News

POST TYPE

YOUTH

ကလေးတွေကို စာဖတ်ပြပါ
13-Aug-2017 tagged as ကလေး


ကလေးတွေကို ငယ်စဉ်ကတည်းက စာဖတ်ပြ ခြင်းသည် သူတို့အနေအထိုင်အပြုအမူကို ယဉ်ကျေး သိမ်မွေ့စေရုံမက၊ ပညာရေးကိုပါ များစွာ အထောက်အကူပြုစေနိုင်ပါသည်။ အထူးသဖြင့် ငယ်စဉ်ရင်ခွင်ပိုက်ကတည်းက အရုပ်လေးများပြပြီး စာလေးများကို ဖတ်ပြနေခြင်းမှာ သူတို့၏ ဝမ်းသာပီတိအပြင် နွေးထွေးသော မေတ္တာများကိုပါ ပေးနေခြင်းဖြစ်ကြောင်းကို သိစေချင်ပါသည်။

အသက် ၃ နှစ်မှ ၅ နှစ်အရွယ် ကလေးများကို  စာဖတ်ပြနေစဉ် ဦးနှောက်အား Scan ဖတ်ကြည့်ကာ ပညာရှင်များ စစ်ဆေးကြည့်ကြပါသည်။ FMRI (Functional Magnetic Resonance Imagine) လုပ်သည်ဟုဆိုပါသည်။ FMRI လုပ်ကြည့်ပြီး ကလေးကို စာမည်မျှဖတ်ပြထားကြောင်း၊ ကလေးနှင့် ချစ်ခင်စွာ မည်မျှအချိန်ပေးပြီး ဆက်သွယ်ထားကြောင်း စစ်ဆေးကြည့်နိုင်သည်ဟု ဆိုပါသည်။ 

FMRI လုပ်ကြည့်ရာတွင် ပုံပြောပြခြင်း၊ စာဖတ်ပြခြင်း ခံထားရသည့် ကလေးများ၏ ဦးနှောက် ဘယ်ဘက်အခြမ်းသည် ပိုပြီးလှုပ်ရှားနေကြောင်း တွေ့ကြရသည်။ ဦးနှောက်၏ ဘယ်ဘက်အခြမ်းသည် ကလေးများ၏ နားလည်မှုနှင့် မှတ်ဉာဏ်ကို အားပေးသည့်အပိုင်းဖြစ်သည်။ သူတို့အသိ များစွာရထားလျှင် ဦးနှောက် ဘယ်ဘက်အခြမ်းသည် စောစီးစွာ အားကောင်းနေပြီဟု ဆိုရမည်။ အရွယ်ရလာလျှင် စာဖတ်အားနှင့် နားလည်နိုင်စွမ်း ပိုကောင်းစေရန် ဦးနှောက် ဘယ်ဘက်အခြမ်းက ပိုပြီး အထောက်အကူ ပြုနိုင်ပါသည်။

ဦးနှောက်အတွင်းရှိ အခန်းအကန့်များသည် ငယ်စဉ်ကတည်းက ဖွံ့ဖြိုးနေရန်လိုအပ်ကြောင်း စင်စင်နာတီ ကလေးဆေးရုံကြီးရှိ (Reading and Literacy Discovery Center) မှ ပရိုဂရမ် ဒါရိုက်တာ ဇီပီဟောရိုးဝစ်ကရော့ဇ်က ဆိုသည်။ ကရော့ဇ်က ပညာတတ် အသိုင်းအဝိုင်းမှ ကလေးများ၏ ဦးနှောက် ဘယ်ဘက်အခြမ်းက ပိုဖွံ့ဖြိုးသည်ဟု ဆိုသည်။ သူတို့ဝန်းကျင်တွင် ပညာနှင့်ပတ်သက်ပြီး လှုံ့ဆော်အားပေးမှုများကြောင့်ဟု ယူဆရသည်။ 

“ကလေးတွေကို စာများများ ဖတ်ပြပါ။ သူတို့စာကို ကောင်းကောင်းနာလေ သူတို့ရဲ့ အာရုံကြောတွေက ပိုပြီးတော့ ဖွံ့ဖြိုးလေပါပဲ။ ဒီဖွံ့ဖြိုးမှုက သူတို့ရဲ့ စာဖတ်လိုစိတ်နဲ့ စာဖတ်နိုင်စွမ်းတွေကို အနာဂတ်မှာ အများကြီး အထောက်အကူ ပေးနိုင်ပါတယ်”ဟု သူကဆိုသည်။

