News

POST TYPE

YOUTH

မီလန်နီရယ် မျိုးဆက်
17-Sep-2017 tagged as လူငယ်

Millennial မျိုးဆက် ဆိုသည်မှာ ၂၁ ရာစုတွင် လူငယ်ဘဝကို ပိုင်ဆိုင်ထားသူများအား ရည်ညွှန်းခေါ်ဆိုခြင်း ဖြစ်ပါသည်။ Generation X မျိုးဆက်နောက်ပိုင်း မွေးဖွားလာသူများကို Millennial သို့မဟုတ် (Generration Y) မျိုးဆက်ဟု သတ်မှတ်ခေါ်ဆိုကြခြင်း ဖြစ်သည်။ 

မီလန်နီရယ်မျိုးဆက်အတွက် သတ်မှတ်ထားသည်မှာ ၁၉၉၀ ပြည့်နှစ်လယ်မှ ၂၀၀၀ ပြည့်နှစ်ဦး အစောပိုင်းအတွင်း မွေးဖွားလာသူများဟု သတ်မှတ်ကြသောကြောင့် မီလန်နီရယ်မျိုးဆက်တို့သည် ယခုဆိုလျှင် ၁၇ နှစ်မှ ၂၇ နှစ်အတွင်း လူငယ်များ ဖြစ်နေလောက်သည်။ 

မီလန်နီရယ်များကို (Echo Boomers) များဟုလည်း ခေါ်ကြသည်။ ၁၉၈၀ နှင့် ၁၉၉၀ ပြည့်နှစ်များ ကြားတွင် ကလေးမွေးနှုန်း အလွန်များပြီး သူတို့သည် (Baby Boomers) များအဖြစ် မွေးဖွားလာခဲ့ကြခြင်းကြောင့် ဖြစ်သည်။ ၂၀ ရာစုတွင် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကြီးများ၌ မိသားစု စီမံကိန်းများဖြင့် လူဦးရေကို တတ်နိုင်သမျှ ထိန်းချုပ်ခဲ့ကြသည်။ လူဦးရေ ထိန်းချုပ်လွန်းသောကြောင့် မျိုးဆက်သစ်များ မွေးထုတ်ရေး ပြဿနာပေါ်လာသည်။ ထို့ကြောင့် ၂၁ ရာစုအတွက် လူဦးရေကို ပြန်လည်အကောင်အထည်ဖော်ကာ မျိုးဆက်သစ် မွေးထုတ်ရေး အစီအစဉ်များကို ပြန်လည်လှုံ့ဆော်လာကြသည်။ ထိုမှသည် မီလန်နီရယ်လေးများ ပေါ်ထွန်းလာခဲ့ရသည်။

မီလန်နီရယ်နှင့် ပတ်သက်ပြီး ကွဲပြားသော အယူအဆများလည်း ရှိပါသည်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အနေအထားများအရ သူတို့၏ ဘဝအနေအထားများသည် ကွဲပြားခြားနားမှု ရှိကြသည်။ ထိုကာလအတွင်း မွေးဖွားလာသည့် လူငယ်လေးများသည် နည်းပညာ ပစ္စည်းပေါင်းများစွာကို ရယူခံစားသုံးစွဲခွင့် ရှိသူများ ဖြစ်လာသည်။ ထို့ကြောင့် မိဘများ၏ စီးပွားရေး အနေအထားအရ ကိုင်တွယ်သုံးစွဲနိုင်ခွင့်အပေါ် မူတည်ပြီး တစ်ဦးနှင့်တစ်ဦး ဖွံ့ဖြိုးတိုးတက်မှုချင်း၊ အသိပညာချင်း တူညီမှု မရှိကြောင်းလည်း တွေ့ရသည်။ တစ်နည်းပြောရလျှင် မီလန်နီရယ်လေးများသည် ဆက်သွယ်ရေး၊ မီဒီယာ၊ ဒစ်ဂျစ်တယ် နည်းပညာ ဖွံ့ဖြိုးတိုးတက်နေချိန်တွင် မွေးဖွားလာကြသော ခေတ်သစ်လူသားလေးများ ဖြစ်နေကြသည်။

စီးပွားရေးနှင့် နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်သည့် ဒေသများအတွင်း မွေးဖွားလာသော မီလန်နီရယ်လေးများသည် အခြားသော ဖွံ့ဖြိုးမှု နောက်ကျနေသည့်၊ နည်းပညာ ပစ္စည်းများကို အကန့်အသတ်နှင့်သာ သုံးစွဲခွင့်ရနေသော ဒေသများက လူငယ်များထက် အစစအရာရာတွင် သာလွန်နေမည်သာ ဖြစ်သည်။ ကမ္ဘာပေါ်တွင် စီးပွားပျက်ကပ်များ အထွတ်အထိပ်သို့ ရောက်နေချိန်၌ မွေးဖွားလာသူများ ဖြစ်သောကြောင့် သူတို့မိဘများ၏ အနေအထားသည် သူတို့အပေါ်တွင် လည်း သက်ရောက်မှုများစွာ ဖြစ်ပေါ်စေခဲ့သည်။

