News

POST TYPE

YOUTH

ဂျပန်နိုင်ငံလူငယ်များ ကိုယ့်ကိုယ်ကိုယ်သတ်သေမှု လျှော့ကျရေး
03-Sep-2017 tagged as ဂျပန်


ဂျပန်နိုင်ငံ အစိုးရအနေနှင့် မြင့်တက်လာသော လူငယ်များ၏ ကိုယ့်ကိုယ်ကိုယ် သတ်သေနှုန်းများ လျှော့ကျရေးအတွက် ဆောင်ရွက်ချက်သည် လူငယ်တစ်သိန်းတွင် ၃၀ ရာခိုင်နှုန်းခန့် လျော့ကျလာခဲ့ပြီဖြစ်ကြောင်း The Japan Times သတင်းတွင် ဖော်ပြထားသည်။ ကျဆင်းပြီဟု ဆိုရသော်လည်း ၇ နိုင်ငံ အုပ်စုစာရင်းထဲတွင် အဆိုးရွားဆုံး ပမာဏ ဖြစ်နေသေးသည်ဟု ဆိုနိုင်သည်။ 

သတ်သေမှု အများဆုံးမှာ အသက် ၂၀ အောက် များဖြစ်နေပြီး၊ သတ်သေရသည့် အကြောင်းရင်းများကို ဆန်းစစ်ကြည့်လျှင်လည်း ကျောင်းများတွင် အနိုင်ကျင့်ဗိုလ်ကျ၊ နှိပ်စက်မှုများကို မခံနိုင်သည့်အဆုံး၌ သတ်သေနေကြရခြင်းဖြစ်ကြောင်း တွေ့ရသည်။ ဂျပန်နိုင်ငံတွင် လူသေမှု အများဆုံးကိစ္စမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းများ ဖြစ်နေသည်။ အထူးသဖြင့် အရွယ်ကောင်းများဖြစ်သည့် အသက် ၃၀ မတိုင်မီအရွယ်တွေ သတ်သေနေခြင်းမှာ စိုးရိမ်စရာ ဖြစ်လာသည်။

ဂျပန်အစိုးရအနေနှင့် လူငယ်များ သတ်သေနေမှုကို လျော့ကျစေရန် အဓိကနေရာ သုံးနေရာတွင် လုပ်ဆောင်နေကြကြောင်း တွေ့ရသည်။

(၁) ဆိုရှယ်ကွန်ရက် Website များကတစ်ဆင့် ပြုလုပ်ခြင်း၊

(၂) ကျောင်းများတွင် ပညာပေးခြင်း၊

(၃) အကူအညီတောင်းနိုင်သည့် နေရာများကို ဖွင့်လှစ်ပေးထားခြင်းတို့ဖြစ်သည်။

အထူးသဖြင့် ဤလုပ်ငန်းရပ်များတွင် ကျောင်းများနှင့် ကျောင်းအာဏာပိုင်များကို ပိုပြီးအလေးထားကာ ဆောင်ရွက်ပေးနိုင်ရန် တာဝန်တွေ ပေးထားသည်။ စိတ်ဓာတ်ကျနေသည့် ကလေးများကို စောင့်ကြည့်ရန်နှင့် သူတို့ကို အားပေးကူညီရန်၊ ဆွေးနွေးတိုင်ပင်ခွင့်များ လမ်းဖွင့်ပေးရန်နှင့်၊ အလုပ်တစ်ခုခု လုပ်နိုင်ရေးအတွက် လမ်းညွှန်ပေးနိုင်ရန်တို့ဖြစ်သည်။

ဂျပန်နိုင်ငံတွင် ၂၀၁၆ ခုနှစ် တစ်နှစ်တည်း၌ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုပေါင်း ၂၁၈၉၇ မှု ဖြစ်ပွားခဲ့သည်။ ၂၀ဝ၃ ခုနှစ်က ၃၄၄၂၇ ဦး ရှိခဲ့သည်ဆိုသဖြင့် ကျဆင်းသွားသည်ဟု ပြောနိုင်သော်လည်း အရေအတွက် ပမာဏမှာ များလှသည်။ ၁၉၉၀ နောက်ပိုင်း စီးပွားပျက်ကပ်တွေကို ဆက်တိုက်လိုလို ရင်ဆိုင်ကြုံတွေ့နေချိန်မှာပင် အရေအတွက် ထိုမျှလောက် မရှိခဲ့ကြောင်း တွေ့ရသည်။ ၂၀၁၅ ခုနှစ်စစ်တမ်းအရ လူတစ်သိန်းတွင် ၁၈ ဒသမ ၅ ရာခိုင်နှုန်းခန့် သတ်သေနေသေးကြောင်း တွေ့ရသည်။ 

