News

POST TYPE

YOUTH

မက်လုံးများကြောင့် ပျက်သုဉ်းနေကြရသည့် လူငယ်များ
07-Oct-2017 tagged as


ဂျာလီတစ်ယောက် အစ္စလာမ္မစ် တိုက်ခိုက်ရေးသမားအဖြစ် သူ့ဘဝကို ခံယူထားသူဖြစ်သည်။ သူတို့ကို အုပ်ချုပ်နေသည့် ဗိုလ်မှူးတစ်ယောက်က သူ့အိမ်နီးချင်းတစ်ယောက်၏ ခေါင်းပြတ်ကို ကိုင်ထားသည်အား မြင်လိုက်ရသည့်အခါတွင် ဂျာလီတစ်ယောက် မာရာဝီမြို့က ထွက်ပြေးရန် ဆုံးဖြတ်လိုက်တော့သည်။

ဖိလစ်ပိုင်နိုင်ငံ မာရာဝီမြို့တွင် ခရစ်ယာန်ဘုရား ရှိခိုးကျောင်းများနှင့် အိုးအိမ်များ ပျက်စီးနေသည်။ လူတွေကိုလည်း သေနတ်နှင့်ပစ်သတ်ခြင်း၊ ပြန်ပေးဆွဲခြင်းများ ပြုလုပ်နေကြသည်။ မေလ ၂၃ ရက်နေ့ကတည်းက သူတို့ကို ဖိလစ်ပိုင် အစိုးရတပ်တွေကလည်း လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် ပိုက်စိပ်တိုက်ပြီး လိုက်လံ ချေမှုန်းလျက်ရှိသည်။ 

သူတို့ သူပုန်တပ်တွေ မာရာဝီမြို့ကို သိမ်းပိုက်ပြီး ၆ ရက်အကြာတွင် ခေါင်းဆောင်ဖြစ်သူ အဘ်ဒူလာမော်တေ ဦးဆောင်သည့် တပ်ဖွဲ့နောက်သို့ သူတို့လိုက် လာရကြောင်း အသက် ၁၇ နှစ်အရွယ်သာ ရှိသေးသည့် ဂျာလီက ပြောပြသည်။ သူတို့အထဲတွင် အငယ်ဆုံးအရွယ်မှာ ၁၀ နှစ်ခန့်သာ ရှိသေးသည်။ သူတို့က ဂျာလီနှင့် အိမ်နီးချင်း ခရစ်ယာန် ဘာသာကိုးကွယ်သူ တစ်ဦးကို ဖမ်းလာပြီးနောက် သူလျှိုလုပ်သည်ဟု စွပ်စွဲပြီး ခေါင်းဖြတ်သတ်လိုက်သည်။ လူငယ်တွေက ဝိုင်းပြီး လက်ခုပ်ဩဘာ ပေးနေကြရသည်။ 

“အဘ်ဒူလာ မော်တေက သူ့ခေါင်းကို ကိုင်ထားတယ်။ သူက အော်လိုက်သေးတယ်။ ဘုရားသခင်က ကြီးမြတ်တော်မူတယ်တဲ့။ သူတို့အားလုံး အော်ဟစ်မြူးထူးနေကြတယ်။ ကျွန်တော် အဲဒီအချိန်မှာ ဆုံးဖြတ်လိုက်တယ်။ သူတို့အထဲမှာ ပူးပေါင်း ပါဝင်ဖို့ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ထွက်ပြေးခဲ့တာ”ဟု ဂျာလီက ဆိုသည်။

ဂျာလီကို အာဏာပိုင်တွေက လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ထားရသည်။ မာရာဝီတွင် တိုက်ခိုက်နေသည့် အစ္စလာမ္မစ် စစ်သွေးကြွ သူပုန်တွေနှင့် ပတ်သက်ပြီး သူ့ထံက အချက်အလက်တွေ ရယူရန်ဖြစ်သည်။ 

