News

POST TYPE

YOUTH

၂၁ ရာစု လူငယ်နှင့် ခေါင်းဆောင်မှုပညာ

ခေါင်းဆောင်များနှင့် နောက်လိုက်များ

၂၁ ရာစု ခေါင်းဆောင်မှုတွင် မည်သူတွေကို ဦးဆောင်ဦးရွက်ပြုမည်ဆိုသည့် သဘောတရားက ပိုပြီး အရေးကြီးလာသည်။ ခေါင်းဆောင်မည့်သူ ဦးခေါင်းထဲတွင် ပထမဦးစွာ တွေးထားရမည်မှာ ဘာလုပ်လုပ် ပန်းတိုင်ကို ရောက်အောင်သွားရေးနှင့် ပြီးအောင်လုပ်ရေးဆိုသည်ကို မေ့မထားသင့်ပါ။ ထို့ကြောင့် ပန်းတိုင်သည် ပထမဦးစားပေး၊ နောက်လိုက်သည် ဒုတိယ ဦးစားပေး ဖြစ်သင့်ပါသည်။ မည်သို့ဆိုစေ နောက်လိုက် မရှိလျှင် ခေါင်းဆောင်မဖြစ်နိုင် ဆိုသည့်သဘောတရားကို ဦးစွာ တွေးမြင်ထားသင့်သည်။

ခေါင်းဆောင်ဆိုသည်မှာ မိမိနောက်လိုက်များကို ဆွဲဆောင်နိုင်စွမ်းရှိသူ ဖြစ်ရမည်။ အထူးသဖြင့် ခေါင်းဆောင်သည် ကိုယ့်နောက်လိုက်များထက် ပိုတွေး၊ ပိုလုပ်၊ ပိုပြီး ဦးဆောင်နိုင်သူဖြစ်ရမည်။ ခေါင်းဆောင်သည် မိမိနောက်လိုက်များကို လမ်းကိုလည်းချပြ၊ ပန်းတိုင်လည်းညွှန်ပြ၊ ဦးဆောင်ခေါ်သွားနိုင်သူတစ်ယောက် ဖြစ်ကြောင်းကိုလည်း ယုံကြည်စိတ်ချစေရမည်။

ဦးဆောင်မည့်သူတစ်ဦးသည် အကောင်းမြင်စိတ်၊ အကောင်းမြင်အတွေး ပိုင်ဆိုင်ထားနိုင်သူ ဖြစ်ရမည်။ လူတွေကို မည်သို့ စည်းရုံးလှုံ့ဆော်ရမည်ကိုလည်း ကောင်းစွာ နားလည်ထားရမည်။ ဂုဏ်သိက္ခာရှိရှိဖြင့် လုပ်ငန်းတစ်ခုကို ပြီးမြောက်စေရန် ဦးဆောင်ညွှန်ပြနိုင်သူသည်သာ ခေါင်းဆောင်ကောင်းတစ်ယောက်ဟု ဆိုရမည်။

ခေါင်းဆောင်လုပ်မည့်သူများသည် နပိုလီယန်ဟီးလ်ဆိုသူ၏ အဆိုလေးတစ်ခုကို သတိထားစေချင်ပါသည်။ “ကိုယ်တိုင်က အောင်မြင်ချင်သူမဟုတ်လျှင် မည်သူမျှ အောင်မြင်လာမည်မဟုတ်” ဆိုသည့် စကားဖြစ်သည်။ အောင်မြင်မှုကို ပြီးမြောက်စေရန် လုပ်ဆောင်နိုင်သူမှာ မိမိကိုယ်တိုင်သာ ဖြစ်ကြောင်းကို သဘောပေါက်စေချင်ပါသည်။ ကိုယ်တိုင် အောင်မြင်သူဖြစ်မှ အခြားသူများကို အောင်မြင်စေရန် အထောက်အကူပြု ကူညီနိုင်ပါသည်။

“မည်သူမျှ ကိုယ့်ထက်ပိုပြီး ကိုယ့်ကိုယ်ကိုယ် စမတ်ကျအောင် မလုပ်နိုင်”ဆိုသည့် စကားကို ပြောသူမှာ ကင်ဘလန်းချတ်ဖြစ်သည်။ ဘဝတွင် အောင်မြင်သူ အများစုသည် ကိုယ်တိုင်ကြိုးစား ရုန်းကန်ကာ ဘဝကို တည်ဆောက်ခဲ့ရသူများဖြစ်သည်။

ဝုဒရိုး ဝီလ်ဆင်က “ကျွန်တော်ကတော့ ကိုယ့်ဦးနှောက်ကို သုံးရုံမက သူများ ဦးနှောက်တွေကိုလည်း ငှားသုံးသင့်ရင် ငှားသုံးခဲ့တာပဲ”ဟု ပြောဖူးသည်။ တစ်ခါတစ်ရံတွင် ကိုယ်မလုပ်နိုင်သည့် လုပ်ငန်းများအတွက် အခြားသူတစ်ဦးဦး၏ အထောက်အကူဖြင့် အောင်မြင်စေရန် လုပ်ဆောင်ရသည် ဆိုသော်လည်း သိပ်တော့ သေချာလှသည် မဟုတ်ပါ။