အစိုးရအနေနှင့် သတ်သေမှု လျော့ကျရေးအတွက် ၂၀ဝ၇ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့သည်။ အမေရိကန် ပြည်ထောင်စုနှင့် ဂျာမနီနိုင်ငံများကဲ့သို့ပင်  ၃၀ ရာခိုင်နှုန်း လျော့ကျအောင် လုပ်ဆောင်နိုင်စေရန် ရည်မှန်းပြီး လုပ်ဆောင်နေခြင်းဖြစ်သည်။ သို့သော် ကြောက်စရာ အရေအတွက်မှာ လျော့နည်းသည်ဟု မဆိုနိုင်လောက်အောင် ဖြစ်နေသေးသည်။

၃၀ ဝန်းကျင် လူငယ်ထုအတွင်း သတ်သေမှုနှုန်းများလာခြင်းကို ကုစားရန်အတွက် လုပ်ငန်းခွင်များတွင် သို့မဟုတ် ကုမ္ပဏီများတွင် အလုပ်ချိန်ကို လျှော့ချပေးရန် လုပ်ဆောင်လာကြသည်။ Dentsu ကုမ္ပဏီတွင် ၂၀၁၅ ခုနှစ်က သတ်သေမှုတစ်ခုမှာ အလုပ်ချိန် များစွာလုပ်ဆောင်ရာမှ စိတ်ဓာတ်ကျပြီး သတ်သေခဲ့ခြင်း ဖြစ်နေသည်။ ထို့ကြောင့် အမျိုးသမီးများကို အထူး အခွင့်အရေးပေးရန်၊ အလုပ်သမားများကို စောင့်ကြည့်ရန်၊ လူမှုရေး လုပ်ငန်းများကို ကူညီစောင့်ရှောက်ပေးရန်၊ စိတ်ဓာတ်ကျနေသူများအတွက် အထူး အစီအစဉ်များ ဆောင်ရွက်ပေးရန်တို့အပြင် လိင်ခွဲခြား ဖိနှိပ်မှုများ မရှိစေရန်ကိုပါ ဆောင်ရွက်နေခဲ့ကြသည်။

လူငယ်မျိုးဆက်များအတွင်း သတ်သေမှုနှုန်း မြင့်မားလာခြင်းမှာ အစိုးရအတွက် ပိုပြီး ခေါင်းခြောက်စရာဖြစ်ခဲ့သည်။ အသက် ၄၀ နှင့်အထက် လူကြီးပိုင်းတွင် ကိုယ့်ကိုယ်ကိုယ် သတ်သေသည့်နှုန်းထားများ အလွန် လျော့ကျသွားသည်။ ၂၀ဝ၈ ခုနှစ်ကတည်းက လူငယ်အုပ်စုတွင်သာ အများဆုံး ဖြစ်လာခဲ့သည်။ 