ဂျာလီသည် ရာပေါင်း များစွာသော လမ်းမှားရောက်နေသည့် မွတ်ဆလင် လူငယ်များစွာထဲက တစ်ဦးဖြစ်သည်။ သူက မင်ဒါနာအိုကျွန်းစုတွင် သောင်းကျန်းနေသည့် အစ္စလာမ္မစ် နိုင်ငံတော် ထူထောင်ရန် ကြိုးပမ်းနေသော IS အစွန်းရောက်အဖွဲ့၏ နောက်လိုက်တစ်ဦးဘဝကို ရောက်ရှိခဲ့သည်။ ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့တွင် စိုးမိုးနိုင်ရေးအတွက် ကြိုးပမ်းနေကြသည့် IS (Islamic State) အဖွဲ့ဝင်များသည် တပ်ခေါက်ခဲ့ရပြီဖြစ်သည်။ မအောင်မြင်သော သူတို့ဝါဒ လွှမ်းမိုးရေးအတွက် လက်မြှောက်ပြီး အရှေ့တောင်အာရှဒေသများတွင် ပြန်လည် စိုးမိုးအခြေချနိုင်ရန် ကြိုးပမ်းလာမှုမှာ ဒေသဆိုင်ရာ အာဏာပိုင်များအတွက်လည်း ခေါင်းခဲစရာဖြစ်သည်။ 

မင်ဒါနာအိုကျွန်းကို နိုင်ငံခြားက အကြမ်းဖက်သမားတွေ လာရောက် ခိုနားကြသည်။ သူတို့က အစ္စလာမ္မစ် နိုင်ငံတော် ထူထောင်ရေးအတွက် ဝါဒဖြန့်ပြီး လူငယ်တွေကို နည်းမျိုးစုံဖြင့် စည်းရုံးသိမ်းသွင်းခဲ့ကြသည်မှာ နှစ်ပေါင်း များစွာကြာခဲ့ပြီ။ ဒေသတွင် မော်တေအဖွဲ့ဆိုပြီး စစ်သွေးကြွအုပ်စုတွေက တစ်စင်ထောင်ကာ လှုပ်ရှားနေကြခြင်းဖြစ်သည်။

အကြမ်းဖက်သမားတွေက စာသင်ကျောင်း၊ ဘာသာရေးသင် အစ္စလာမ္မစ် ကျောင်းများအပြင် မူကြိုကျောင်းများအထိ ထိုးဖောက် ဝင်ရောက်ကာ လူငယ်တွေကို ဝါဒဖြန့် စည်းရုံးနေကြသည်။ ထိုကျောင်းများသည် အကြမ်းဖက်သမားများအတွက် တပ်သားသစ်များ စုစည်းရာ အကောင်းဆုံး နေရာများ ဖြစ်နေသည်။ အစိုးရက မည်သို့ တားမြစ်ပိတ်ပင်သည်ဆိုစေ သူပုန်တို့၏ ဆဲလ်များက ဘာသာရေးနှင့် အစွန်းရောက်မှိုင်းများကို တစ်နည်းနည်းဖြင့် ရိုက်သွင်းပြီး စည်းရုံးနေကြသည်။ အစိုးရအနေနှင့် သူပုန်တွေ၏ ထိုးဖောက် စည်းရုံးနေမှုများကို မတားဆီးနိုင်ခြင်းမှာ ဒေသခံတို့၏ ဆင်းရဲမှုကြောင့်လည်းဖြစ်သည်။ ဆင်းရဲသည့် ပြည်သူများကို အစွန်းရောက် သူပုန်များက ဘာသာရေးအကြောင်း ပြပြီး ရက်ရောစွာ ငွေများပေးကာ စည်းရုံးနေကြသောကြောင့်လည်း လူငယ်တွေမှာ ငွေမက်ပြီး IS တို့၏ ကျေးကျွန်ဘဝကို ရောက်မှန်းမသိ ရောက်ကုန်ကြသည်။