အချို့သော လုပ်ငန်းများသည် တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်မရ၊ အများနှင့် ပူးပေါင်း လုပ်ဆောင်မှ ရတတ်သည့်လုပ်ငန်းများ ရှိသည်။ ထိုသို့ ပူးပေါင်းဆောင်ရွက်ပြီး လုပ်ဆောင်မှရမည့် လုပ်ငန်းများတွင်လည်း ခေါင်းဆောင်လား၊ နောက်လိုက်လား မိမိကိုယ်မိမိ ရွေးချယ်ရမည်ဖြစ်သည်။ ပူးပေါင်း လုပ်ဆောင်ရမည့် လုပ်ငန်းများတွင် ခေါင်းဆောင်ကောင်း တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ခံယူထားလျှင် နောက်လိုက်တိုင်း၏ တစ်ဦးချင်း အစွမ်းများကိုလည်း သိထားရမည်။ မည်သည့်နေရာတွင် မည်သူ့ကိုနေရာ ပေးပြီး ကောင်းစွာ အသုံးချရမည်ကိုလည်း ကောင်းစွာ ပိုင်းဖြတ်နိုင်စွမ်းရှိသူ ဖြစ်ရမည်။

ပူးပေါင်း လုပ်ဆောင်ရမည့်လုပ်ငန်းများတွင် ရလဒ်ကောင်းတစ်ခု လိုပါသည်။ ရလဒ်ကောင်းတစ်ခုရမှ ခေါင်းဆောင်ရကျိုးနပ်သည်။ ရလဒ်ကောင်းရစေရန် ကြိုးစားအားထုတ်ခြင်း၊ အားပေးအားမြှောက် ပြုခြင်းလည်း လိုအပ်ပါသည်။

ခေါင်းဆောင်ကောင်းတစ်ဦးသည် အခြားသူများကို ဆွဲဆောင်နိုင်သူတစ်ဦးလည်း ဖြစ်ရန်လိုသည်။ နောက်လိုက်များ အားကျစံနမူနာ ယူမည့်သူတစ်ဦး ဖြစ်လာစေရန် ကိုယ်တိုင်ကလည်း စွမ်းရည်ကို ထုတ်ပြနိုင်ရမည်။ တစ်နည်းပြောရလျှင် ခေါင်းဆောင်သည် မိမိနောက်လိုက်များအပေါ် လွှမ်းမိုးထားနိုင်သူဖြစ်ရမည်။

ခေါင်းဆောင်တစ်ဦးအတွက် အရေးအကြီးဆုံးမှာ ဦးတည်ချက်ကို သတ်မှတ်ပြဋ္ဌာန်းနိုင်ခြင်းဖြစ်သည်။ မည်သည့်နေရာကို သွားမည်နည်း၊ ငါလျှောက်သည့်လမ်း ရွေးချယ်သည့်လမ်းကို သူတို့လိုက်နိုင်၊ မလိုက်နိုင်ကိုလည်း စဉ်းစားပိုင်းဖြတ် ဝေဖန်နိုင်သူ တစ်ဦးဖြစ်သင့်သည်။ လမ်းမရှိဘဲ လျှောက်၍မရ။ မည်သည့်လမ်းကို လျှောက်မည်ဆိုခြင်းကပို၍ အရေးကြီးသည်။

ကိုယ်ရွေးထားသည့်လမ်းသည် အတိုင်းအဆ ရှိရမည်။ တစ်သမတ်တည်း ရှိရမည်။ လျှောက်နိုင်သည့် လမ်းမျိုးလည်း ဖြစ်ရမည်။ ခေါင်းဆောင်ဆိုသည်မှာ ပန်းတိုင်မရောက်၊ ရောက်စေရန် ဦးဆောင် ခေါ်သွားနိုင်ရမည်ဖြစ်ရာ လက်လျှော့ အရှုံးမပေး စိတ်ဓာတ်ရှိသူဖြစ်ရန်လည်း လိုသည်။

ခေါင်းဆောင်လုပ်သူသည် ကိုယ်ရွေးချယ်သည့် လမ်းနှင့် ဦးတည်ချက်ကို မကြာခဏ ပြောင်းနေလျှင် နောက်လိုက်များ စိတ်ရှုပ်ထွေးပြီး ပြဿနာ ဖြစ်စေနိုင်သည်။ ဦးတည်ရာမဲ့လမ်းကို ဦးဆောင်နေသည့် ခေါင်းဆောင်သည် ခေါင်းဆောင်မဟုတ်။ ခေါင်းဆောင် ကိုယ်တိုင် ဘယ်လိုက်ရမှန်း မသိဖြစ်နေလျှင် နောက်လိုက်များကလည်း ဘယ်လိုက်ရမှန်မသိ။ မသိသူများကို မရှိသူများက ဦးမဆောင်နိုင်ပေ။ 

E-01(Ref: 21st Century Leadership)