News

POST TYPE

YOUTH

ခါချနေရတယ်
21-Aug-2016 tagged as


ဒီနေ့ခေတ်က ခေတ်ကျပ်ကြီးလို့ ပြောလေ့ ရှိကြပါတယ်။ တချို့ လူကြီးတွေကလည်း လူငယ်တွေကို ဒီနေ့လို ခေတ်မျိုးမှာ လူလာဖြစ်တာ နင်တို့ ကံပေါ့လို့ ပြောတတ်ကြပါတယ်။ လူငယ် အချင်းချင်း တွေ့ရင်လည်း ဘာလုပ်ရမှန်း မသိဘူးလို့ ညည်းကြလေ့ ရှိပါတယ်။ တချို့လည်း ဟိုသင်တန်းတက်၊ ဒီသင်တန်း တက်ရင်း အချိန် ကုန်သွားကြပါတယ်။ ဒီလိုနဲ့ လူတွေက ခေတ်ကို အပြစ် တင်တယ်။ စနစ်ကို အပြစ် တင်တယ်။ အုပ်ချုပ်တဲ့ သူတွေကို အပြစ် တင်တယ်။ တကယ်တော့ ဒီနေ့ခေတ်မှာ အောင်မြင်နေတဲ့ သူတွေအဖို့ အချိန်ဆိုတာ လုနေရတယ်။ အခွင့်အလမ်းဆိုတာ အမြဲရှိနေတယ်။ အချိန်ဆိုတာ တကယ်တော့ အင်မတန် အကုန်မြန်တယ်။ ကိုယ့်ဘက်ကသာ ဖြည့်ဆည်း တည်ဆောက်ထားဖို့ လိုတယ်။ သတိနဲ့ ဖြည့်ဆည်း တည်ဆောက်နေတဲ့ သူတွေအဖို့ အကျိုး ရလဒ်ဆိုတာ ရကို ရတယ်။ အောင်မြင်မှုဆိုတာ ဖြစ်ကို ဖြစ်တယ်။ အဲဒီလိုခေတ် အဆင့်အတန်းနဲ့အညီ အောင်မြင်နေတဲ့ သူတွေအဖို့ လုပ်စရာဆိုတာ အများကြီးပဲ။ များလွန်းလို့ ခါချနေရတယ် ပြောလို့ရတယ်။ 

ခါချနေရတယ်ဆိုရင် လူတွေက ချစ်သူရည်းစား များတာကိုများ ဆိုလိုသလားလို့ တွေးမိချင် တွေးမိကြမှာပေါ့။ အောင်မြင်တဲ့သူ တစ်ယောက်အဖို့ ခါချနေရတယ် ဆိုတာ အားလုံးပါတယ်။ ပညာရေး အခွင့်အလမ်း၊ အလုပ်အကိုင် အခွင့်အလမ်း၊ လူမှုရေး အခွင့်အလမ်း၊ စီးပွားရေး အခွင့်အလမ်း၊ နိုင်ငံရေး အခွင့်အလမ်း၊ ချစ်သူ ရည်းစား အခွင့်အလမ်း အားလုံး ပါတယ်။ ဆိုချင်တာ ပညာရေး ကောင်းတယ်၊ အလုပ်အကိုင် ကောင်းတယ်ဆိုရင် ကျန်တာတွေ အားလုံး လိုက်လာတယ်။ အခုဆို ခေတ်က ပြောင်းသွားပြီ။ အရင်လို သမားရိုးကျ တွေးလို့ မရတော့ဘူး။ တစ်ခုပြီးမှ တစ်ခု တွေးမယ်ဆိုတာမျိုးထက် ချိတ်ဆက် တွေးခေါ်တာမျိုးကို ပြုရမယ်။ တစ်ခုပြီးမှ တစ်ခု လုပ်မယ်ဆိုတာမျိုးထက် ချိတ်ဆက် လုပ်ကိုင်တာမျိုးကို လုပ်ရမယ်။ ဖောက်ထွက် တွေးခေါ်တာ မျိုးတွေ လုပ်ရမယ်။ ကြိုတင်တွေးခေါ် ကြံဆတာမျိုး ရှိရမယ်။ 

