News

POST TYPE

YOUTH

ကမ္ဘာကျော် လူငယ် တော်လှန်ရေးများ
05-Apr-2018 tagged as

ကမ္ဘာ့ လူငယ်လှုပ်ရှားမှုကြီးများသည် ပါ့ခ်လန်းမှသည် အာရပ်နွေဦးတိုင် ထင်ရှားသည့်တော်လှန်ရေး အသွင်ဆောင်သော လှုပ်ရှားမှုကြီးများဖြစ်ခဲ့ပါသည်။ လူငယ်တို့ ဦးဆောင်တော်လှန်မှုက လူ့ဘောင်ကြီးတစ်ခုလုံးကို ပြောင်းလဲသွားစေလောက်အောင်ပင် ရိုက်ခတ်နိုင်စွမ်းရှိခဲ့သည်။



အမေရိကန် လူ့အခွင့်အရေးလှုပ်ရှားမှု

၁၉၆၅ ခုနှစ်က အမေရိကန်ပြည်ထောင်စု၊ အယ်လ်ဘားမားပြည်နယ်တွင် လူထုချီတက်ပွဲကြီးတစ်ခုကို စစ်ကြောင်းကြီးသုံးခုဖြင့် လုပ်ဆောင်ခဲ့သည်။ လူအုပ်ကြီးက ဆယ်လ်မာမှ မောင်ဂိုမာရီအထိ ချီတက်ခဲ့ကြသည်။ ထိုလှုပ်ရှားမှုကို ဦးဆောင်သူများမှာ လူငယ်များ ဖြစ်သည်။ လူငယ်တို့က ကျောင်းများတွင် အသားအရောင်ခွဲခြားနေမှုများကို ဖျက်သိမ်းပေးရန် တိုက်ပွဲဝင်ကြသည်။ လူမျိုးနှင့် အသားအရောင်ခွဲခြားနေမှုများကို ထိုကာလများတွင် စိန်ခေါ်ခဲ့ကြသည်။ အသားအရောင် မခွဲခြားရေးမှသည် မဲပေးခွင့်တန်းတူညီမျှရရှိရေးတို့အထိ တိုက်ပွဲဝင်တောင်းဆိုမှုများကို လုပ်ဆောင်ခဲ့ကြသည်။ 

ကျောင်းသားများကို ဦးဆောင်သောအဖွဲ့မှာ Student Nonviolent Coordinating Committee (SNCC)အဖွဲ့ဖြစ်သည်။ ထိုအဖွဲ့သည် လူထုချီတက်ပွဲတွင် ပြည်သူများဘက်က အကြမ်းမဖက်ရေးကို တောက်လျှောက် လိုက်လံစောင့်ရှောက်ကာ စည်းရုံးဆော်ဩပေးနိုင်ခဲ့သည်။ လူထုချီတက်ပွဲ လမ်းတစ်လျှောက် အစိုးရတပ်ဖွဲ့များ၏ အကြမ်းဖက်စော်ကားမှုများကို လက်တုံ့မပြန်ရန် ထိန်းသိမ်းနိုင်ခဲ့သည်။ လူဖြူတွေ နေရာတကာကြီးစိုးရေးဝါဒများကို လူငယ်များက ဆန့်ကျင်မှုအား ပြည်သူတစ်ရပ်လုံး လက်ခံလာစေရန် လုပ်ဆောင်နိုင်ခဲ့ကြသည်။ SNCC အဖွဲ့သည် လူ့အခွင့်အရေးလှုပ်ရှားမှုတွင် နိုင်ငံ၏ အကောင်းဆုံးလှုပ်ရှားရေးအဖွဲ့တစ်ခုအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့သည်။

