POST TYPE

YOUTH

ဘဝကို ကြိုးစားတည်ဆောက်ခဲ့ကြသော အိုးမဲ့အိမ်မဲ့များ
17-Mar-2018

လစ်ဇ် မာရေး (Liz Murray)



လစ်ဇ် မာရေးသည် ဘရောင့်မြို့တွင် ကြီးပြင်းလာခဲ့ရသူဖြစ်သည်။ သူ့မိဘတွေက ဘိန်းဖြူစွဲနေသူတွေ ဖြစ်သည်။ သူ့မိခင်သည် မူးယစ်ဆေးကြောင့် စိတ်မမှန်သည့်အပြင် ညစ်ပတ်သည့်ဆေးထိုးအပ်ကို သုံးစွဲမိသောကြောင့် အေအိုင်ဒီအက်စ်ရောဂါလည်း ဖြစ်နေသည်။ မာရေးတစ်ယောက် မိခင်ကို ပြုစုနေရသောကြောင့် ကျောင်းမကြာခဏပျက်ရသည်။ သူ့ဖခင်ကလည်း သူတို့သားအမိကို စွန့်ခွာသွားပြီး လမ်းဘေးတွင် အိုးမဲ့အိမ်မဲ့သမားတစ်ယောက်အဖြစ် ဘဝကို ဖြစ်သလိုသွားနေထိုင်ခဲ့သည်။

မာရေး အသက် ၁၆ နှစ်သမီးအရွယ်တွင် မိခင်ဖြစ်သူ သေဆုံးသွားသည်။ သူ့မိခင်ကို ကောင်းစွာ မကျွေးမွေး မစောင့်ရှောက်နိုင်သဖြင့် ဝမ်းနည်းနေသော်လည်း စာကြိုးစားရန်သာ ဆုံးဖြတ်လိုက်သည်။ ကျောင်းမကြာခဏပျက်သဖြင့် စာလည်းမလိုက်နိုင်။ စာမေးပွဲတွေ မကြာခဏကျသော်လည်း ဇွဲမလျှော့ ဆက်ကြိုးစားသည်။ 

သူ့ဘဝပန်းတိုင်က ပညာရေးသာဖြစ်သည်။ သူလည်း တစ်ကိုယ်တည်းနေရသဖြင့် အိုးမဲ့အိမ်မဲ့ဘဝရောက်ကာ ဘဝကို ခက်ခဲစွာ ရုန်းကန်ခဲ့ရသည်။ နောက်ဆုံး အထက်တန်းအောင်ပြီး သူ့ကို ဟားဗတ်တက္ကသိုလ်က လက်ခံလိုက်သည်။ 

ယခုတော့ မာရေးတစ်ယောက် အထက်တန်းကျောင်းတက်စဉ်က သမီးရည်းစားဖြစ်ခဲ့သူနှင့် လက်ထပ်လိုက်သည်။ သူ့ဘဝအကြောင်းကို စာအုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့သည်။ ကလေးနှစ်ယောက်မိခင်အဖြစ် နယူးယောက်စီတီးတွင် အခြေတကျနေထိုင်နိုင်ခဲ့သည်။ သူက သူ့ဘဝခရီးနှင့်ပတ်သက်ပြီး “ကျွန်မဘဝကိုကြည့်ပါ။ စုတ်ပြတ်နေတဲ့ဘဝနဲ့ ကြီးပြင်းလာရတယ်။ စားစရာမရှိ။ ဘာမှကိုမရှိတာ။ ဒါပေမဲ့ ကျွန်မမှာဘာသာတရားရှိတယ်။ ယုံကြည်မှုကို ကျေးဇူးတင်ရမယ်။ လူတိုင်းမှာ ယုံကြည်မှုဆိုတာတော့ ရှိမှာပဲ။ ယုံကြည်မှုရှိရင် အရာရာပြည့်စုံနေပြီ”ဟု ဆိုသည်။

E-01