့ မလျှော့တဲ့ဇွဲကြောင့် နောက်ဆုံး အောင်မြင်ခဲ့ရတယ်။ 

ကာတွန်းဆရာလေး ဝေါ့ဒစ္စနေးရဲ့ ကာတွန်းလက်ရာတွေကို သတင်းစာအယ်ဒီတာတွေက အကြိမ်ပေါင်းများစွာပယ်ပြီး အရည်အချင်းမရှိဘူးလို့ မှတ်ချက်ချခြင်းခံခဲ့ရတယ်။ တစ်နေ့ သူ့ကို ဘုန်းတော်ကြီးတစ်ပါးက ကာတွန်းတွေဆွဲဖို့ခေါ်လိုက်တယ်။ ဒစ္စနေးဟာ ဘုရားကျောင်းအပြင်မှာစောင့်နေရင်း ကြွက်လေးတစ်ကောင်ကိုမြင်လိုက်ရာက ကာတွန်းတစ်မျိုးကို ဖန်တီးဖို့ စိတ်ကူးရသွားတယ်။ အဲဒီကနေ မစ်ကီးမောက်စ်ဆိုတာ ဖြစ်လာတယ်။ 

အောင်မြင်သူတွေဟာ အကြီးကြီးတွေကိုလုပ်ပြီး အောင်မြင်လာကြတာ မဟုတ်ဘူး။ သေးသေးလေးတွေကို အကြီးကြီးဖြစ်သွားအောင်လုပ်ပြလိုက်လို့ အောင်မြင်လာကြတာများတယ်။

တစ်နေ့မှာ နားနည်းနည်းလေးနေတဲ့ အသက်လေးနှစ်အရွယ် ကလေးတစ်ယောက်ဟာ အိမ်ကို စာလေးတစ်စောင်နဲ့ပြန်လာတယ်။ စာကို အိတ်ထဲကထုတ်ပြီး သူ့အမေကို ပေးလိုက်တယ်။ “ရှင့်သား တော်မီက စာသင်လို့မရဘူး။ ကျောင်းလာထုတ်ပါ”တဲ့။ အမေက စာဖတ်ပြီးဆရာမဆီကို စာပြန်လိုက်တယ်။ “ကျွန်မ တော်မီက စာသင်လို့မရတာမဟုတ်ဘူး။ ကျွန်မကိုယ်တိုင်သင်မယ်”။ အဲဒီကလေးဟာ နောင် အသက်ကြီးလာတော့ သောမတ်စ်အယ်ဒီဆင်ဖြစ်လာတယ်။ သောမတ်စ်အယ်ဒီဆင်ဟာ ကျောင်းဆိုတာကို သုံးလပဲ တက်ဖူးတယ်။

ဟင်နရီဖို့ဒ်ဟာ ကားကို စတင်တီထွင်တုန်းက နောက်ပြန်ဆုတ်တဲ့ဂီယာကို ထည့်ပေးဖို့ မေ့ခဲ့တယ်။ သူတို့ကို အောင်မြင်မှုမရှိသူတွေလို့ သတ်မှတ်မှာလား။ 

ပြဿနာတွေ ဘယ်လောက်ပဲကြုံခဲ့ရပါစေ သူတို့အောင်မြင်ခဲ့တယ်။ ပြဿနာကြောင့် သူတို့နောက်ဆုတ်သွားတာလည်း မရှိဘူး။ အဆိုးမြင်သူတွေကတော့ သူတို့အောင်မြင်တာကို “ကံကောင်းလို့ပါကွာ” လို့ ပြောကောင်းပြောနိုင်ပါတယ်။ 

အောင်မြင်သူတွေရဲ့ဇာတ်လမ်းတွေကို ပြန်ကြည့်ရင် အကြီးအကျယ် ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာတွေ ရှိနေတာတွေ့ရလိမ့်မယ်။ သူများတွေနဲ့ သူတို့ကွာခြားတာက ဆုံးရှုံးလေ သူတို့ ကြိုးစားလေဆိုတာပါ။ မအောင်မြင်ဘူးဆိုရင် သူတို့က နောက်ပြန်ဆုတ်ရမယ့်အစား ရှေ့ကိုပဲ မိုက်မိုက်ကမ်းကမ်း ဆက်တိုးတတ်တာ သူတို့ရဲ့ အလေ့အထလို ဖြစ်နေတယ်။ အောင်မြင်သူတွေရဲ့ ဇာတ်လမ်းတွေကို လေ့လာကြည့်ပြီး ရှေ့ဆက် တိုးသင့်တယ်။ 