Millennials ဆိုသည့် ဝေါဟာရကို စတင်သုံးစွဲသူများမှာ စာရေးဆရာ William Strauss နှင့် Neil How တို့ဖြစ်သည်။ ၁၉၈၇ ခုနှစ်လောက် ကတည်းက သူတို့သည် Millennials ဆိုသည့် ဝေါဟာရကို အသုံးပြုနေကြပြီး ၁၉၈၂ ခုနှစ် ဝန်းကျင်တွင် မွေးဖွားသူများကို သူတို့က သုံးစွဲခြင်း ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်ခန့်တွင် သူတို့သည် အထက်တန်းအဆင့် ရောက်နေလောက်သူများ ဖြစ်နေပြီဟု ဆိုသည်။ သူတို့က Generations: The History of America's Future, 1584 to 2069 (1991) ESihf Millennials Rising: The Next Great Generation (2000) ဆိုသည့် စာအုပ်များထဲတွင် Millennials  ဆိုသည့် အကြောင်းများကို သုံးစွဲရေးသား ရှင်းလင်းပြထားသည်။

၁၉၉၃ ခုနှစ် သြဂုတ်လတွင် Advertising Age မဂ္ဂဇင်း၏ အယ်ဒီတာ့အာဘော်ကဏ္ဍတွင် (Generation Y) ဆိုသည့် ဝေါဟာရဖြင့် ၁၉၈၇ ခုနှစ်တွင် မွေးဖွားသူများကို မျိုးဆက်သစ်တစ်ခုအဖြစ် သတ်မှတ်ကာ ခေါ်ဝေါ်သုံးစွဲခဲ့ကြောင်း တွေ့ရသည်။ ၁၉၉၃ ခုနှစ်တွင် အသက် ၁၁ နှစ် သို့မဟုတ် ထို့ထက်ငယ်သူများကို Y မျိုးဆက်အဖြစ် သတ်မှတ်သုံးစွဲခဲ့ကြခြင်း ဖြစ်သည်။ Generation X နောက်ပိုင်းမျိုးဆက်ကို ၁၀ နှစ်အကြာတွင်း Generation Y မျိုးဆက်အဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ အယ်ဒီတာ့အာဘော်တွင် Millennials အစား Generation Y ဟုသာ သုံးစွဲသင့်ကြောင်းကိုလည်း အကြံပြုထားသည်။ 

စိတ်ပညာရှင် Jean Twenge ကမူ Millennials တို့ကို (Generation Me) အဖြစ် သုံးစွဲရန် အကြံပြုသည်။ သူရေးသည့် Generation Me: Why Today’s Young Americans Are More Confident, Assertive, Entitled—and More Miserable Than Ever Before ဆိုသည့် ၂၀၀၆ ခုနှစ်ထုတ် စာအုပ်ထဲတွင် အကြံပြုထားခြင်း ဖြစ်သည်။ ၂၀၁၃ ခုနှစ်ထုတ် Time မဂ္ဂဇင်းကြီး၏ မျက်နှာဖုံးဆောင်းပါးတွင်လည်း Millennials: The Me Me Me Generation ဟု ရေးသားကာ ဂုဏ်ပြုထားသည်။ Newsweek မဂ္ဂဇင်းကမူ Millennials မျိုးဆက်ကို Generation 9/11 ဟု သုံးစွဲထားသည်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အမေရိက အကြမ်းဖက် တိုက်ခိုက်ခြင်း ခံရသည့် ကာလတွင် Millennials ခေတ် မွေးဖွားလာသူများမှာ အသက် ၁၀ နှစ်မှ ၂၀ နှစ်ကြားတွင် ရှိနေသောကြောင့် ဖြစ်သည်။ Generation 9/11 ကို မျက်နှာဖုံးဆောင်းပါးအဖြစ် Newsweek မဂ္ဂဇင်းတွင် ၂၀၀၁ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့က ဖော်ပြခဲ့သည်။ ထို့ပြင် Millennials တို့ကို Generation We, Global Generation, Generation Next, The Net Generation ဟူ၍လည်း ခေါ်ဝေါ်သုံးစွဲ ရေးသားကြကြောင်း တွေ့ရသည်။ 