ဂျာလီ၏ ပြောပြချက်အရ သူ့ကို ၁၁ နှစ်သား အရွယ်ကတည်းက မာရာဝီမြို့နှင့် ၁၂ မိုင်ကွာဝေးသည့် ပီယာဂါပို ဗလီတွင် စည်းရုံးသိမ်းသွင်းခြင်း ခံလိုက်ရသည်။ သူ့ကို ဗလီဆရာတစ်ဦးက လူငယ် ၄၀ နှင့် အတူခေါ်ယူပြီး သင်တန်းပေးသည်။ လူငယ်တစ်ဦးလျှင် တစ်လ ပီဆို ၁၅၀ဝ၀ (၂၉၄ ဒေါ်လာ) ခန့်ကိုလည်း ထောက်ပံ့ပေးသည်။ 

သူတို့ကို နေ့စဉ် လက်နက်ကိုင်နည်း၊ တိုက်ပွဲ ဝင်နည်းများကို သင်ကြားပေးသည့်အပြင် ကိုရမ်ကျမ်းကိုလည်း သင်ပေးသေးသည်။ သူတို့သင်တန်း သုံးလတက်ပြီး ပြန်လာခဲ့ကြရသည်။ သင်တန်းက ပြန်လာပြီး နောက် ၆ နှစ်ခန့် အဆက်အသွယ် ပြတ်သွားသည်။ မာရာဝီတွင် တိုက်ပွဲများမဖြစ်မီ တစ်ရက်အလိုတွင် သူ့အိမ်တံခါး ခေါက်သံကြားလိုက်ရသည်။ အပြင်တွင် လူငယ်တစ်ယောက် ရပ်နေသည်။ သူ့နောက်တွင် ထရပ်ကားတစ်စီး ရှိနေပြီး ကားပေါ်တွင် အခြားလူငယ် ၁၀ ဦးခန့် ထိုင်နေကြသည်။ 

“သူတို့ကို ကျွန်တော် သိပါတယ်။ ကျွန်တော်နဲ့ သင်တန်းအတူ တက်ခဲ့သူတွေပေါ့။ သူတို့က မင်း တာဝန်ပြန်ထမ်းဆောင်ရတော့မယ်”ဟုဆိုကြသည်။ 

သူတို့မြို့ပတ်ပြီး လူတွေကို ခေါ်လာကြသည်။ အထူးသဖြင့် ကျောင်းမနေသည့် လူငယ်တွေကိုလည်း ခေါ်လာပြီး တောထဲကို ရောက်လာကြသည်။ အစိုးရတပ်နှင့် အဝေးဆုံးနေရာတွေ ဖြစ်သည်။ အစိုးရတပ်ကလည်း သူတို့ သင်တန်းတက်ခဲ့သည့် ပီယာဂါပိုဗလီကို ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့သည်။ သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး မော်တေ သူပုန် ၃၆ ယောက် ကျဆုံးခဲ့ရသည်။ ထိုကျဆုံးသူများထဲတွင် နိုင်ငံခြားသားများနှင့် ဗလီဆရာလည်း ပါသွားသည်။ မာရာဝီမြို့သိမ်းတိုက်ပွဲများမဖြစ်မီ တစ်လခန့်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များပင်။

Reuters သတင်းဌာနမှ သတင်းထောက်တစ်ဦးသည် စခန်းမှ လွတ်မြောက် ထွက်ပြေးလာသည့် လူငယ်နှစ်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။ သူတို့ကို ပိုက်ဆံလည်း ပေးမည်၊ အိမ်ထောင်ပြုပေးမည်၊ သေလျှင်လည်း ကောင်းကင်ဘုံကို ရောက်လိမ့်မည်ဆိုသည့် စည်းရုံးမှုများဖြင့် ခေါ်ထားခြင်းဖြစ်ကြောင်း ပြောကြားကြသည်။ 