၁၉၁၄ ခုနှစ်မှာ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ သောမတ်စ်အယ်ဒီဆင်ဟာ အလုပ်ရုံမီးလောင်ဆုံးရှံးခဲ့တယ်။ မီးအာမခံထားတဲ့ငွေကလည်း နည်းနည်းလေးပဲထားမိတယ်။ ခုချိန်မှာ လူငယ်လေးတစ်ယောက်လည်း မဟုတ်တော့တဲ့ အယ်ဒီဆင်ဟာ သူ့ဘဝတစ်လျှောက်လုံး ကြိုးစားခဲ့ရတာ ခုတော့ ပြာပုံအတိဖြစ်နေတာကိုကြည့်ပြီး “အဆိုးထဲက အကောင်းဖြစ်တော့မှာပဲ။ အမှားတစ်ချက်နဲ့ မီးလောင်ပျက်စီးခဲ့ရပြီ။ အစကနေ ပြန်စခွင့်ရလို့ ကျေးဇူးတင်ပါတယ်ဘုရားသခင်”ဆိုပြီး ရေရွတ်လိုက်တယ်။ သူဟာ ဒုက္ခကို ဒုက္ခလို့မမြင်ဘဲ ပြန်ကြိုးစားလိုက်တာ သုံးပတ်အကြာမှာ ဓာတ်စက်ကို တီထွင်လိုက်နိုင်တယ်။ ဘယ်လောက်ကောင်းတဲ့ စိတ်ဓာတ်လဲ။

အောင်မြင်သူတွေရဲ့ ဆုံးရှုံးမှုဇာတ်လမ်းတွေကိုကြည့်ရအောင်။

- သောမတ်စ် အယ်ဒီဆင်ဟာ လျှပ်စစ်မီးသီးကို တီထွင်ချိန်မှာ ပျမ်းမျှအကြိမ်ပေါင်း ၁၀၀၀၀ လောက် ဆုံးရှုံးခဲ့တယ်။ 

- ဟင်နရီ ဖို့ဒ်ဟာ အသက် ၄၀ မှာ ကုန်းကောက်စရာမရှိအောင် မွဲသွားဖူးတယ်။

- ဒုတိယမြောက် ဟင်နရီ ဖို့ဒ်က Lee Iacocca ကို အသက် ၅၄ နှစ်မှာ အလုပ်ထုတ်ဖူးတယ်။

- ဘီသိုဗင်ဟာ ငယ်စဉ်က ဂီတမှာ ပါရမီမရှိဘူးလို့ အပြောခံရတယ်။ ခုချိန်မှာ ကမ္ဘာ့အကောင်းဆုံး ဂီတတွေကို ဖန်တီးခဲ့သူလို့ သတ်မှတ်ခြင်းခံရတယ်။

အနှောင့်အယှက် အတားအဆီးတွေဆိုတာ လူတိုင်းကြုံတွေ့ရမှာပဲ။ အပျက်သဘောတွေ ဝင်လာရင် လူဆိုတာက စိတ်ဓာတ်ကျတယ်။ ဆုံးရှုံးမှုတွေ ဘယ်လောက်ပဲကြုံတွေ့ရပါစေ အတားအဆီးတွေဆိုပြီး ကျော်လွှားချင်တဲ့ သတ္တိမျိုးတွေမွေးရမယ်။ အောင်မြင်သူဖြစ်ချင်ရင် ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးမှုရဲ့သားကောင် မဖြစ်ပါစေနဲ့။ ကြောက်ရွံ့ခြင်းနဲ့ သံသယဖြစ်ခြင်းဟာ စိတ်ကိုပျက်စီးစေတတ်တယ်။ 

အတားအဆီးတွေ အနှောင့်အယှက်တွေ ကြုံရတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်စမ်းပါ။ အဲဒီလို ကြုံတွေ့လိုက်ရတဲ့အတွက် ကိုယ်က ဘာကိုပြန်ပြီးရလိုက်သလဲ။ လမ်းမှာပိတ်ဆို့ထားတဲ့ ကျောက်တုံးတစ်တုံးကို ကိုယ့်အတွက် လှေကားတစ်ထစ်လို အသုံးပြုနိုင်ခဲ့သလားဆိုတာ။

E-01

(Ref : You Can Win, Shiv Khera)