News

POST TYPE

YOUTH

လူငယ်နှင့် အလုပ်အမြင်
13-Jan-2018 tagged as


အလုပ်တိုင်းကို လူငယ်တို့အနေနှင့် အမြင်သုံးရပ်ဖြင့် ရှုမြင်သုံးသပ်သင့်ပါသည်။

ပထမအလုပ်မှာ (တွေးအလုပ်) ဖြစ်သည်။ ဘာလုပ်ရမည်ကို ဦးစွာတွေးတောခြင်းကို ဆိုလိုသည်။

ဒုတိယအလုပ်မှာ (သင့်အလုပ်) ဖြစ်သည်။ ဘာ လုပ်သင့်သည်ကို ဆုံးဖြတ်ရန်ဖြစ်သည်။

တတိယအလုပ်မှာ (တကယ့်အလုပ်) ဖြစ်သည်။ ဘယ်အလုပ်ကိုလုပ်မည်ဟု ဆုံးဖြတ်ပြီးသည်ကို ဖြစ်အောင်လုပ်ခြင်းဖြစ်သည်။ ပထမတွေးမည်၊ ဒုတိယဆုံးဖြတ်မည်။ တတိယဖြစ်အောင်လုပ်မည်။ ထိုသုံးချက်မှာ လူငယ်တို့ အလုပ်အပေါ် ထားသင့်သည့် အလုပ်အမြင် ဖြစ်ပါသည်။

အလုပ်တိုင်းကို လုပ်သင့်မလုပ်သင့် တွေးဆနိုင်စွမ်း ရှိရမည်။ အတွေးနောက်တွင် အလုပ်ကို တကယ်လုပ်မည့် စိတ်ပါရမည်ကို ဆိုလိုသည်။ တွေးပြီးရင်းတွေး၊ မဆုံးဖြတ်နိုင်သေးသောကြောင့် မလုပ်ဖြစ်သေးဟုဆိုကာ အချိန်ကြာမြင့်စွာထိုင်ကာ အချိန်မဖြုန်းသင့်ပါ။ အချို့အလုပ်များမှာ အခွင့်အရေးကို နှစ်ကြိမ်မရနိုင်သောကြောင့် ဖြစ်သည်။

ပထမဆုံး ဘာလုပ်ချင်သနည်း။ လုပ်ချင်သည့် အလုပ်များအားလုံးကို စာရွက်တစ်ရွက်ပေါ်တွင် ချရေးထားလိုက်ပါ။ တစ်ခုပြီးတစ်ခု အသေးစိတ် မှတ်ချက်များကို ချရေးလိုက်ခြင်းဖြင့် အလုပ်တိုင်းကို မည်သည့်အလုပ်အား ဦးစားပေးသင့်ကြောင်း ပေါ်လွင်လာနိုင်ပါသည်။ 

အဆင်မပြေသည့်၊ မိမိနှင့်မသင့်ဟုထင်သည့် အလုပ်များကို တစ်ခုပြီးတစ်ခု ပယ်လိုက်ပါ။ အားလုံးကို မလိုအပ်ပါ။ အလိုအပ်ဆုံး၊ အလုပ်ချင်ဆုံး၊ အလုပ်သင့်ဆုံးအလုပ်ကို နောက်ဆုံးကျန်သည်အထိ တစ်ခုပြီးတစ်ခု ဖြစ်နိုင်သည့် အနေအထားများနှင့်ဆက်စပ်ပြီး ရွေးလိုက်ပါ။ ဖြစ်ချင်သည်ထက်၊ ဖြစ်သင့်သည်ကို ဦးစားပေး ရွေးချယ်လိုက်ပါ။

နောက်ဆုံးအနေနှင့် ကျန်သည့်အလုပ်ကို မည်မျှအထိ လုပ်နိုင်မည်နည်းဆိုသည့် အတိုင်းအတာအထိ ရွေးချယ်ကြည့်လိုက်ပါ။ ငါ့ဘဝအတွက် ထိုအလုပ်သည် မည်မျှအထိလုပ်ကိုင်ရန် သင့်လျော်မည်နည်းဟု တွေးကြည့်ထားပါ။ တစ်သက်လုံးလား၊ တစ်နှစ်လား၊ တစ်လလား ကြိုတင်တွေးဆထားသင့်ပါသည်။ 

လူငယ်တို့အနေနှင့် စိတ်ကူးရသည့် အလုပ်များကို လျှောက်လုပ်နေကြသည်က များသည်။ ကိုယ့်ဝါသနာနှင့် ကိုယ့်ပညာ ဘဝတက်လမ်းကို မကြည့်။ ငွေရလျှင်ပြီးရောဆိုသည့် သဘောဖြင့် ရရာအလုပ်ကို ဝင်လုပ်နေရမှုများ ရှိနေပါသည်။ လုပ်ချင်တာနှင့် လုပ်နေရသည်မှာ သီးခြားဖြစ်နေသောကြောင့် စိတ်ပါလည်း လုပ်၊ စိတ်မပါလည်း လုပ်ဖြစ်နေသည်။ ရလဒ်မှာ အဘယ်နည်း။ စိတ်မပါဘဲ လုပ်နေရသောကြောင့် ဝတ်ကျေတမ်းကျေ ဖြစ်လာသည်။ အလုပ်ကို လစာရပြီးရော သဘောဖြင့် လုပ်နေသောကြောင့် ကိုယ့်အတွက်လည်း အကျိုးမရှိ၊ အလုပ်အတွက်လည်း မတိုးတက်၊ အလုပ်ရှင်အတွက်လည်း အကျိုးမဲ့ဖြစ်နေကြရသည်က များသည်။