ဒီလိုဆို အောင်မြင်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ မေးခွန်း ရှိလာတယ်။ အရိုးရှင်းဆုံးက ငယ်ရွယ်စဉ်မှာ ကြိုးစားပါလို့ ဖြေရပါလိမ့်မယ်။ ငယ်ရွယ်စဉ် ဆိုတာ တက္ကသိုလ်တက်တဲ့ အရွယ်ပေါ့။ အဲဒီအရွယ်ကတည်းက စဉ်းစား တွေးခေါ်မှု ကောင်းရမယ်။ လိုချင်မှု ကြီးရမယ်။ ကြိုတင် ကြံဆမှု ရှိရမယ်။ တက္ကသိုလ် တက်ချိန်မှာ ကျောင်းစာက အဓိက ဆိုပေမယ့် ကျောင်းစာအပြင် အင်္ဂလိပ်စာလိုမျိုး၊ အထွေထွေ ဗဟုသုတလိုမျိုး၊ အပြင် ဗဟုသုတတွေ ရှိရမယ်။ ကျောင်းပြီးတာနဲ့ တွေဝေနေတာမျိုး မဟုတ် ဘာလုပ်မယ်ဆိုတဲ့ ရည်မှန်းချက် တစ်ခု ရှိနေရမယ်။ အဓိကက စာဖတ်ရမယ်။ စာအုပ်ကောင်း တစ်အုပ် ဖတ်တာဟာ သင်တန်းပေါင်း များစွာ တက်ရောက်တာနဲ့ ညီမျှတယ်။ အဲဒါ အလွန်အကျွံ ညွှန်းဆိုတာ မဟုတ်ဘူး။ သင်တန်းဆိုတာ ပြီးရင် ဆက်လက် ဆည်းပူးနေရတယ်။ လက်တွေ့ အသုံးချရတယ်။ ဝန်းကျင် ရှိရတယ်။ အတော်များများက မိဘတွေ တိုက်တွန်းလို့ သင်တန်းဆိုတာတွေ တက်တယ်။ သင်တန်းပြီးရင် မေ့လိုက်ကြတယ်။ သင်တန်းနဲ့ ပညာရေး အခွင့်အလမ်း၊ အလုပ်အကိုင် အခွင့်အလမ်းဆိုတာ ချိတ်ဆက်နေရတယ်။ သင်တန်းပြီးရင် နောက်တစ်ဆင့် ဘာလုပ်မယ်ဆိုတဲ့ ရည်မှန်းချက် ရှိရတယ်။ ရည်မှန်းချက် ဆိုတာမှာ အချိန်ကာလ၊ သတ်မှတ်ချက်ဆိုတာ ရှိတယ်။ အချိန်ကာလ၊ သတ်မှတ်ချက် မရှိတဲ့ ရည်မှန်းချက် ဆိုတာ အန္တရာယ် ကြီးတယ်။ ဟိုယောင်ယောင်၊ ဒီယောင်ယောင် ဖြစ်သွားတတ်တယ်။ စာအုပ်ကောင်း တစ်အုပ်ကျတော့ သင်တန်းလို မဟုတ်ဘူး။ အကြိမ်ကြိမ် ပြန်ဖတ်နေလို့ ရတယ်။ နေရာ မရွေး၊ အချိန် မရွေး အသုံးပြုလို့ ရတယ်။ ဒါကြောင့် အောင်မြင်ချင်ရင် စာဖတ်ပါလို့ တိုက်တွန်းကြတာ ဖြစ်ပါတယ်။ 