လူငယ်တွေကို ဗလီဆရာနှင့် သူပုန်ခေါင်းဆောင်များက စစ်ဆေးရေးဂိတ်များမှ ရှောင်ပြေးနည်းများကို သင်ပေးကြသည်။ ထို့ပြင် ချုံခိုတိုက်ခိုက်နည်းများ၊ တိတ်တဆိတ် ထွက်ပြေးနည်းများကိုလည်း သင်ပေးသည်။ ကလေးတွေကို သေနတ်များအား တစ်စစီ ဖြုတ်နည်း၊ တပ်ဆင်နည်း၊ ဗုံးလုပ်နည်း၊ စစ်ဆင်နည်းများကိုလည်း သင်ပြပေးကြောင်း အသက် ၁၈ နှစ်အရွယ် အဘ်ဒူဆိုသူက ပြောပြသည်။

အသက် ၁၉ နှစ်အရွယ် ဖိုင်ဆယ်ဆိုသူက ဗလီဆရာသည် သူတို့ကို ကိုရမ်ကျမ်းစာအား တောထဲရှိ တဲလေးတစ်လုံးတွင် သင်ပေးသည်။ သူတို့ကို နိုင်ငံခြားသား တစ်ယောက်က လက်နက်ကိုင်နည်းနှင့် စစ်သင်တန်းများ ပို့ချကြောင်း ပြောပြသည်။ 

“ဗလီဆရာက ကျွန်တော်တို့ကို ကြိုက်တဲ့ ကောင်မလေး လှလှလေးတွေနဲ့ လက်ထပ်ခွင့်ရှိတယ်လို့ ပြောတယ်”ဟု သူကဆိုသည်။ 

ဆင်းရဲပြီး ပညာမတတ်သည့် ဖိုင်ဆယ်နှင့် အဘ်ဒူလို လူငယ်လေးတွေသည် မင်ဒါနာအိုကျွန်းရှိ သူပုန်တို့၏ သားကောင်များအဖြစ် ရောက်သွားကြရသည်က များသည်။ ထိုဒေသတွင် ၂၀၁၅-၁၆ ခုနှစ်လောက်တွင် မွတ်ဆလင် အုပ်စုများဖြစ်သည့် Autonomous Region of Muslim Mindanao (ARMM) အဖွဲ့၏ ဩဇာအာဏာတွေက ကျဆုံးလာသည်။ သူတို့ ဖွင့်လှစ်ထားသည့် ကျောင်းများတွင်လည်း ကျောင်းထွက်သွားသည့်ဦးရေက များလာသည်။ 

ARMM အဖွဲ့ဝင် မိသားစုများသည် ဆင်းရဲကြသည်က များသည်။ သူတို့ တစ်လဝင်ငွေက ၁၇၇ ဒေါ်လာခန့်သာ ရှိကြသည်။ မာရာဝီတွင် နေထိုင်ကြသည့် မွတ်ဆလင်အုပ်စု ၆၆ ဒသမ ၃ ရာခိုင်နှုန်းခန့်မှာ ဆင်းရဲသူများ ဖြစ်ကြသည်။ ထိုဆင်းရဲသည့် အုပ်စုဝင်များ၏ ကလေးများသည် IS အဖွဲ့၏ စည်းရုံးမှုအောက်ကို ရောက်ခဲ့ရသည်မှာ အထူးအဆန်း မဟုတ်တော့ပေ။ 

IS တွေက ကျေးလက်မှ လူငယ်များကိုသာ စည်းရုံး သိမ်းသွင်းနေသည်မဟုတ်။ မြို့ပေါ်ရှိ ကျောင်းများနှင့် တက္ကသိုလ်များတွင်လည်း အစွန်းရောက်တွေ၏ ဆဲလ်တွေက ပျံ့နှံ့နေသည်။ မီဒီယာများထဲတွင်ပါ သူတို့လူတွေ ရှိနေသည်။ မင်ဒါနာအိုကျွန်းပေါ်တွင် နေထိုင်ကြသည့် မွတ်ဆလင်များကို သနားစောင့်ရှောက်ရန်ဆိုသည့် ဝါဒဖြန့်မှုတွေကို သူတို့စနစ်တကျ လုပ်ဆောင်နေခဲ့ကြသည်။ 