လူမျိုးနှင့် အသားအရောင်ခွဲခြားမှုတွင် အကြမ်းမဖက်သောနည်းဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် SNCC  အဖွဲ့ကို အဖွဲ့ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ဂျွန်လူးဝစ်က လူငယ်များကို လူတော်လူကောင်း ဒုက္ခပေးနိုင်သူများအဖြစ် ချီးကျူးဂုဏ်ပြုခဲ့သည်။ အကြောက်အရွံ့မရှိ စိန်ခေါ်မှုများ၊ စော်ကားမှုများကို ခေါင်းအေးအေးနှင့် ရင်ဆိုင်သွားပြီး မိမိတို့ပန်းတိုင် မရောက်ရောက်အောင် လုပ်ဆောင်နိုင်သည့် လူငယ်လှုပ်ရှားမှုကြီးတစ်ခုအဖြစ် သမိုင်းတွင်ခဲ့သည်။


 
ဗီယက်နမ်စစ် ဆန့်ကျင်ရေးလှုပ်ရှားမှု

အမေရိကန်တို့၏ ဗီယက်နမ်ကျူးကျော်စစ်ကို ဆန့်ကျင်ကြသည့် လူငယ်ပေါင်း ၂ သန်းကျော်သည် ဗီယက်နမ်ကို အမေရိကန်တိုက်ခိုက်နေမှုကို ဦးဆောင်ဆန္ဒပြခဲ့ကြသည်။ ၁၉၆၀ ပြည့်နှစ်ခန့်ကတည်းက အမေရိကန်၏ စွက်ဖက်မှုကို ပြည်သူတွေက သဘောကျခဲ့သည်မဟုတ်ပေ။ နောက်ပိုင်း လူငယ်တွေကပါ ဆန့်ကျင်မှုများတွင် ပါဝင်လှုပ်ရှားလာကြောင်းတွေ့ရသည်။ လူငယ်တို့၏ လူ့အခွင့်အရေး လှုပ်ရှားမှုနှင့် တစ်ဆက်တည်းမှာပင် လက်ဝဲဆန့်ကျင်ရေး လှုပ်ရှားမှုများလည်း ပေါ်ပေါက်လာပြီး စစ်အေးခေတ်ဆီသို့ ဦးတည်စေခဲ့သည့် လှုပ်ရှားမှုကြီးတစ်ခုဖြစ်စေခဲ့သည်။

အမေရိကန် တစ်နိုင်ငံလုံး ကျောင်းသားတွေ ဦးဆောင်ကာ ဗီယက်နမ်စစ် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ကျင်းပကြသည်။ ထိုင်သပိတ်တွေလုပ်သည်။ ကျောင်းသားတွေ ဆန့်ကျင်လှုပ်ရှားနေမှုများက ပြည်သူတွေကိုလည်း သဘောထားကွဲကာ နှစ်ပိုင်းဖြစ်သွားစေသည်။ စစ်တိုက်ရမည်ဆိုသည့်အဖွဲ့နှင့် စစ်တိုက်ရန်မလိုဆိုသည့်အဖွဲ့တို့ဖြစ်သည်။ ၁၉၇၀ ပြည့်နှစ် မေလ ၄ ရက်နေ့က ကန့်ပြည်နယ်တက္ကသိုလ် ဆန္ဒပြပွဲတွင် လက်နက်မဲ့ ကျောင်းသားများကို စစ်တပ်ကပစ်သဖြင့် သေဆုံးကြရသည်။ ရဲတွေကလည်း မျက်ရည်ယိုဗုံးများဖြင့် ဖြိုခွဲနှိမ်နင်းခဲ့ပြန်သည်။ ထိုစဉ်က FBI အနေနှင့် မျက်မုန်းကျိုးပြီး ဦးတည်တိုက်ခိုက်နေသည့် ကျောင်းသားအဖွဲ့မှာ ဒီမိုကရက်တစ်ကျောင်းသားများအဖွဲ့ဖြစ်သည်။ ထိုအဖွဲ့ဝင်ကျောင်းသားများက စစ်ဆန့်ကျင်ရေးကို ဦးဆောင်လှုပ်ရှားခဲ့သောကြောင့်ဖြစ်သည်။