ပညာရေးဝန်ကြီးဌာနကလည်း ကျောင်းများတွင် ၂၄ နာရီ ဖုန်းဖြင့် ကျောင်းသားများကို တိုင်ပင်ဆွေးနွေးခွင့်၊ အကြံပေးခွင့်၊ ဆက်သွယ်နိုင်ခွင့်များ ရရှိစေရန်အတွက် လုပ်ဆောင်ပေးထားသည်။ အထူးသဖြင့် အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် ဆိုရှယ်ကွန်ရက်များကဖြစ်စေ၊ ဖုန်းကတစ်ဆင့်ဖြစ်စေ ဆက်သွယ်နိုင်မည့် အစီအစဉ်များ စီမံပေးထားရန် ညွှန်ကြားထားသည်။ သူတို့ဆီတွင် SNS ဆိုသည့် အစီအစဉ်ဖြင့် ဆက်သွယ်မှုများကို တိုးမြှင့်ပေးထားပြီး၊ မည်သည့်နေရာတွင်မဆို ကျောင်းသား အချင်းချင်း အနိုင်ကျင့် ဗိုလ်ကျမှု ခံနေရပါက ဆက်သွယ်နိုင်စေရန် စီစဉ်ပေးထားသည်။ လာမည့် ၂၀၁၈ ခုနှစ် စာသင်နှစ်က စတင်ပြီး ကျောင်းတိုင်းတွင် SNS အစီအစဉ်ကို စတင်နိုင်ရန် လုပ်ဆောင်နေကြသည်။ ထိုအစီအစဉ်အရ ကျောင်းသားများကို SNS စနစ် မည်သို့အသုံးပြုနိုင်ကြောင်း၊ အခက်အခဲ ကြုံနေလျှင် မည်သို့ အကူအညီ တောင်းနိုင်ကြောင်း၊ တစ်ယောက်တည်းရှိနေပြီး စိတ်အားငယ်နေလျှင်ဖြစ်စေ၊ အကာအကွယ်မဲ့နေလျှင်ဖြစ်စေ မည်သို့ ဆက်သွယ်ရမည် ဆိုသည့်အကြောင်းများကို သင်ပေးတော့မည်ဖြစ်သည်။ 

အကူအညီလိုသည့်အခါ အကူအညီတောင်းရန်အတွက် သူတို့ ယုံကြည်လေးစားလောက်သူများဖြစ်ရန် လိုပါသည်။ ထို့ကြောင့် ကျောင်းများတွင် ဆရာ ဆရာမတိုင်းကိုပါ ကလေးများနှင့် ဆက်သွယ်နိုင်မည့် အဆက်အသွယ် ဖုန်းနံပါတ်များ ပေးထားကြသည်။ မိဘအများစုမှာ ကျောင်းတွင် ဖြစ်လာသည့်ကိစ္စများကို သိသူနည်းကြသည်။ ကလေးတွေကလည်း ပြန်ပြောချင်မှပြောသည်။ သိလျှင်လည်း မိဘတွေက ကျောင်းကို လာမပြောချင်လျှင် ကြိတ်ခံနေကြရသည်မှာ ကျောင်းသား ကျောင်းသူများသာ ဖြစ်သည်။ ထို့ကြောင့် အကြမ်းဖက် တိုက်ခံရလျှင်ဖြစ်စေ၊ စော်ကားပြောဆို လက်ရောက်မှုကို ခံရလျှင်ဖြစ်စေ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ပညာပေးရန် လိုပါသည်။ 

အီဘာရာကီအရပ်ရှိ တိုရီဒယ် အထက်တန်းကျောင်းတွင် အသက် ၁၅ နှစ်အရွယ် ကျောင်းသူလေးတစ်ဦး သူ့ကိုယ်သူ သတ်သေမှုဖြစ်ပွားခဲ့သည်။ အဘယ်ကြောင့် သတ်သေမှန်း မည်သူမှ မသိခဲ့ရပေ။ သူတို့ ကျောင်းတွင်လည်း အစီအမံများ လျော့နည်းခဲ့သောကြောင့် ခန့်မှန်းရခက်ကုန်ကြသည်။ အကယ်၍ စောင့်ကြည့်သည့် အစီအစဉ်များရှိလျှင် ထိုသို့မဖြစ်နိုင်ဟုလည်း တွက်ဆကြသည်။ 

မည်သို့ဆိုစေ ကျောင်းနေအရွယ် ကလေး အများစု သတ်သေနေကြခြင်းမှာ အနိုင်ကျင့် ဗိုလ်ကျမှုများကို မခံစားနိုင်သောကြောင့် ဖြစ်နေသည်။ အဘယ်ကြောင့် ဂျပန်လူနေမှုနှင့် ပညာရေးစနစ်တွင် ထိုသဘောတရားများ လွှမ်းမိုးနေရသနည်း။

ကျောင်းများတွင် သတ်သေမှုနှုန်း မြင့်မားခြင်းနှင့် လူငယ်များ ဆုံးရှုံးနေရမှုများကို ယခုကတည်းက ကြိုတင် တွက်ဆ တားဆီးသင့်ကြပြီဖြစ်သည်။ 

E-01 (Ref: The Japan Times)