တရုတ်နိုင်ငံ Millennials များကို ၁၉၈၀ ပြည့် နှစ်မှ ၁၉၉၀ ပြည့်နှစ်အတွင်း မွေးဖွားလာသူများအဖြစ် သတ်မှတ်ပါသည်။ ရှန်ဟိုင်းတွင် ၂၀၁၅ ခုနှစ်၌ ကာလီဖိုးနီးယားတောင်ပိုင်း တက္ကသိုလ်ကကြီးမှူး ကျင်းပသည့် အမေရိက-တရုတ် ညီလာခံ၌ အမေရိကန် Millennials များနှင့် တရုတ် Millennials များကို နှိုင်းယှဉ်ကြည့်လိုက်လျှင် ကွာခြားချက် လွန်စွာများနေကြောင်း သုံးနှုန်းသွားသည်။ အထူးသဖြင့် ဘဝအပေါ်အမြင်၊ အလုပ်အပေါ် တန်ဖိုးထားမှု၊ နိုင်ငံရေးလှုပ်ရှားမှု၊ စေတနာ့ဝန်ထမ်း လုပ်ဆောင်လိုမှုများတွင် ကွာဟချက်များ ရှိနေကြောင်း နှိုင်းယှဉ်သွားခြင်း ဖြစ်သည်။ 

အမေရိကန်ပြည်ထောင်စုမှ လူမှုဗေဒပညာရှင် Kathleen Shaputis ကမူ Millennials များကို (Boomerange Generation) သို့မဟုတ် (Peter Pan) မျိုးဆက်အဖြစ် သတ်မှတ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုမျိုးဆက်များသည် ယခင်မျိုးဆက်များထက် မိဘတို့၏ ရင်ခွင်၌ ပိုပြီးကြာရှည်စွာ နေထိုင်ခွင့်ရသူများ ဖြစ်နေသောကြောင့်ပင်။ ယခင်မျိုးဆက်မှ မိဘများသည် စီးပွားရေး အခက်အခဲ၊ လူနေမှုစရိတ်မြင့်မားခြင်း၊ ပညာသင်စရိတ် မတတ်နိုင်ခြင်းများကြောင့် သားသမီးများကို ရင်ခွင်ထဲက စောစီးစွာ မောင်းထုတ်ကြသော်လည်း Millennials များသည် အခြေအနေကောင်းချိန်တွင် မွေးဖွားလာသူများ ဖြစ်သဖြင့် မိဘနှင့် ပိုပြီးအနေကြာကြကြောင်း Kimberly Palmer ဆိုသူကလည်း ရေးသားထားသည်။ 

Millennials တို့သည် ဘာသာရေးဆိုင်ရာ အယူတို့တွင် ယခင်မျိုးဆက်များထက် ပိုပြီးနည်းပါးလာကြောင်း တွေ့ရသည်။ အမေရိကန်ပြည်ထောင်စုတွင် ၁၉၄၀ ပြည့်နှစ်ခန့် ကတည်းက ဘာသာမဲ့အယူများ ပိုပြီးထွန်းကားလာရာ ၁၉၈၃ ခုနှစ်မှ ၁၉၉၄ ခုနှစ်အတွင်း မွေးဖွားလာသူများတွင် ဘာသာမဲ့များသည် ၂၉ ရာခိုင်နှုန်းအထိ ရှိလာကြောင်း သုံးသပ်တွေ့ရှိရသည်။ ၁၉၄၈ ခုနှစ်မှ စတင်စာရင်းပြုစုခဲ့ရာတွင် Millennials  ခေတ်သည် ဘာသာမဲ့ အရေအတွက် အများဆုံး ဖြစ်လာသောကြောင့် Millennials တို့၏ စိတ်ဓာတ်နှင့် အတွေးအမြင်များကို လေ့လာသုံးသပ်ဆင်ခြင်စရာ ဖြစ်လာသည်။ (A Pew Research Center)

၁၉၈၃ ခုနှစ်မှ ၁၉၉၂ ခုနှစ်အတွင်း မွေးဖွားလာသည့် ကောလိပ်ကျောင်းသား (၇၇၀၅ ဦး) ကို Junco and Mastrodicasa တို့က သုတေသနပြုပြီး စာအုပ်ထုတ်ထားပါသည်။ သူတို့က Next Generation အဖြစ် ဖော်ပြထားသည့် Millennials တို့သည် ယခင်မျိုးဆက်များထက် အိုင်တီနှင့် နည်းပညာဆိုင်ရာ ပစ္စည်းများကို ပိုမိုကိုင်တွယ် သုံးစွဲခွင့် ရှိကြသူများ ဖြစ်နေသည်။ ထိုကျောင်းသား ၉၇ ရာခိုင်နှုန်းခန့် ကိုယ်ပိုင်ကွန်ပျူတာများကို သုံးစွဲနိုင်ကြသည်။ ကျောင်းသား ၉၄ ရာခိုင်နှုန်းသည် ကိုယ်ပိုင်မိုဘိုင်းလ်ဖုန်း၊ ၅၆ ရာခိုင်နှုန်းသည် MP3 Player များကို ကိုင်ဆောင်သုံးစွဲနိုင်ကြသည်။ ၁၉၈၈ ခုနှစ် အစောပိုင်း မွေးသူများနှင့် ၁၉၈၉ ခုနှစ် နှောင်းပိုင်း မွေးသူများသည် နည်းပညာကို ထဲထဲဝင်ဝင် ကိုင်ဆောင်သုံးစွဲလာနိုင်ခြင်းနှင့် စောစီးစွာသင်ယူမှု ပြုနိုင်ခြင်းတို့မှာ အားလုံးထက် အသိပညာ ပိုမိုဖွံ့ဖြိုးမှုကို ဖြစ်စေခဲ့သည်ကတော့ သေချာသည်။ 

