News

POST TYPE

YOUTH

၂၀၁၇ ခုနှစ်၏ အထင်ကရ စွန့်ဦးလူငယ် သူဌေးလေးများ (Ben Corrigan and Jonny Plein)
13-Jan-2018

Ben Corrigan and Jonny Plein

ဘင်ကော်ရီဂန်နှင့် ဂျွန်နီပလိန်း (Ben Corrigan and Jonny Plein) တို့ နှစ်ယောက်စလုံးက အသက် ၂၅ နှစ်စီသာ ရှိသေးသည်။ သူတို့က Pouch ဆိုသည့် ကုမ္ပဏီကို ထူထောင်ထားသည်။ 

အွန်လိုင်းမှ ဈေးဝယ်သည့်စနစ် (Online Shopping) စနစ်များ ခေတ်စားလာသည်။ အထူးသဖြင့် အွန်လိုင်းတွင် ဝယ်ယူရသည်က လျှော့ဈေးတွေနှင့် ရနေသောကြောင့် ပိုပြီးစိတ်ပါဝင်စားလာကြသည်။ 

ဘင်နှင့်ဂျွန်နီတို့ကို လန်ဒန်တွင် မွေးဖွားကြသည်။ သူတို့က Pouch ဆိုသည့် ကုမ္ပဏီနောက်ကွယ်တွင် ကြိုးကိုင်နေသူများဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် သူတို့က Pouch ကို www.joinpouch.com ဆိုပြီး အခမဲ့လွှင့်တင်ပေးထားသည်။ သူတို့ Website တွင် အွန်လိုင်းပေါ်မှ လျှော့ဈေးနှင့်ရနိုင်သည့် ကုန်ပစ္စည်းများ၏ Voucher Code များကို တင်ပေးထားသည်။

သူတို့၏ ကြိုးစားမှုကြောင့်ဆိုရမည် ဗြိတိန်နိုင်ငံ၏ ဩဇာအရှိဆုံး လုပ်ငန်းစတင်သူ ၂၀ စာရင်းတွင် အသိအမှတ်ပြုခြင်းကို စတင်ရရှိခဲ့သည်။ ဘင်နှင့်ဂျွန်နီတို့သည် ယခုအခါ သူတို့လုပ်ငန်းကို စတာလင်ပေါင် ၁ သိန်း ရင်းနှီးမြှုပ်နှံနိုင်ခဲ့ပြီဖြစ်သည်။ သူတို့က အွန်လိုင်းပေါ်တွင် ဈေးဝယ်လိုသူများကို အထောက်အကူပြုပေးနေသောကြောင့် လူတွေက စိတ်ဝင်စားခဲ့ကြသည်။

Pouch သည် ယခုအခါ ဗြိတိန်ရှိ လက်လီအရောင်းဆိုင် ၃၀၀၀ မှ ဝယ်ယူရရှိနိုင်သည့် ပစ္စည်းစာရင်းများကို ထုတ်ပြန်ပေးနေသည်။ သူတို့ Website ကို ကြည့်သူများသလို အရောင်းဆိုင်တွေကလည်း တောက်လျှောက် သူတို့ပစ္စည်းများကို ကြော်ငြာပေးရန် ဆက်သွယ်လာသည်အထိ အောင်မြင်မှုများရလာသည်။

ဘင်ကော်ရီဂန်သည် အသက် ၁၄ နှစ်သားကတည်းက eBay ပေါ်တွင် e-Books များကိုရောင်းပြီး ဝင်ငွေရှာခဲ့သူဖြစ်သောကြောင့် e-Commerce လုပ်ငန်းနှင့်မစိမ်းသူဟု ဆိုရမည်။ အသက် ၁၈ နှစ်သားတွင် သူ့ကိုယ်ပိုင် Bid2Eat ဆိုသည့် ကုမ္ပဏီကို စတင်ထူထောင်နိုင်ခဲ့သည်။ 

ဂျွန်နီပလိန်းကလည်း ၁၈ နှစ်သားကတည်းက လုပ်ငန်းစနေသူဖြစ်သည်။ သူနှင့်ဘင်တို့ Pouch ကို ပူးပေါင်းပြီး ထူထောင်လိုက်ရာ အောင်မြင်သွားသည်။ သူတို့ကနည်းပညာနှင့် ပတ်သက်သည့် ပစ္စည်းများကို အွန်လိုင်းပေါ်တွင် ဝယ်ယူရရှိနိုင်ရေးကို စတင်အကျိုးဆောင်ပေးရင်းက အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် သူတို့ Website ကို ဝင်ကြည့်သူများနှင့် အကျိုးဆောင်ခအဖြစ် စတာလင်ပေါင် ၇၅၀,၀၀၀ ခန့်ရရှိခဲ့သည်။ သူတို့လူငယ်နှစ်ယောက်၏ အောင်မြင်မှုက ရပ်နေမည်မဟုတ်။ လမ်းစပေါ်သွားပြီ ဖြစ်သဖြင့် သူတို့ဆက်လျှောက်မည်မှာ သေချာသည်။              

E-01