News

POST TYPE

YOUTH

အောင်မြင်တဲ့ကလေး ပြုစုမွေးရအောင်
05-Jan-2018 tagged as ကလေးငယ်


ချီးမွမ်းပေးပါ

ကလေးဆိုတာ အားပေးဖို့လိုတယ်။ လေးဖက်သွားတဲ့အရွယ်၊ မတ်တတ်ရပ်တဲ့အရွယ် ဘောလုံးပဲပစ်ပစ်၊ မြေပေါ်မှာ စက်ဝိုင်းလေးတစ်ဝိုင်းပဲ ရေးရေး “တော်လိုက်တာ”ဆိုတဲ့ စကားလေးဟာ သူတို့အတွက် အားဆေးလေးပဲ။ သူတို့ကို အားပေးကြည့်လိုက် မဖြစ်နိုင်ဘူး၊ မလုပ်နိုင်တော့ဘူးလို့ ထင်တာတွေဟာ အလိုလို ပြီးသွားတာ တွေ့ရလိမ့်မယ်။

ကလေးကို ချီးမွမ်းတာလည်း မဆိုင်ဘဲ ချီးမွမ်းတာတွေမဖြစ်အောင် လူကြီးက ဂရုစိုက်ရတယ်။ ချွတ်ထားတဲ့အဝတ်ကို ခြင်းထဲသွားထည့်တာမျိုးကို “တော်လိုက်တာ”လို့ ချီးကျူးမယ့်အစား “ကျေးဇူးပဲ”ဆိုတဲ့ စကားလုံးလောက် သုံးရင်ရပြီ။ ဘာကြောင့်လဲဆိုတော့ ဒါက မိခင်ကို အကူအညီပေးတဲ့ သဘောဆိုတာ နားလည်စေချင်လို့ပါ။ ကလေးက ပုံဆွဲတာတော်တယ်။ ပုံကလည်း အရမ်းကောင်းနေတယ်။ “တော်လိုက်တာ” လို့ ပြောသင့်သလို ““သားရေ ပန်းရောင်အစား အနီ ရောင်လေး ခြယ်ကြည့်ပါလား”လို့လည်း ပြောပေးကြည့်သင့်တယ်။

မကယ်တင်ပါနဲ့

ဒီစကားက ရက်စက်ရာ ရောက်တယ်။ ကလေးဆိုတာ မိဘက အကာအကွယ်ပေးရမှာ မှန်ပေမယ့် နေရာတကာ လိုက်ပြီးတော့ “မသွားနဲ့”၊ “မလုပ်နဲ့”၊ “မစားနဲ့”၊ “မကိုင်နဲ့” ဆိုပြီးတော့ လိုက်တားမြစ်နေဖို့တော့ မဟုတ်ဘူး။ သာမန်လောက် လဲကျတာကို ကိုယ်က သည်းသည်းလှုပ်ပြနေဖို့ မဟုတ်ဘူး။ “လာ ဒီကိုလာ ဖေဖေ ထူပေးမယ်” ဆိုတာလောက်တော့ ပြောကြည့်သင့်တယ်။

ကလေးကို ဆုံးရှုံးတတ်တယ်ဆိုတဲ့ သဘောတရားတွေကို အတွေ့အကြုံရအောင် လုပ်ပေးစေချင်တယ်။ ဝမ်းနည်းမှုတွေ၊ စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်လာနိုင်တာ ကလေးသဘာဝပဲ။ ဝမ်းနည်းလို့ ကြောက်လို့ ငိုလည်းငိုပါစေ။ အန္တရာယ်ဆိုတာ လူကြီးက လိုက်လုပ်ပေးနေလို့ ဘေးကင်းနေတာထက် သူတို့ကိုယ်တိုင် ရှောင်ဖယ်သွားနိုင်အောင် လုပ်ပေးသင့်တယ်။ နေရာတကာ မိဘက လိုက်လုပ်မပေးဘူးဆိုတဲ့ အသိက သူတို့ဘာသာသူတို့ အားထုတ်ရမယ်ဆိုတာမျိုးကို ဖြစ်လာလိမ့်မယ်။