Generation X နှင့် Millennials တို့သည် ကွန်ပျူတာများကို အိမ်တွင်ထားကာ စတင်သုံးစွဲခွင့် ရလာသည့် မျိုးဆက်များ ဖြစ်ပါသည်။ ၁၉၉၉ ခုနှစ်က Microsoft အကြီးအကဲ ဘီလ်ဂိတ်စ်က New York Institute of Technology ကျောင်းတွင် အမေရိကန်ဆရာများ အနေနှင့် နည်းပညာကို ကျွမ်းကျင်စွာ အသုံးပြုနိုင်အောင် လေ့ကျင့်ကြပြီး မျိုးဆက်သစ်များကို ကွန်ပျူတာနှင့် အင်တာနက်အား ရင်းနှီးကျွမ်းဝင်စေရန် ပြုစုပျိုးထောင်ပေးသင့်ကြောင့် အကြံပြု ပြောကြားသွားသည်။ 

၂၀၁၀ ပြည့်နှစ်က Elon Journal တွင် ဘွဲ့မရသေးသူ လူငယ်များ စစ်တမ်းတစ်ခုကို ထုတ်ပြန်ခဲ့ပါသည်။ လူငယ်များသည် ဆိုရှယ်မီဒီယာများနှင့် အင်တာနက်ကို သုံးစွဲပြီး ဗဟုသုတ များလာခြင်း၊ စိတ်ပြေပျောက်မှုများ ရှိလာခြင်းတို့ကြောင့် မူးယစ်ဆေး စွဲလမ်းသုံးစွဲခြင်းများ လျော့ကျလာသည်ဟု ဆိုသည်။ Marc Prensky ကလည်း (Digital Native) ဆိုသည့် စကားလုံးကို သုံးစွဲပြီး K မျိုးဆက်တွေ တက္ကသိုလ်သွားကြကြောင်း ၂၀၀၁ ခုနှစ်က ဝေဖန်ထောက်ပြခဲ့သည်။ သူဆိုလိုသည်မှာ Millennials တို့သည် (Digital Native) မျိုးဆက်ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်ပြီး Pew Research Center ကလည်း Millennials in Adulthood ဆိုသည့် ခေါင်းစဉ်ဖြင့် စာတမ်းတစ်စောင် ရေးသားတင်သွင်းခဲ့သည်။ 

Millennials တို့သည် ဆိုရှယ်မီဒီယာဖြစ်သည့် Facebook နှင့်လည်း ရင်းနှီးကျွမ်းဝင်သူများ ဖြစ်လာသည်။ တစ်နည်းပြောရလျှင် သူတို့ရှေ့က အစ်ကိုကြီးမျိုးဆက် Mark Zuckerberg တီထွင်သွားသည့် Facebook တွင် ပျော်မွေ့သူများ ဖြစ်လာသည်။ သူတို့အထာကို Mark Zuckerberg က ကောင်းစွာသိသည်။ သူတို့သည် နည်းပညာကို စွဲမက်ခုံမင်ကြမည်။ အပေါင်းအသင်းခုံမင်မည်။ သို့သော် သူတို့ အိမ်ထဲက အိမ်ပြင်ထွက်ချင်မှ ထွက်မည်။ Millennials တွေအတွက် ကမ္ဘာနှင့် မျက်ခြည်မပြတ်နိုင်စေမည့် နည်းလမ်းကို သူက တီထွင်ကြံဆပေးလိုက်သည်။ Millennials တွေအားလုံး Facebook ဆိုသည့် ဆိုရှယ်မီဒီယာထဲ ရောက်ကုန်သည်။ ယင်းကို Frontline ရုပ်သံအစီအစဉ်က (Generation Like) ဟု တင်စားကာ သုံးစွဲလိုက်သည်။ 

E01