တီအန်မင် ရင်ပြင်လှုပ်ရှားမှု

၁၉၈၉ ခုနှစ်တွင် တရုတ်နိုင်ငံ ဘေဂျင်းရှိ တီအန်မင်ရင်ပြင်တွင် လူငယ်ကျောင်းသားထုကြီး၏ လှုပ်ရှားမှုကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ သန်းပေါင်းများစွာသော ကျောင်းသားတို့က ဦးဆောင်ပြီး မိမိတို့ မွေးရာပါ အခွင့်အရေးများကိုပေးရန် လမ်းပေါ်ထွက် ဆန္ဒပြလှုပ်ရှားခဲ့ကြသည်။ 

ထိုလှုပ်ရှားမှု ကမ္ဘာကျော်ခဲ့ရခြင်းမှာ လူငယ်ကျောင်းသားထုကို တီအန်မင်ရင်ပြင်တွင် အစိုးရက ရက်စက်စွာ နှိမ်နင်းခဲ့သောကြောင့်ဖြစ်သည်။ လူငယ်ကျောင်းသားထုက ဒီမိုကရေစီပြုပြောင်းလဲမှုများကို တောင်းဆိုသည်။ စီးပွားရေးလွတ်လပ်ခွင့်များပေးရေး၊ ခရိုနီဆန်သည့် လွှမ်းမိုးမှုများကြောင့် စီးပွားရေး မဖွံ့ဖြိုးရခြင်းအပေါ် ဖြေလျှော့ပေးရေးတို့ကိုလည်း တောင်းဆိုဆန္ဒပြခဲ့ကြသည်။ ထောင်ပေါင်းများစွာသော တက္ကသိုလ်ကျောင်းသားတို့သည် နောက်ဆုံးတွင် တီအန်မင်ရင်ပြင်တွင် စုဝေးကြပြီး မိန့်ခွန်းတွေပြောကြ၊ အလံတွေလွှင့်ထူကြ၊ သီချင်းတွေဆိုကြသည်။ 

၁၉၈၉ ခုနှစ် ဇွန်လ ၃ ရက်နှင့် ၄ ရက်နေ့များ တွင် ကျောင်းသားတွေ၏ ဆန္ဒပြမှုအရှိန်က မြင့်တက်လာသည်။ စစ်သားတွေက တီအန်မင်ရင်ပြင်ကို ဝိုင်းထားလိုက်ပြီး လက်နက်မဲ့ကျောင်းသားများကို တင့်ကားများ၊ သေနတ်များဖြင့် ပစ်ခတ်နှိမ်နင်းကြတော့သည်။ လူပေါင်းမည်မျှ အသတ်ခံရကြောင်း ယနေ့တိုင် အတိအကျ မသိနိုင်ခဲ့ပေ။

ထိုလှုပ်ရှားမှုနှင့် ပတ်သက်ပြီး တရုတ်အစိုးရသည် သတင်းမှောင်ချကာ ဖုံးကွယ်နိုင်ရန်ကြိုးစားသည်။ သို့သော် အမှန်တရားသည် ဖုံးကွယ်၍မရ။ တရုတ်ကွန်မြူနစ်ပါတီ၏ သွေးကြောင်မှုကို ကမ္ဘာက သိသွားပြီး အရှက်ရစေခဲ့သည်။ နောက်ပိုင်းတွင် အစိုးရအဖွဲ့ကလည်း ပြုပြင်ပြောင်းလဲမှုများကို ဖြည်းဖြည်းချင်း လုပ်လာရသည်။ သို့သော် မူလတောင်းဆိုခဲ့သည့် ကျောင်းသားများ မည်မျှအသက်ပေးခဲ့ရကြောင်း ယနေ့တိုင် အတိအကျ မသိခဲ့ရပေ။