ကိုယ်ပိုင်ဆုံးဖြတ်ပါစေ

ကလေးတွေကို သူတို့ကိုယ်ပိုင် ဆုံးဖြတ်မှုလေးတွေနဲ့ တွေးဆပြီး တီထွင်လုပ်ဆောင်ဖို့ အခွင့်အရေး ပေးသင့်တယ်။ ကလေးဆိုတာ ပြေးချင်တယ်။ ခုန်ချင်တယ်။ အဲဒါကို မပြေးနဲ့၊ မခုန်နဲ့ လုပ်လိုက်ရင် သူတို့ စိတ်ရှုပ်တတ်တယ်။ ဒါကြောင့် ဘေးဖြစ်မှာ လုပ်တော့မယ်ဆိုရင်တောင် သူတို့ကို ရွေးချယ်ခွင့်ပေးရမယ်။ ဥပမာ - သုံးနှစ်သား သားငယ်ကို နေ့လယ်စာ ကျွေးမယ်ဆိုပါတော့။ ကိုယ်ကြိုက်တာချည်း မဖြစ်အောင် သူကြိုက်တာ သူ စားနိုင်အောင် အစားအစာဆိုရင်လည်း သုံးမျိုးလောက် ရွေးချယ်ဖို့ အခွင့်ပေးထားမယ်။ ၈ နှစ်သမီးလောက်ဆိုရင်လည်း ငါဝတ်ခိုင်းတာ ဝတ်ဆိုတာထက် သမီးရေ ဒီသုံးစုံထဲက ကြိုက်တာ ရွေးဆိုတာလေးနဲ့ လေ့ကျင့်ပေးသင့်တယ်။

ရေတစ်ဝက်ကြီးများတောင်ဆိုတဲ့ အတွေးမျိုးကို ခံယူတတ်ပါစေ

ကလေးဆိုတာမျိုးက ရှုံးရင် စိတ်ပျက်တတ်တယ်။ သူတို့ကို ဆုံးရှုံးမှုတစ်ခုခုဆိုတာ ရှိနိုင်တယ်၊ အကောင်းမြင်ပေးဖို့ လိုတယ်ဆိုတာကို လေ့ကျင့်ပေးနိုင်တယ်။ ခဲတံက ထက်ပိုင်းကျိုးသွားလို့ ငိုလာတဲ့ကလေးကို “သမီးလေး နှစ်ပိုင်းကျိုးသွားတော့ နှစ်ချောင်း ဖြစ်သွားတာပေါ့” ဆိုတာမျိုးနဲ့ ဖြေသိမ့်ပေးနိုင်အောင် ကြိုးစားရမယ်။ စိတ်အားငယ်နေတဲ့ကလေးကို ရိုက်မောင်းပုတ် မောင်းလုပ်ပြီး ဆုံးမတာထက် “ဘာဖြစ်သေးလဲ နောက်ထပ် ကြိုးစားလို့ရတာပဲ”၊ “ဒါ စိတ်ဓာတ်ကျစရာ မဟုတ်ဘူး ထပ်ကြိုးစားရမှာ” ဆိုတာမျိုးတွေကို ကလေး နားလည်အောင် ပြောဆို သုံးနှုန်းသင့်ပါတယ်။

သူတို့စိတ်ဝင်စားတာ နားလည်ပေးပါ

ကလေးဆိုတာ စိတ်ကစားတတ်တယ်။ သူ့စိတ်ထဲမှာ မြင်မြင်သမျှကိုလည်း စိတ်ဝင်စားနိုင်တယ်။ ပန်းချီဆွဲဖို့ စိတ်ဝင်စားနေတဲ့ကလေးကို ဘောလုံး အတင်းမကန်ခိုင်းပါနဲ့။ သူတို့ဘာကို စိတ်အား အထက်သန်ဆုံးလဲဆိုတာ စောင့်ကြည့် အကဲခတ်ပြီး မြေတောင်မြှောက်ပေးထားနိုင်ရင် ကျောင်းသွားတဲ့အခါ အများကြီး အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ သူတို့ ဝါသနာမပါဘဲ ကိုယ်ဝါသနာ ပါတာနဲ့ အတင်း မြေတောင် မြှောက်ပေးတာ ခံရတဲ့ကလေးဟာ ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်မှာ စိုးရိမ်ရတယ်။

ပြဿနာကို ဖြေရှင်းနိုင်အောင် လမ်းကြောင်းပေးပါ

ကလေးဆိုတာ သူတို့ ဖြစ်ချင်တာတွေ လုပ်ချင်တာတွေကို လူကြီးတွေနဲ့ ညှိနှိုင်းရမယ်ဆိုတဲ့ အသိမျိုးတွေ ဖြစ်ပေါ်လာအောင် လုပ်ပေးသင့်တယ်။ ဥပမာ - ကလေးနဲ့ အတူကစားနေတဲ့ ကစားဖော်တစ်ယောက်က သူ့ကားလေးကို ယူသွားတယ်လို့ လာပြောမယ်။ ဒါကို အတင်း ပြန်လုခိုင်းမလား၊ လူကြီးက ရန်လိုက်တွေ့ပြီး ဆွဲလုလာမလား စဉ်းစားရမယ်။ လူကြီးက သွားပြန်လုခဲ့လို့ ခိုင်းတာထက် ကောင်းတဲ့အဖြေကို ရှာပြနိုင်ရမယ်။ လုသွားတဲ့ကလေးကို နောက်ထပ် တစ်ရုပ်ပေးပြီး စည်းရုံးမလား၊ သူတို့ကို အတူတူ ပြန်ခေါ်ပြီး နောက်ထပ် ကားတစ်စီး ထပ်ပေးပြီး ကစားခိုင်းမလား။ တစ်ခုခုကို လူကြီးက တွေးပေးရမယ်။ ဒါမှမဟုတ် သူ့ကို တစ်ယောက်တည်း ကစားနိုင်တဲ့ နည်းလမ်းတွေ ဖန်တီးပေးနိုင်ရမယ်။

