News

POST TYPE

YOUTH

အင်္ဂလိပ်စာလေ့လာလိုသည့် လူငယ်များအတွက် လမ်းညွှန်ချက်
03-Dec-2017 tagged as


၁။ အမှားလုပ်မိမှာ မကြောက်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ရှိပါ။ အမှားလုပ်မိရင် ပြင်ပေးမယ့်သူတွေရှိပါတယ်။ ပြင်ပေးရင် လက်ခံတတ်တဲ့ စိတ်ရှိဖို့လိုတယ်။

၂။ အင်္ဂလိပ်စာလေ့လာချင်ရင် ကိုယ့်ပတ်ဝန်းကျင်မှာ အင်္ဂလိပ်စာအုပ်လေးတွေတော့ အနည်းဆုံးရှိစေချင်တယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အင်္ဂလိပ်စကားပြောနိုင်တဲ့သူတွေရှိရင် ပိုကောင်းတယ်။ အပြန်အလှန် ပြောဆိုရင်ပိုပြီးတော့ တတ်မြန်တယ်။ 

၃။ နေ့တိုင်းလေ့ကျင့်ပါ။ ဘယ်လိုလေ့လာမယ်ဆိုတဲ့ အစီအစဉ်တွေဆွဲထားပါ။ တစ်ပတ်ကို ဘယ်နှရက်၊ တစ်နေ့ကို ဘယ်နှနာရီ စသည်ဖြင့် အစီအစဉ်ချထားပြီး ကိုယ်ဆွဲထားတဲ့ အစီအစဉ်အတိုင်း လိုက်နာနိုင်အောင် ကြိုးစားပါ။ 

၎။ ကိုယ့်မိသားစုကိုလည်း ဘယ်အချိန်က ဘယ်အချိန်အထိ အင်္ဂလိပ်စာလေ့လာဖို့ လုပ်ထားကြောင်း ပြောပြထားပါ။ ဒါမှ သူတို့လည်း ကိုယ့်ကို အနှောင့်အယှက်မပြုနိုင်မှာပါ။

၅။ အင်္ဂလိပ်စာကို လေ့လာရင် (Reading , Writing, Speaking, Listening) လို့ခေါ်တဲ့ အဖတ်၊ အရေး၊ အပြော၊ နားထောင်စွမ်းရည် ၄ မျိုး စလုံးကို လေ့ကျင့်နိုင်အောင် ကြိုးစားပါ။ အပြောသက်သက်ပဲ လေ့လာမယ် မလုပ်သင့်ပါ။ အားလုံး အရေးကြီးပါတယ်။

၆။ စာလုံးသစ်၊ စကားလုံးသစ်တွေ့ရင် ချရေးထားဖို့ မှတ်စုစာအုပ်လေးလုပ်ထားပြီး ချရေးလိုက်ပါ။ ရှာဖွေပြီး သိအောင်လုပ်လိုက်ပါ၊ အကြိမ်ကြိမ်မှတ်သားရင် ပိုပြီးမှတ်မိသွားနိုင်ပါတယ်။

၇။ အင်တာနက်ပေါ်မှာ အင်္ဂလိပ်စာကို အခမဲ့လေ့လာနိုင်တဲ့ Website တွေ အများကြီးရှိပါတယ်။ အင်တာနက်သုံးပါ။ အင်္ဂလိပ်စာလေ့လာရေး Website တစ်ခုခုမှာ သင်ခန်းစာတွေကိုလည်း သွားပြီး လေ့ကျင့်နိုင်ပါတယ်။

၈။ ဝေါဟာရတွေကို လေ့လာဖို့ကတော့ မှတ်မိအောင် ကျက်နိုင်ရင်လည်း အထောက်အကူဖြစ်ပါတယ်။ ဒါက သိပ်တော့မထိရောက်ဘူး။ သူ့နေရာနဲ့ သူ့အသုံးအဓိပ္ပာယ်တွေရှိတာကြောင့် စာကြောင်းတွေ၊ အသုံးတွေနဲ့ တွဲဖက်လေ့လာတာ ပိုကောင်းတယ်။

