News

POST TYPE

YOUTH

လူငယ်နှင့် အကြမ်းဖက်မှုဆိုင်ရာ ပြဿနာများ
18-Sep-2016 tagged as


ကမ္ဘာပေါ်တွင် နှစ်စဉ် အသက် ၁ဝ နှစ်မှ ၂၉ နှစ်အတွင်း လူငယ်ပေါင်း နှစ်သိန်းခန့် သည် လူသတ်မှုကို ကျူးလွန်သူများ ဖြစ်နေကြရသည်။ ကမ္ဘာ့ လူသတ်မှုပေါင်း၏ ၄၃ ရာခိုင်နှုန်းခန့်ကို လူငယ်များ ကျူးလွန်နေသကဲ့သို့ ဖြစ်နေရသည်။ 

အသက် ၁ဝ မှ ၂၉ နှစ်အတွင်း လူငယ်များအနက် ယောက်ျားလေး ၈၃ ရာခိုင်နှုန်းခန့်မှာ လူသတ်မှုကို ကျူးလွန်နေသူများ ဖြစ်ကြသည်။ လူငယ် အမျိုးသမီး လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံများကို ရခဲ့သည့် ၃ ရာခိုင်နှုန်းမှ ၂၄ ရာခိုင်နှုန်းသည် အလိုမတူဘဲ အတင်း အဓမ္မ ပြုကျင့်ခြင်း ခံခဲ့ရသူများ ဖြစ်သည်။

၂ဝဝဝ ပြည့်နှစ်မှ ၂ဝ၁၂ ခုနှစ်အတွင်း လူငယ်တို့၏ အကြမ်းဖက် ပြစ်မှုကျူးလွန်မှုများသည် ကျဆင်းလာကြောင်း တွေ့ရသည်။ အထူးသဖြင့် ဝင်ငွေ နည်းပါးသည့်နိုင်ငံများမှ လူငယ်များထက်၊ ဝင်ငွေများသည့် နိုင်ငံများမှ လူငယ်များ၏ လူသတ်မှုနှုန်းက ပိုများလာကြောင်း တွေ့ရသည်။

အကြမ်းဖက် လူသတ်မှုများကို ကျူးလွန်နေကြသော လူငယ်များကို လေ့လာကြည့်လျှင် မိဘ သို့မဟုတ် ဆရာသမားများ၏ အနီးကပ် ဆုံးမမှုများကို ခံယူခွင့် မရကြသူများ ဖြစ်နေကြသည်က များသည်။ အထူးသဖြင့် မိဘနှင့် ကင်းကွာနေသူများ၊ ကျောင်းမနေသူများ ဖြစ်သည်။ မိသားစု ဝင်ငွေ နည်းပြီး သားသမီးများကို ပစ်ပယ်ထားကြသည့် အသိုင်းအဝိုင်းတွင် ရာဇဝတ်မှုများ ဖြစ်နိုင်ခြေ ပိုများကြောင်း တွေ့ရသည်။ 

လူငယ်များကို မိဘ၊ ဆရာ၊ အသိုင်းအဝိုင်း ဘက်ပေါင်းစုံက ပစ်ပယ် ထားလိုက်သည့်အခါတွင် အရက် သောက်လာသည်။ လက်နက်များကို ကိုင်ဆောင် သုံးစွဲ တတ်လာသည်။ မကောင်းမှု လုပ်သည့်ဂိုဏ်းများနှင့် ဆက်သွယ်လာသည်။ မူးယစ်ဆေး သုံးလာနိုင်သည်။ ချို့တဲ့ခြင်း ဆင်းရဲခြင်းကြောင့် လမ်းမှားသို့ ရောက်သွားသော လူငယ်တွေက အများဆုံး ဖြစ်ကြောင်း တွေ့ရသည်။

လူငယ်များ လမ်းမှား မရောက်စေရန် ကာကွယ် တားဆီးနိုင်သည့် နည်းလမ်းပေါင်း များစွာ ရှိပါသည်။ သူတို့အတွက် လမ်းမှန်ကို ရောက်စေနိုင်မည့် ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး အသင်းအဖွဲ့များ၏ စည်းရုံး လက်တွဲ ခေါ်ဆောင်နိုင်မှုသည် အရေးကြီး ပါသည်။ အားလုံးက ပစ်ပယ်ထားသည်ဟု ထင်နေသူ လူငယ် တစ်ဦးအတွက် ခိုလှုံစရာ ခိုနားစရာ အားကိုးစရာ နေရာ တစ်နေရာ ရှိနေသည်ဆိုခြင်းက သူတို့ဘဝအတွက် လုံခြုံမှုကို ဖြစ်စေနိုင်ပါသည်။

ကျောင်းများတွင် ကျောင်းသား အချင်းချင်း အနိုင်ကျင့် နှိပ်စက်ခြင်းများကြောင့်လည်း ပညာရေးကို စွန့်ခွာ ထွက်ပြေးလိုသူများ ရှိနိုင်ပါသည်။ အနိုင် ကျင့်မှုသည့် ကျင့်သူအတွက်ရော အကျင့်ခံရသူ အတွက်ပါ မကောင်းပါ။ ထို့ကြောင့် ကျောင်းများတွင် အနိုင်ကျင့် ဗိုလ်ကျမှုများ တိုက်ဖျက်ရေးကို အဖွဲ့အစည်း အသွင်ဖြင့် ဖော်ဆောင် ပေးထားနိုင်ပါသည်။ 

လူငယ်များ အရက် မသောက်ရန် အရေးကြီးပါသည်။ အရွယ် မရောက်သည့် လူငယ်များအတွက် အရက်ကို ဝယ်ချင်သလို ဝယ်နိုင်၊ သောက်ချင်သလို သောက်နိုင်လျှင် အရက်ကြောင့် အမြန်ဆုံး ပျက်စီးမှုကို ဖြစ်စေနိုင်ပါသည်။ အရက်ကို အရွယ် မရောက်သေးသူများ လုံးဝ သောက်သုံးခြင်း မပြုနိုင်စေရန် ဥပဒေများဖြင့် ကာကွယ်တားဆီး ပေးထားသင့်ပါသည်။ 

စာဖတ်ခြင်းသည် လူငယ်များအတွက် အကောင်းဆုံး လမ်းညွှန် ရှေ့ဆောင်ပေးခြင်း ဖြစ်ပါသည်။ လူငယ်များကို စာများများ ဖတ်လာနိုင်စေရန် အဖွဲ့အစည်းများအား၊ အစိုးရအားဖြင့် အကောင်းဆုံး ဖော်ဆောင်နိုင်ခြင်းကသာ အကြမ်းဖက်ဝါဒ စိုးမိုးမှုများ၊ လူငယ်နှင့် အကြမ်းဖက်မှုများကို ကုစားနိုင်ပါလိမ့်မည်။

(WHO အဖွဲ့၏ ၂ဝ၁၆ ခုနှစ် စက်တင်ဘာ Youth Violance  အစီရင်ခံစာကို မှီငြမ်းပါသည်။)

  • TAGS