အလုပ်ဆိုသည်မှာ သင်ယူမှုရှိနေရမည် ဖြစ်သည်။ မည်မျှသင်ယူရမည်နည်း။ ထာဝရသင်ယူရမည်ဖြစ်သည်။ ထာဝရသင်ယူပြီး ဆန်းသစ်တီထွင်နိုင်မှ အလုပ်လည်းအောင်မြင်၊ ကိုယ်လည်း ပျော်ရွှင်နိုင်သည်။ သို့မဟုတ် တာဝန်တစ်ခုလို ဖိစီးပြီး ရုန်းနေရသောကြောင့် လေးလံနေပေလိမ့်မည်။

အလုပ်ဆိုသည်မှာ မိမိ၏ အရိပ်အာဝါသတစ်ခု ဖြစ်သည်။ အရိပ်ခိုပြီး အခက်မချိုးမိရန်လိုသည်။ အရိပ်ကောင်း တစ်ခုအောက်သို့ ရောက်နေလျှင်လည်း သစ်တစ်ပင်ကောင်း၍ ငှက်တစ်သောင်း နားနေနိုင်သည်ဆိုသော ကျေးဇူးကို ထောက်ထားရန်လိုသည်။

အလုပ်ထဲတွင် မိမိသည် ခွေးသွားစိပ်ကြီးတစ်ခု ဖြစ်သည်။ မိမိက ခွေးသွားစိပ်အများကြီးထဲက တစ်ခုအနေနှင့် ပါဝင်လှည့်ပတ်လှုပ်ရှားနေရသည်ဟု မှတ်ယူစေလိုပါသည်။ ကိုယ်ကျရာကဏ္ဍက တက်ကြွစွာ ပါဝင်လှုပ်ရှားလည်းရသည်။ မျောပါလိုက်နေလည်းရသည်။ လုပ်ငန်းကြီးကတော့ လည်ပတ်နေမည်သာ ဖြစ်သည်။ သို့သော် အားလုံးက ကိုယ်ကျသည့် အခန်းကဏ္ဍတွင် ပါဝင်လိုက်လျှင် သက်သာစွာဖြင့် ပြီးမြောက်နိုင်သည်။ မရုန်းချင်သူတွေက ဖယ်ခွာထွက်နေလျှင် ကြာသော် ပဲ့သွားမည်သာဖြစ်သည်။ ပဲ့သွားလျှင် ရပ်သွားမည်။ ရပ်သွားလျှင် အားလုံးနစ်နာသည်သာ ဖြစ်သည်။

လူငယ်လေးတစ်ယောက်ကို တွေ့ဖူးပါသည်။ စုပေါင်းပြီး အားလုံးလုပ်ဆောင်နေမှ အောင်မြင်နိုင်သည့် လုပ်ငန်းကြီးတစ်ခုတွင် သူဝင်လုပ်နေသည်။ တစ်နှစ်တွင် ဝန်ထမ်းတစ်ယောက်ကို ခံစားခွင့် ၁၀ ရက်ပေးသည်။ ထိုလုပ်ငန်းတွင် အားကြိုးမာန်တက်ဖြင့် ငါမရှိလျှင် မဖြစ်ဆိုကာ လုပ်နေကြသူတွေ အများကြီးထဲက ထိုလူငယ်သည် နှစ်ကုန်ခါနီးတွင် ခွင့် ၁၀ ရက်တင်သည်။ အကြောင်းပြချက်တစ်ခု ပေးထားသည်။

နှစ်ဆုံးခါနီးတွင် ခွင့်စေ့သဖြင့် အလုပ်ပြန်ဝင်လာသည်။ သူ့ကို ဘယ်မှလည်းမသွား တွေ့နေသည်သာဖြစ်သဖြင့် အလုပ်ကနားပြီး ဘာလုပ်နေသနည်းဟု မေးကြည့်မိသည်။ သူ့အဖြေက ရှင်းသည်။ ရပိုင်ခွင့်ကို အပြည့်ယူပြီး အိမ်တွင် အိပ်နေသည်ဟူ၏။

သူနားလိုက်သောကြောင့် အခြား သူ့လုပ်ဖော်ကိုင်ဖက်တွေက နာရီတွေ ပိုလုပ်ရသည်။ ညဥ့်နက်ကုန်သည်။ သူ့နေရာတွင်ဝင်ပြီး အလှည့်ကျအစားထိုးကာ ဝိုင်းကူပေးရသည်။ အားလုံးက ပိုလုပ်ပြီး ယန္တရားကြီးတစ်ခုကို လည်ပတ်နိုင်အောင် ကြိုးပမ်းနေချိန်တွင် ရပိုင်ခွင့်တစ်ခုကို အကြောင်းပြုပြီး မရ၊ ရအောင်နားသည့် စိတ်ဓာတ်မျိုးသည် မည်သို့သော စိတ်ဓာတ်မျိုးဖြစ်ကြောင်း အထူးပြောစရာမလိုပေ။

အချို့သောသူများသည် အရိပ်ခိုပြီး အခက်မချိုးဟု မိမိကိုယ်မိမိ ထင်ကောင်းထင်နိုင်ပါသည်။ သို့သော် အခက်မချိုးဘဲ အပင်ကို ဓားနှင့်ခုတ်နေမှန်း သိချင်မှ သိကြသည်။ စိတ်ဓာတ်တွေ ပြုပြင်ရမည့်ထဲတွင် အလုပ်ကို မလုပ်မီကတည်းက တွေးထားသင့်သော (တွေးအလုပ်) ဖြစ်သည်။ 

E-01

  • TAGS