၉။ ကိုယ်ဘယ်အချိန်မှာ ပိုပြီးလေ့လာနိုင်သလဲ ဆုံးဖြတ်ထားပါ။ မနက်ပိုင်းလား၊ ညဘက်လား။ ဒါကို Body Clock တစ်ခုအနေနဲ့ သဘောထားပြီး အတိအကျ လိုက်နာနိုင်အောင် ကြိုးစားပါ။

၁၀။ စာကျက်တာကို အသားကျနေတဲ့သူတွေကို အလွတ်ကျက်နိုင်ရင် အင်္ဂလိပ်စာတတ်မယ်လို့ ထင်ရင်မှားတယ်။ အင်္ဂလိပ်စာမှာ လေ့ကျင့်နိုင်စွမ်းနဲ့ ဖတ်နိုင်စွမ်းက အရေးကြီးတယ်။ များများလေ့ကျင့်၊ များများဖတ်မှ တိုးတက်ပါတယ်။

၁၁။ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်တိုးတက်နေပြီလဲဆိုတာ စစ်ဆေးသင့်တယ်။ ဒါကြောင့် စကားပြောဖော်လိုတယ်။ လေ့ကျင့်ဘက်လိုတယ်။ ဘယ်သူမှမရှိရင် အင်တာနက်ရှိတယ်။

၁၂။ ဘာမှမရှိရင် အလွယ်လေးပါ။ အိမ်မှာ မှန်တစ်ချပ်ရှိတယ်ဆိုရင် လုံလောက်ပါတယ်။ မှန်ထဲက တစ်ယောက်ဟာ နောက်တစ်ယောက်လို့ သဘောထားပြီး ပြောကြည့်ပေါ့။

၁၃။ အင်္ဂလိပ်စာလေ့လာတာ ရေတိုမဟုတ်ပါ။ ရေရှည်စီမံကိန်းနဲ့ လုပ်ရမှာလို့ စိတ်ထဲမှာခံယူထားပါ။

၁၄။ ရေတိုလိုချင်ရင်တော့ သင်တန်းသွားတက်ပါ။ အမြန်တတ်ဖို့ မတတ်ဖို့ဆိုတာ ကိုယ်ဘယ်လောက် လိုချင်မှုရှိတယ်ဆိုတဲ့အပေါ်မှာ မူတည်နေတယ်ဆိုတာ တွေ့ရမှာပါ။

၁၅။ အင်္ဂလိပ်စာလေ့လာချင်၊ တတ်ချင်တယ်၊ ပါးစပ်နဲ့ ပြောနေလို့မရပါ။ လက်တွေ့လေ့လာ၊ လေ့လာနိုင်တဲ့အနေအထားကိုဖန်တီး၊ လေ့လာနိုင်တဲ့ ဝန်းကျင်ကိုတည်ဆောက် တကောက်ကောက် ဘယ်လောက်လုပ်နိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်နေတယ်ဆိုတာလည်း သတိပြုပါ။

၁၆။ ဘယ်လို လေ့လာရင်ကောင်းမလဲ၊ ဘယ်နည်းက ကိုယ့်အတွက် အဆင်အပြေဆုံးဖြစ်မလဲ၊ ဘာနည်းတွေနဲ့ လက်တွေ့စမ်းသပ်ခဲ့မိသလဲ။ ကိုယ်နဲ့အဆင် အပြေဆုံးကို ပထမဆုံးလုပ်ဖို့ စီစဉ်လိုက်ပါ။

၁၇။ ဘယ်လိုလေ့လာမှုကစမလဲ။ အလွတ် ကျက်၊ ဖတ်၊ ပြော၊ မှတ်စုထုတ် အခြားတစ်နည်းနည်း ကြိုက်တာကိုစလုပ်မယ်။ တစ်ယောက်တည်း တိတ်ဆိတ်စွာ လုပ်နိုင်သလို အဖွဲ့နဲ့လည်း ပူးပေါင်းလုပ်နိုင်တယ်။

၁၈။ အကူအညီလိုရင် ယူဖို့မရှက်နဲ့။ နားမလည်ရင် မေး။ ကိုယ်မေးတဲ့သူကလည်း သိတဲ့၊ တတ်တဲ့သူ ဖြစ်ဖို့လိုတယ်။ ဆရာ၊ သူငယ်ချင်း၊ တစ်ဦးဦးမေးဖို့ ဝန်မလေးပါနဲ့။