မင်ဒါနာအိုမြို့ရှိ မွတ်ဆလင်အုပ်စုကို (Moros) ဟုခေါ်သည်။ ထိုဒေသတွင် MILF (Moro Islamic Liberation Front) သူပုန်အဖွဲ့က အင်အားကောင်းသည်။ သူတို့က အစိုးရနှင့် ပြေလည်မှု ရရေးနှင့် ငြိမ်းချမ်းရေးကို ကမ်းလှမ်းနေကြသော်လည်း ARMM အများစုနေသည့် ထိုဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးရေးများကို တောင်းဆိုနေကြသဖြင့် အစိုးရနှင့် ပြေလည်မှု မရနိုင်လောက်အောင် ဖြစ်နေကြသေးသည်။ 

MILF အဖွဲ့ကို အစိုးရနှင့် ညှိနှိုင်းဆွေးနွေးရာတွင် ကြားဝင် ဆောင်ရွက်သူဖြစ်သည့် မိုဟာဂါ အစ်ဘဲလ်က သူပုန်တို့ထံတွင် ကိုရမ်ကျမ်းစာများကိုသာ ရွတ်ပြီး တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည့် လူငယ်တွေများစွာ ရှိနေသည်ဟု ဆိုသည်။ 

“ကျွန်တော်တို့ သူတို့ကို စောင့်ကြည့်နေရတယ်။ ဒါပေမဲ့ သူတို့ လူသစ်စုဆောင်းမှုတွေက သိပ်ပြီးတော့ လျှို့ဝှက်လွန်းတယ်။ သူတို့ကို အကဲခတ်ရ ခက်တယ်”ဟုလည်း သူကဆိုသည်။ 

အစွန်းရောက် သူပုန်များသည် အရှေ့အလယ်ပိုင်းဒေသများတွင် IS အဖွဲ့ဝင်များ တိုက်ခိုက်စဉ်က အသုံးပြုခဲ့သည့် Facebook နှင့် Telegram တို့ကို အသုံးပြုပြီး ဆက်သွယ်ရေး စနစ်များဖြင့် လှုပ်ရှားကြသည်။ သူတို့က အွန်လိုင်းကတစ်ဆင့် အချင်းချင်း ချိတ်ဆက်ပြီး ကွန်ရက်ကြီးတစ်ခုကို ထူထောင်ထားပြီးသားဖြစ်သည်။ သူတို့ကွန်ရက်ထဲတွင် အင်ဒိုနီးရှား၊ မလေးရှား လူငယ်များနှင့် စစ်သွေးကြွအုပ်စုတွေလည်း ပါဝင်ကြသည်။ သူတို့က ဘာသာရေးနှင့် မှိုင်းတိုက်ထားခြင်း ခံရသောကြောင့် အချိန်မရွေး အသက်ပေးဝံ့သူများလည်း ဖြစ်နေကြသည်။ 

“သူတို့ စည်းရုံးသိမ်းသွင်းလို့ လူငယ်တွေ အများကြီး ရနေဦးမှာ သေချာတယ်။ ဘာကြောင့်လဲဆိုတော့ လက်နက်၊ ငွေ၊ မိန်းမတွေက သူတို့အတွက် အကောင်းဆုံး မက်လုံးတွေဖြစ်နေတယ်။ သေနတ်ကိုင်ပြီး တိုက်ပွဲ ဝင်ရမယ်ဆိုတာရယ် ဘာသာရေးဘက်ကနေ လမ်းလွဲတဲ့ ဆုံးမစကားတွေရယ်က လူငယ်တွေကို လမ်းမှားရောက်ပြီး အသက်ပျောက်အောင် တွန်းပို့ပေးနေသလို ဖြစ်နေလိမ့်မယ်”ဟု မိုဟာဂါ အစ်ဘဲလ်၏ ပြောစကားမှာ စဉ်းစားစရာပင်။

E-01
(Ref: The Japan Times)

  • TAGS