 
အာရပ်နွေဦးလှုပ်ရှားမှု

၂၀၁၀ ပြည့်နှစ်က အာရပ်နွေဦးတော်လှန်ရေးတွင် အဓိကဇာတ်ကောင်မှာ ဆိုရှယ်မီဒီယာဖြစ်သည်။ Facebook နှင့် Twitter တို့ပေါ်တွင် လူငယ်တို့ သတင်းစကားတွေအချင်းချင်းဖလှယ်ရာ တော်လှန်ရေး အသိအမြင်တွေ ပိုပြီးနိုးကြားလာကြသည်။ ၂၀၁၀ ပြည့်နှစ်တွင် တူနီးရှားနိုင်ငံတွင် စတင်လိုက်သည့် ဆိုရှယ်ကွန်ရက်ပေါ်က တိုက်ပွဲခေါ်သံသည် အီဂျစ်၊ လစ်ဗျား၊ ယီမင်၊ ဆီးရီးယား၊ ဘာရိန်းနှင့် အရှေ့အလယ်ပိုင်းအထိ မျက်စိပွင့်သွားစေခဲ့သည်။

လူငယ်တွေက ရဲတွေ၏ အကျင့်ပျက်ခြစားမှုများ၊ စီးပွားရေသောကများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ၊ စစ်အစိုးရများနှင့် အာဏာရှင်တို့၏ ဖိနှိပ်မှုများကို ဆိုရှယ်မီဒီယာများကတစ်ဆင့် လှုံ့ဆော်ကြသည်။ ထို့ပြင် ဒီမိုကရေစီ ထောက်ခံမှုများကိုလည်း လူထုထောက်ခံပွဲများအဖြစ် မိမိတို့နိုင်ငံများရှိ ရင်ပြင်ကြီးများတွင်ထွက်ကာ တိုက်ပွဲဝင်ကြဖို့ လှုံ့ဆော်ခဲ့ကြသည်။

တူနီးရှားလူငယ်များကြားတွင် ပေါက်ကွဲမှုဖြစ်ရသည်မှာ ရဲတစ်ယောက်က လမ်းဘေးဈေးရောင်းသည့် လူငယ်လေးတစ်ယောက်၏လှည်းကို သိမ်းလိုက်သည်။ ထိုလူငယ်က သူ့ကိုယ်သူ မီးရှို့ပြီး ရဲကိုဆန္ဒပြသည်။ ထိုလူငယ်သေသွားသဖြင့် အားလုံးပေါက်ကွဲကာ ဆန္ဒပြပွဲများ ဖြစ်ပွားလာခဲ့ရသည်။

ဆန္ဒပြပွဲကို ဦးဆောင်သူများမှာ လူငယ်များသာဖြစ်ကြသည်။ တစ်နှစ်ခန့်အကြာတွင် အာရပ်နိုင်ငံအတွင်း လူငယ်ထုလှုပ်ရှားမှုများက လှိုင်းလုံးများအသွင် တစ်နိုင်ငံပြီးတစ်နိုင်ငံကို ဝင်ဆောင့်သည်။ ဆီးရီးယားပြည်တွင်းစစ်ကို လူငယ်တွေ ဆန့်ကျင်လာသည်။ အီဂျစ်သမ္မတ မူဘာရက်ကိုလည်း လူငယ်တွေ သပိတ်မှောက်ကြသည်။ အာရပ်ကမ္ဘာကြီးတစ်ခုလုံး နွေဦးလှုပ်ရှားမှုများနှင့် နိုးကြွလာသည်။ အကယ်၍ ဒေါသထွက်နေသော လူငယ်ထုသာမရှိခဲ့လျှင် အာရပ်ကမ္ဘာသည် အိပ်ပျော်နေဦးမည်သာဖြစ်သည်ဟု ဆိုကြသည်။

E-01
(Ref: National Geographic)

  • TAGS