၁၉။ ထပ်ကာ ထပ်ကာ အကြိမ်ကြိမ်ဖတ်။ ကိုယ်တစ်ချိန်က ဖတ်ခဲ့တာကို ပြန်ဖတ်။ ဘယ်လောက် နားလည်မှု ပြောင်းလဲသွားသလဲ ကောင်းကောင်းသိနိုင်တယ်။

၂၀။ တစ်ကြိမ်လေ့လာချိန် မိနစ် ၃၀ ထက် မပိုသင့်ပါဘူး။ ပုံမှန်လေ့လာ၊ ပုံမှန်အနားပေး၊ လေကောင်းလေသန့်ထွက်ရှူ၊ ခြေဆန့်လက်ဆန့်လုပ်ပေး၊ လေ့လာမှုတစ်ခုဟာ စိတ်ပျက်စရာကောင်းလောက်အောင် ဖြစ်မသွားသင့်ဘူး။

၂၁။ အဆင့်တစ်ဆင့်ကနေ အဆင့်တစ်ဆင့်ကို တက်ဖို့ဆိုတာ အလောတကြီး လုပ်စရာမလိုဘူး။ ကိုယ်ဘယ်အဆင့်လောက်ရှိနေတယ်ဆိုတာ ကိုယ်သိရမယ်။ သာမန်လောက်ကို သိအောင်ဖတ်နေရာက ကျမ်းကြီးတွေ သွားကိုင်ပြီး မသိရကောင်းလားဆိုကာ စိတ်ပျက်စရာမလိုပါ။

၂၂။ မြန်မာစာတန်းထိုး DVD တွေကိုကြည့်မယ့်အစား၊ အင်္ဂလိပ်စာတန်းထိုး ရုပ်ရှင်တွေကိုပဲကြည့်ပါ။ DVD ထက် TV က အင်္ဂလိပ်ပိုင်းအစီအစဉ်တွေကို တိုက်ရိုက်ကြည့်ပြီး နားထောင်နိုင်အောင် ကြိုးစားသင့်ပါတယ်။ 

၂၃။ TV ကိုကြည့်ရင် ပထမဆုံး အကြားစွမ်းရည်နဲ့ နားထောင်နိုင်စွမ်းတွေ သိသိသာသာတိုးတက် လာနိုင်ပါတယ်။ အဆင့်မြင့်ကိုရောက်နေပြီလို့ ကိုယ့်ကိုယ်ကိုယ်ထင်ရင် TV အင်္ဂလိပ်ပိုင်း အစီအစဉ်တွေနဲ့ စတင်သင့်ပါတယ်။ အင်္ဂလိပ်စာလေ့လာဖို့ အကောင်းဆုံး အစီအစဉ်တစ်ခုလို့ မှတ်ယူထားသင့်ပါတယ်။

၂၄။ ကိုယ်ဖတ်နိုင်တဲ့ အင်္ဂလိပ်စာအဆင့် စာအုပ်တွေကို အရင်ဆုံး ဦးစားပေးဖတ်သင့်တယ်။ အင်္ဂလိပ်စာ စတင်လေ့လာသူတွေအဖို့  သူ့အဆင့် (Level) အလိုက် စီစဉ်ရေးသားထားတဲ့ စာအုပ်လေးတွေရှိတယ်။ ဝတ္ထု ဖတ်ရင်လည်း (Level) အလိုက် စာလုံးတွေ သုံးနှုန်းထားတဲ့ စာအုပ်တွေရှိတယ်။ ကိုယ်ဖတ်နိုင်တဲ့အဆင့် တစ်အုပ်လုံး ဖတ်ကြည့်ပါ။ စိတ်ကျေနပ် နှစ်သက်အားရ သွားပါလိမ့်မယ်။

၂၅။ ကလေးစာအုပ်တွေဟာ (Level) အဆင့်ကို လျှော့ချထားတာကြောင့် စတင်လေ့လာသူတွေအနေနဲ့ အစောဆုံးဖတ်သင့်တဲ့ ဖတ်စာလို့ ပြောနိုင်ပါတယ်။