The American Academy of Pediatrics အဖွဲ့ကလည်း ကလေးကို မွေးစကတည်းက စာဖတ်ပြသင့်ကြောင်း အကြံပြုထားသည်။ တတ်နိုင်လျှင် အော်ပြီးတော့ ဖတ်ပြစေချင်ကြောင်း မိဘများကို တိုက်တွန်းထားသည်။ အိမ်သည် ကလေးများအတွက် ရှေးဦးစာကြည့်တိုက် တံခါးကြီးဖြစ်သည်။ စောစော ဖွင့်ပေးထားလျှင် စောစောသိကာ၊ စောစောနားလည် လိမ့်မည်။ ကလေးများ၏ ဝန်းကျင်တွင် စာအုပ်တွေ များစွာ ရနိုင်စေရန် ထားပေးခြင်းကလည်း စာအုပ် စာပေကို ချစ်မြတ်နိုးစေပြီး စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲစေနိုင်ကြောင်း ပညာရှင်များ၏ ထောက်ပြချက်များ ရှိသည်။

ငယ်စဉ်ကတည်းက စာဖတ်ပြထားခြင်း ခံရသော ကလေးများ၊ စာဖတ်ရန် အားပေးခြင်း ခံထားရသည့် ကလေးများသည် အသိရော စကားပါ ကြွယ်တတ်ကြသည်။ မူကြိုမထားမီကတည်းက စာနှင့် ရင်းနှီးနေသော ကလေးများသည် မူကြိုရောက်မှ စာကို တွေ့ကြုံရသော ကလေးများထက် အသိရော စကားပါပိုပြီး ဆက်သွယ် အားကောင်းကြကြောင်း ဘော့စ်တွန် တက္ကသိုလ် ဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာ ဘာရီ ဇပ်ကာမန်းက ဆိုသည်။ 

ဒေါက်တာ ဇပ်ကာမန်းနှင့်အဖွဲ့သည် Reach Out and Read ဆိုသည့် ပရိုဂရမ်လေးတစ်ခုဖြင့် ဆေးရုံတွင် စမ်းသပ်ကြည့်သည်။ ဆရာဝန်များ သူနာပြုများက ဆင်းရဲသော မိသားစုများက ကလေးများကို စာအုပ်များ ဝေပေးပြီး မိဘများကို ဖတ်ခိုင်းစေသည်။ အသက် ၆ လမှ ၅ နှစ်အရွယ်အထိ ကလေးများကို မိဘများအား စာဖတ်ပြစေရန် တိုက်တွန်းပြီး စမ်းသပ်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့ ငွေကုန်ရကျိုးနပ်သည်။ ကလေးများ၏ ဦးနှောက်များက ပိုပြီး ဖွံ့ဖြိုးတိုးတက်လာကြောင်း တွေ့လိုက်ရသောကြောင့်ဖြစ်သည်။ ကလေးတွေကို FMRI ရိုက်ကြည့်ပြီး အဖြေ ရှာနိုင်ခဲ့သောကြောင့် ဖြစ်သည်။ စာဖတ်ရခက်ခဲသော ဝေဒနာကို ခံစားနေရသည့် ကလေးများပင်လျှင် ဦးနှောက်၏ ဘယ်ဘက်အခြမ်းက သိသာစွာ လုပ်ဆောင်ပေးနေမှုများကို တွေ့ရှိခဲ့ကြရသည်။ 

“စာနဲ့ထိတွေ့ခြင်း ခံထားရတဲ့ ကလေးတွေရဲ့ ဦးနှောက်တွေဟာ ပိုပြီးတော့ ဖွံ့ဖြိုးနေပါတယ်။ သူတို့ အရာရာကို ဆက်သွယ်ဖို့လည်း အသင့်ဖြစ်နေတတ်တယ်။ သူတို့ကို မလောဘဲနဲ့ ဖြည်းဖြည်းမှန်မှန် စာဖတ်ပြီး ပြုစုပျိုးထောင်ပေးခြင်းဟာ အနာဂတ်အတွက် အများကြီး အထောက်အကူ ဖြစ်စေနိုင်ပါတယ်”ဟုလည်း ဇပ်ကာမန်းက ဆိုသည်။

ကလေးများ၏ အနာဂတ်သည် မိဘများအပေါ်တွင်လည်း တည်မှီနေပါသည်။ လုပ်သင့်လုပ်ထိုက် လုပ်နိုင်သည့် အပိုင်းလေးများက စတင်ပြီး လုပ်ဆောင်ပေးခြင်းဖြင့် သူတို့အနာဂတ်ကို ပြင်ဆင်ပေးသင့်ပါသည်။ သူတို့နှင့်အတူနေပြီး အတူစာဖတ်ပြပေးခြင်းမှာ သူတို့ကို အနာဂတ်အား ရင်ဆိုင်ခိုင်းနေခြင်းဟုလည်း မြင်ပေးသင့်ပါသည်။

E-01
(Ref: Your child's brain on reading, Carina Storrs)