News

POST TYPE

YOUTH

ကျွန်မ မုန်းတဲ့သူတွေ
23-Jul-2017 tagged as


ကျွန်မ မုန်းတဲ့သူတွေ

ကျွန်မသင်တာ ပထမတန်း။ ကျောင်းပြန်ဖွင့်တိုင်း တပည့်အသစ်လေးတွေနဲ့ ဆုံရမှာထက် သဲသဲလှုပ်မိဘတွေနဲ့ ဆုံတွေ့ရမှာကို ပိုပြီးတော့ စိတ်ဝင်စားရတယ်။ နှစ်တိုင်း ကျွန်မ မတွေ့မကြုံ၊ မဆုံလိုတဲ့ မိဘတွေကို စာရင်း ချရေးကြည့်မိတယ်။

၁။ လူ့မလိုင်

သူတို့ကလေးက တော်တယ်။ သူတို့ကလေးမှ သူတို့ကလေး ဖြစ်နေတယ်။ အတန်းထဲမှာ သူတို့ကလေးကလွဲပြီး ဘယ်ကလေးမှ မတော်ဘူး ထင်နေကြတယ်။ အကဲဆတ်နေတဲ့ အပေါ်ကြောတင်းတင်းမိဘတွေပေါ့။

၂။ လူ့ကျည်ဆန်

မိဘတိုင်း ကလေးကို ကျောင်းမှာ အတော်ဆုံး၊ အကောင်းဆုံး ဖြစ်ချင်ကြတာပဲ။ ဒါပေမဲ့ အိမ်မှာတော့ ကိုယ်ဘက်က လိုအပ်တာတွေ ဘာတွေကို ဖြည့်ဆည်းပေးရမှန်း မသိကြဘူး။ ကလေးကို ဘယ်နှခါ ပုံပြင်တွေ ဖတ်ပြဖူးသလဲ။ ကလေးနဲ့ ဘယ်နှခါ အိမ်စာတွေ အတူ လုပ်ဖူးသလဲလို့ သူတို့ကိုမေးလိုက်ရင် ပါးစပ်တွေ အ, သွားတတ်ကြတယ်။ သူများပဲပစ်ဖို့ သိတဲ့သူတွေလေ။

၃။ လူ့မိုးပျံ

ပြဿနာတစ်ခုကို အတန်းပိုင်ဆရာနဲ့ တိုက်ရိုက် လာမဆွေးနွေးဘူး။ ကျောင်းအုပ်ဆီကို တန်းသွားပြီး ကျောင်းအုပ်ကတစ်ဆင့် ရုံးခန်းထဲခေါ်ပြီး ဖြေရှင်းခိုင်းတဲ့ မိဘမျိုးတွေပေါ့။

၎။ လူ့လေဝဲ

သူတို့လောက်သိ၊ သူတို့လောက်တော်၊ သူတို့လောက်တတ်တဲ့သူတွေ မရှိဘူး။ စာသင်တာ ကောင်းကောင်း မသင်ရဘူး။ အတန်းပတ်လည်ဝဲပြီးတော့ ပတ်ကြည့်နေကြတာ။ အိမ်တွေမှာ အလုပ်မရှိဘူး ထင်ပါတယ်။ ဆရာကို ဆရာလုပ်ဖို့ ချောင်းနေလိုက်ကြတာများ။

၅။ လူ့တစ္ဆေ

သူတို့ကျတော့ ကျောင်းကို ဘယ်တော့မှ မလာပါဘူး။ ညကျရင် နားမယ်လုပ်မှ ဖုန်းကလာပြီ။ ဆရာမရေ၊ ကျွန်တော်ကတော့၊ ကျွန်မကတော့ ဘယ်သူ့ရဲ့ ဖေဖေ၊ ဘယ်သူ့မေမေလေဆိုပြီး မဆုံးနိုင်လောက်အောင် အကြောင်း အမျိုးမျိုးရှာ စကားပြောပါတော့တယ်။ ညမှ လာခြောက်တတ်တဲ့ တစ္ဆေတွေပေါ့။