၂၆။ သတင်းစာကိုလည်း ဖတ်ရှုလေ့လာသင့်ပါတယ်။ အင်္ဂလိပ်သတင်းစာတွေမှာ အသုံးအရေးတွေဟာ အလွန်လေ့လာစရာကောင်းပါတယ်။ အင်္ဂလိပ်သတင်းအတိုင်း မြန်မာသတင်းတွေကလည်း ရေးထားတာကြောင့် အင်္ဂလိပ်သတင်းနဲ့ မြန်မာသတင်းစာတွေကို တွဲဖက်ပြီးတော့လည်း လေ့လာနိုင်ပါတယ်။

၂၇။ စာလုံးတစ်လုံးဟာ ဘာအဓိပ္ပာယ်နဲ့ သုံးထားတယ်ဆိုတာ ယေဘုယျလေ့လာပါ။ ပုံသေမမှတ်ထားပါနဲ့။ မမှတ်မိလည်း ကိစ္စမရှိပါ။ ဖတ်ရင်းမှတ်ရင်းနဲ့ အလိုလိုသိလာပါလိမ့်မယ်။

၂၈။ စာကြောင်းကိုဖတ်လို့ စာကြောင်းထဲမှာပါတဲ့ စာလုံးအဓိပ္ပာယ်ကိုမသိရင် စိတ်မပျက်သွားပါနဲ့။ နောက်တစ်ကြောင်း ရှေ့တစ်ကြောင်းကို ပြန်ဖတ်ကြည့်ပါ။ သဲလွန်စတွေ တွေ့နိုင်ပါတယ်။ ခန့်မှန်းကြည့်လို့လည်း ရပါတယ်။

၂၉။ ဘာဖြစ်ဖြစ် ကိုယ်သိချင်တဲ့ စာလုံးတစ်လုံးကို အဘိဓာန်မှာ သေသေချာချာရှာကြည့်သင့်တယ်။ အချို့သော Root Word လေးတွေဟာ မှန်းကြည့်တာနဲ့ အဓိပ္ပာယ်ပေါ်နေတတ်တယ်။ scrib=write ဆိုတာမျိုး၊ min=small ဆိုတာမျိုးတွေပေါ့။

၃၀။ စာလုံးသစ်တစ်လုံးကိုတွေ့ပြီဆိုရင် သူနဲ့ဆက်စပ်နေတဲ့အသုံးလေးတွေကို ချက်ချင်းသတိရအောင် တွေးကြည့်ပါ။ ဥပမာ- Beautiful (adjective)/, beauty (noun), beautifully (adverb) ဆိုတာမျိုးတွေပေါ့။

၃၁။ Prefixes (dis-, un-, re-) နဲ့ suffixes (-ly, -ment, -ful) သဘောတရားလေးတွေကိုလည်း လေ့လာထားသင့်ပါတယ်။ ဝေါဟာရတွေကို လေ့လာရာမှာ များစွာအထောက်အကူပြုနိုင်ပါတယ်။

၃၂။ အင်္ဂလိပ်စာဆိုတာ ဂျပန်နဲ့ပြင်သစ်စာတွေလို မဟုတ်ပါ။ လေယူလေသိမ်း အသံထွက်စနစ်တွေ၊ အတက်အကျသံတွေရှိပါတယ်။ စာလုံးတစ်လုံးတည်းကိုပဲ လေသံနဲ့အဆွဲပြောင်းရင် အဓိပ္ပာယ်လည်း ပြောင်းသွားတတ်တာတွေရှိပါတယ်။ လေ့လာကြည့်ပါ ပျော်စရာကောင်းပါတယ်။

၃၃။ ဘယ်နေရာရောက်ရောက် အင်္ဂလိပ်လိုပြောနိုင်အောင် လေ့ကျင့်ကြည့်ပါ။ တစ်ယောက်မှ မပြောရရင်လည်း ဒါကို အင်္ဂလိပ်လိုဆိုရင် ဒီလိုပြောလိုက်မယ်ဆိုပြီး စိတ်ကူးထဲက ပြောကြည့်လိုက်ပါ။ 