သူတစ်ပါးကို ကူညီစေလို

ကလေးကို အိမ်မှာကတည်းက မိဘကို ကူညီတာမျိုးလေးတွေနဲ့ လေ့ကျင့်ပျိုးထောင်ပေးသင့်တယ်။ ပန်းကန်လေး မေမေ့ကို ယူပေးပါဦး။ ကျေးဇူးတင်လိုက်တာ သမီးလေး။ သားရေ ဖေဖေ့ကို သတင်းစာ သွားပေး စတဲ့ ကူညီခိုင်းမှုလေးတွေနဲ့ သူတို့ကို စသင်ထားသင့်တယ်။ ကျောင်းသွားတက်ရင်လည်း သူတို့ ကူညီနိုင်သမျှ ကူညီနိုင်အောင် ဖော်ဆောင်ပေးသင့်တယ်။ ကျောင်းကို ပန်းတွေ ယူသွားပေးပါလား။ ဟိုမှာ သူငယ်ချင်းကို သွားကူလိုက်ဦး စတဲ့ ဖော်ဆောင်ခိုင်းတာလေးတွေက သူတို့ရဲ့ ပရဟိတ စိတ်တွေကို နှိုးဆွပေးရာ ရောက်စေနိုင်ပါတယ်။

သူတို့နဲ့ အချိန်များများ နေနိုင်အောင် ကြိုးစားပေးပါ

ကလေးဆိုတာ မိဘက ခင်တွယ်စရာ မှီတွယ်စရာ မကောင်းရင် သူငယ်ချင်း အပေါင်းအသင်းအပေါ်မှာ မှီခို တွယ်တာ အားထားသွားတတ်တယ်။ ကျောင်းကို မပို့မီစပ်ကြားမှာ လက်ဦးဆရာဆိုတာ မိဘက ပိုအရေး ကြီးပါတယ်။ မေတ္တာနဲ့ နွေးထွေးမှုတွေဟာ သူတို့ဘဝ အတွက် ထာဝရလုံခြုံစေပါလိမ့်မယ်။ ကလေးတွေကို အိမ်ဖော်တွေ၊ ဦးလေးတွေ၊ အဒေါ်တွေနဲ့ ပစ်ထားတာ ထက်၊ မိဘကိုယ်တိုင် ရင်ခွင်ပိုက်ကြီးထွားစေတာ ကွာခြား မှုတွေ အများကြီး ရှိနိုင်ပါတယ်။ ကလေးဆိုတာ သူတို့ မိဘတွေလောက် ဘယ်သူ့ကိုမှ အထင်ကြီး လေးစားလောက်စရာတွေလို့ မမြင်တတ်ပါဘူး။ မိဘတွေက သူတို့အတွက် နေရာမပေးနိုင်ရင်တော့ မပြောတတ်ဘူးပေါ့။

စိတ်ကူးတွေ ယဉ်စမ်းပါစေ

ကလေးဆိုတာ စိတ်ကူးတွေ ယဉ်ပြီးတော့ ကြီးပြင်းလာကြရတယ်။ ဆရာဝန်ကြီး ဖြစ်ရမယ်၊ စစ်ဗိုလ်ကြီး ဖြစ်ရမယ်၊ အင်ဂျင်နီယာကြီး ဖြစ်ရမယ်လို့ လိုက်ပြီးတော့ လမ်းကြောင်းပေးနေစရာ မလိုပါဘူး။ သူတို့ အဆိုကျော်ကြီးလည်း ဖြစ်နိုင်တာပဲ။ အာကာသ သူရဲကောင်းကြီးလည်း ဖြစ်နိုင်တာပဲ။ သူတို့ကို ပုံစံခွက်ထဲ မထည့်လိုက်ပါနဲ့။ သူတို့ ဖြစ်ချင်တာတွေကို လွတ်လပ်စွာ ဖြစ်ခွင့်ပေးဖို့ သဘောထားကြီး ပေးစေချင်ပါတယ်။ ကလေးတိုင်းမှာ အိပ်မက်လေးတွေ ရှိတတ်ပါတယ်။ သူတို့အိပ်မက်ကို အတင်းလိုက်ပြီး နှိုးဖို့ မကြိုးစားပါနဲ့။

Myanmar EDUCO
(Ref : Secrets of Confident Kids, Alina Tugend)