၆။ လူ့စာပွား

အချို့ကတော့လည်း ဖုန်းမဆက်ပါဘူး။ ည ၁၁ နာရီလောက်ကျမှ ဖုန်းထဲကို စာတိုတွေ ပို့တယ်။ စာတွေက များလွန်းလို့ ဖွင့်မကြည့်မိဘူး။ နောက်တစ်နေ့ ကျောင်းရောက်ရင် ဆရာမ ညက စာပို့ထားတာ ဖွင့်ကြည့်ပြီးပြီလားတဲ့။ ဖွင့်ကြည့်လိုက်ရာမှာ ဝတ္ထုတစ်ပုဒ်လောက်စာတွေ။ ကျွန်မအချိန်လေးများ သနားပါရှင်။

၇။ လူ့ရန်သူ

ကျောင်းက ဆရာတွေကို ရန်သူကြီးတွေလို သဘောထားပြီး ခါးထောက်ရန်တွေ့ဖို့ ကြိုးစားလာသူတွေပေါ့။ သူတို့ သားသမီးက တကယ်လည်း မတော်ဘူး။ ဒါပေမဲ့ မတော်တာကို ဘာဖြစ်လို့ဆိုတာ ပူးပေါင်း အဖြေရှာဖို့ မကြိုးစားဘူး။ ကျွန်တော်တို့က ဘာဖြစ်နေလို့လဲ၊ ကျွန်မတို့က ဘာမို့လို့လဲဆိုပြီး ရန်လာတွေ့ကြသူတွေ။

၈။ လူ့သူဌေး

ကျောင်းကိုလာပြီး ဆရာမ အတန်းထဲက နာရီက ရပ်နေပြီ၊ အဟောင်းကြီးပဲ။ လဲလိုက်ပါတော့လားလို့ ဆရာ လာလုပ်နေသူတွေပေါ့။ သူစေတနာရှိရင် လာလဲပေးလိုက်ပါလား။ ဆရာတွေကို သူတို့အလုပ်သမားလို သဘောထား၊ ဟိုလိုလုပ်ပါလား၊ သည်လို လုပ်ပါလား၊ ငါလည်း မလုပ်တတ်ဘူး ဆိုသူတွေ။

၉။ လူ့လုပြိုင်

သူတို့ကတော့ ဆရာဆိုရင် အထင်မကြီးပါဘူးဆိုပြီး ကျောင်းကို လာတတ်သူတွေ။ ဆရာအလုပ်ကို အထင်ကြီးစရာ အလုပ်လို့ မသတ်မှတ်တဲ့အပြင် ကျောင်းကိုလာပြီး ဂုဏ်တုဂုဏ်ပြိုင် ကြွားစရာ လာလုပ်နေတယ်။ ငါဝတ်နိုင်တယ်၊ ငါစားနိုင်တယ် ဆိုတာတွေပေါ့။ ကလေးချင်းပြိုင်တာ မဟုတ်ဘူး။ ဆရာတွေနဲ့ အချင်းချင်း လာပြိုင်နေတာ။

၁၀။ လူ့ငိုချင်း

ကျောင်းကိုလာပြီးတော့ မျက်ရည်ကျပြ၊ အိမ်က ဘာဖြစ်တယ်ဆိုတာ ဇာတ်လမ်းတွေ လာခင်းပြတဲ့သူတွေလည်း ရှိပါတယ်။ စာသင်ချိန်ပြီးလို့ အပြင်ထွက်မယ်ဆိုရင် ငိုချင်းချမယ့်သူတွေကို မတွေ့အောင် ရှောင်နေရတယ်။ ကျောင်းနဲ့ ရုပ်ရှင် မှားနေသလားပဲ။

ကျွန်မပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ မိဘတွေပါ။ ဒီလိုမိဘတွေကို ကျွန်မ မတွေ့ချင်ပါ။ ကလေးတွေကို ဘယ်လောက်ချစ်ချစ် ကျောင်းကိုလာတဲ့လူ့ ၁၀ မျိုးကိုတော့ ကျွန်မ တကယ်မုန်းပါတယ်။၏

E-01 (Parents That Teachers Secretly Hate, Jessica Bowers)

  • TAGS