၃၄။ အင်္ဂလိပ်စာကို ကိုယ့်ဘာသာစကားနဲ့ဘာသာပြန်ပြီး မခံစားလိုက်ပါနဲ့။ သူ့စာကို သူ့အတိုင်းခံစားနိုင်အောင် ကြိုးစားကြည့်ပါ။ ကိုယ့်ဘာသာကိုယ် စိတ်ထဲက နားလည်သလိုပြောကြည့်ပါ။ အင်္ဂလိပ်လိုခံစားပြီး ပြောကြည့်ပါ။

၃၅။ အင်္ဂလိပ်စကားပြောကို စာအုပ်တွေထဲက လေ့လာနိုင်တယ်ဆိုတာ ကားမောင်း ၁၀ ရက်နဲ့တတ်နည်းဆိုတာကို စာဖတ်ပြီးမောင်းနေသလို ဖြစ်နိုင်ပါတယ်။

၃၆။ အင်္ဂလိပ် Grammar ကိုလည်း တတ်နိုင်သလောက်လေ့လာပါ။ အင်္ဂလိပ်စကားပြောရာမှာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ 

၃၇။ ဒိုင်ယာရီရေးရင် အင်္ဂလိပ်လိုရေးကြည့်ပါ။ နည်းနည်းလေးရေး၊ တိုတိုလေးရေးရာက ကြိုးစားပြီး ရှည်ရှည်ရေးသွားပါ။ မှားတယ်၊ မှန်တယ် ဂရုမစိုက်ပါ နဲ့။ ကိုယ့်ဒိုင်ယာရီထဲ ကိုယ်ရေးနေတာ လေ့ကျင့်တယ်လို့ သဘောထားပါ။

၃၈။ အွန်လိုင်းပေါ်မှာ အင်္ဂလိပ်လိုရေးဖို့ ကြိုးစားကြည့်ပါ။ Blog တွေမှာရေးနိုင်သလို၊ အင်္ဂလိပ်စာနဲ့ရေးနေတဲ့ ဆိုရှယ်မီဒီယာတွေမှာလည်း ဝင်ရေးနိုင်အောင် ကြိုးစားကြည့်ပါ။ အထူးသဖြင့်တော့ Twitter လိုနေရာဟာ ကိုယ့်အတွက် အင်္ဂလိပ်စာကိုစမ်းသပ်ဖို့ အကောင်းဆုံးနေရာတစ်ခုပါ။

၃၉။ စာရွက်တစ်ရွက်ပေါ်မှာ စလုံးပေါင်းအမှား၊ Grammar အမှားတွေကို လုံးဝဂရုမစိုက်ဘဲ ချရေးကြည့်လိုက်ပါ။ စိတ်ကူးနဲ့စာကြောင်းတွေကို တည်ဆောက်လိုက်ပါ။ မှားတယ် မှန်တယ်ဆိုတဲ့ အသေးစိတ်က နောက်မှပြန်စစ်လို့ရတယ်။ မှားမှာကြောက်ပြီး မရေး ရင် ဘာမှရေးဖြစ်တော့မှာ မဟုတ်ပါ။

၄၀။ အဖြတ်အတောက်တွေကို ဂရုစိုက်ပါ။ အထူးသဖြင့် Punctuation သဘောတရားတွေက အင်္ဂလိပ်စာမှာ အရေးကြီးတယ်။ “A woman without her man is nothing” and “A woman: without her, man is nothing” ဆိုတဲ့ စာကြောင်းနှစ်ကြောင်းမှာ ရေးနည်းကြောင့် အဓိပ္ပာယ်ပြောင်းသွားပါတယ်။

၄၁။ Sing your heart out! Show the world your beautiful voice! ဆိုတဲ့ သီချင်းလေးရှိပါတယ်။ အင်္ဂလိပ်စာကို သီချင်းအနေနဲ့ လေ့လာသီဆိုနိုင်ရင်ပိုကောင်းပါတယ်။ 
အင်္ဂလိပ်သီချင်းတွေ အဆိုကျင့်ပါ။ အဖြတ်အတောက်တွေ ကောင်းစွာသိနိုင်တယ်။ ကာရာအိုကေခေတ်ဆိုတော့ ခက်ခဲမယ်မထင်ပါ။

၄၂။ ဆိုရှယ်မီဒီယာမှာ ကိုယ့်လို အင်္ဂလိပ်လိုရေးဖို့သူတွေနဲ့ မိတ်ဖွဲ့ပြီး အပြန်အလှန်ပြောဆိုကြည့်ပါ။ အင်္ဂလိပ်လိုပြောဆိုဖို့၊ ဆွေးနွေးဖို့ အကောင်းဆုံးနေရာတွေက ဆိုရှယ်မီဒီယာတွေဆိုတာလည်း မေ့မထားသင့်ပါ။ 

၄၃။ အွန်လိုင်းပေါ်မှာ Shawdow English ဆိုတဲ့ အစီအစဉ်တွေရှိပါတယ်။ ရှေ့ကရွတ်သွားတာကို နောက်ကနေ ကိုယ်ကလိုက်ရွတ်ရတာပါ။ Rhythm နဲ့ Intonation တွေကို ကောင်းစွာ ပိုင်နိုင်လာပါလိမ့်မယ်။

၄၄။ ရေဒီယိုအစီအစဉ်မှာ အင်္ဂလိပ်ပိုင်းကို နားထောင်ပါ။ နားထောင်စွမ်းအားကပိုပြီးတော့ တိုးတက်စေနိုင်ပါတယ်။ 

၄၅။ အွန်လိုင်းက Sownload ချထားတဲ့ အဖတ်၊ အပြော အသံဖိုင်လေးတွေကိုလည်း ဖုန်းထဲကိုထည့်ပြီးတော့ဖြစ်စေ ယူသွားပြီး နားထောင်လေ့ကျင့်နိုင်တဲ့ ခေတ်ရောက်နေတာကို မမေ့ပါနဲ့။

၄၆။ ချရေးကြည့်ပါ။ ဖတ်ပြသွားတာကို နားထောင်ပြီး တစ်လုံးမှ တစ်ကြောင်း၊ တစ်ကြောင်းမှ နှစ်ကြောင်း၊ နှစ်ကြောင်းမှ တစ်ပိုဒ် ကိုယ်ကြားထားတာတွေကို ပြန်ချရေးကြည့်နိုင်အောင် ကြိုးစားတာကလည်း အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ 

၄၇။ ကိုယ့်အသံကို ဘယ်သူမှ နားမထောင်ချင်ဘူးလို့ထင်နေရင် အသံသွင်း Recorder လေး တစ်လုံးလောက်ကလည်း ဒီခေတ်မှာ ခက်ခဲမယ်မထင်ပါ။ ကိုယ့်အပြောကို ကိုယ်တိုင်အသံသွင်းထားပြီး ပြန်နားထောင် တည်းဖြတ်လို့ရတယ်။ ကိုယ်တိုင်ဖတ်ထားတာကို ပြန်နားထောင်လို့ရတယ်။

၄၈။ ဆရာကသင်နေရင်လည်း သူ့အသံကို ခွင့်တောင်းထားပြီး အသံဖမ်းထားလိုက်ပါ။ နောက်ပိုင်း ပြန်နားထောင်ရတာ အကျိုးရှိပါတယ်။ အကြိမ်ကြိမ် ပြန်နားထောင်ရတာ အကျိုးများပါတယ်။

၄၉။ အဘိဓာန်ကို အသုံးပြုရင် English-English ကိုပဲ အသုံးပြုနိုင်အောင် ကြိုးစားသင့်ပါတယ်။ အင်္ဂလိပ်- မြန်မာ အဘိဓာန်တွေကို မသုံးစေချင်ပါ။ မထိရောက်တာများပါတယ်။ အဆင့်လိုက်  Learner's Dictionary တွေ ရှိပါတယ်။ စာအုပ်တွေလည်းရှိတယ်။ အွန်လိုင်းမှာလည်း ရှိတယ်။

၅၀။ အင်္ဂလိပ်လိုတတ်ချင်ရင် အင်္ဂလိပ်လိုတွေး၊ အင်္ဂလိပ်လိုဖတ်၊ အင်္ဂလိပ်လိုနားလည်အောင်လုပ်ဖို့ အရေးကြီးတယ်ဆိုတာ မေ့မထားပါနဲ့။

  • VIA
  • TAGS