နောက်တစ်ခု အောင်မြင်မှု ဆိုတာ တစ်ခါတစ်ရံ ဘက်လိုက်တတ်တယ်။ လန်းတဲ့သူက ပိုအောင်မြင်တတ်တယ်။ ရုပ်ရည် ရှိရမယ်။ အရပ်အမောင်း ရှိရမယ်။ အသားအရေ ကောင်းရမယ်။ ရုပ်ပိုင်းဆိုင်ရာပေါ့။ ဖြစ်သလို မနေရဘူး။ ဒီနေရာမှာ ရုပ်ရည်၊ အရပ်အမောင်း၊ အသားအရေဆိုတာ ဘာကို ဆိုလိုတာလဲလို့ မေးစရာ ရှိပါတယ်။ လူတိုင်းမှာ သူ့ရုပ်ရည်၊ သူ့အရပ်အမောင်း၊ သူ့အသားအရေဆိုတာ ရှိတာကိုး။ အကြိုက်ချင်းကလည်း မတူနိုင်ဘူးလေ။ နေတဲ့ နိုင်ငံအပေါ်မှာတော့ မူတည်တာပေါ့။ ဂျပန်မှာ အရပ်ပုတဲ့သူတွေအတွက် အခွင့်အလမ်း နည်းတတ်တယ်။ ကိုရီးယားမှာ ရုပ်ရည် မချောမောတဲ့လူတွေအတွက် အခွင့်အလမ်း နည်းတတ်တယ်။ တရုတ်မှာ အသားမည်းတဲ့သူတွေအတွက် အခွင့်အလမ်း နည်းတတ်တယ်။ ယေဘုယျ ပြောတာပါ။ အခွင့်အလမ်းဆိုတာ ကောင်းမွန်တဲ့ အခွင့်အလမ်းမျိုးကို ပြောတာနော်။ ဒီနိုင်ငံမှာတော့ ဟုတ်တယ်။ ဘက်စုံလန်းတဲ့ သူဆိုတာ ရှားတယ်။ ဒီတော့ ပညာရေးလောက် ကောင်းရင် အခွင့်အလမ်းက ပွင့်သွားတတ်တယ်။ ဂျပန်လို၊ ကိုရီးယားလို နိုင်ငံမျိုးကျတော့ ယှဉ်ပြိုင်မှုက ပြင်းထန်တယ်။ နေပုံထိုင်ပုံ၊ ဝတ်ပုံစားပုံ၊ လူပုံလူပန်းက အစ ကြည့်တတ်တယ်။ 

ဒါကြောင့် ဘက်စုံ အောင်မြင်ချင်တဲ့ သူတစ်ယောက်ဟာ ဘက်စုံ အခွင့်အလမ်းတွေ ပွင့်လမ်းဖို့ လိုတယ်။ စိတ်ပိုင်းဆိုင်ရာတင် မဟုတ်ဘူး။ ရုပ်ပိုင်းဆိုင်ရာပါ တည်ဆောက် တတ်ရမယ်။ အတွင်းလည်း လန်းရမယ်။ အပြင်လည်း လန်းရမယ်။ စားတဲ့ အစားအစာတွေဟာ အာဟာရ ဖြစ်ရမယ်။ အနံ့အသက် နည်းရမယ်။ ကျန်းမာရေးနဲ့ ညီညွတ်ရမယ်။ ပြင်ပြင်ဆင်ဆင် နေရမယ်။ ဝတ်စားဆင်ယင် တတ်ရမယ်။ အမူအကျင့် ကောင်းရမယ်။ ရုပ်ရည် ကြည်လင်ရမယ်။ အရပ်အမောင်းနဲ့ ကိုယ်ကာယ လိုက်ဖက်ရမယ်။ တကယ်တော့ ဘက်စုံ ပွင့်လမ်းဖို့ဆိုတာ ဦးနှောက်ကြီးဖို့ လိုပါတယ်။ တစ်ခုခု လုပ်ပြီဆိုရင် အနာဂတ် ဆိုတာအထိ ချိတ်ဆက်စဉ်းစား နိုင်ရမယ်။ အင်္ဂလိပ် လူမျိုးတွေ ကြည့်။ နိုင်ငံ သေးသေးလေး၊ လူဦးရေ နည်းနည်းလေးနဲ့ သူ့ထက် အဆပေါင်း များစွာ ကြီးမားတဲ့ အိန္ဒိယတို့၊ တရုတ်တို့ကို လှည့်ပတ် အုပ်ချုပ်သွားတယ်။ ဘာကြောင့် သူတို့ ဒီလိုလုပ်နိုင်ကြ သလဲ။ ဦးနှောက်ကြီးလို့ပေါ့။ အခုအချိန်အထိ ဒီက လူတွေက အင်္ဂလိပ်ကို တစ်ခါတလေ သတိရကြတုန်းပဲ။ ကြိုက်ကြိုက် မကြိုက်ကြိုက် ပြောရမှာပဲ။ တစ်ခုခု ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာပြီ၊ စည်းမဲ့ကမ်းမဲ့ ဖြစ်လာပြီ ဆိုရင် အင်္ဂလိပ်တွေကို ချီးကျူးတယ်။ အင်္ဂလိပ်ခေတ်က လုပ်ခဲ့တဲ့လမ်းတွေ၊ ရေမြောင်းတွေ ဘယ်လိုကောင်းကြောင်း၊ ဘယ်လို စနစ်ကျကြောင်း၊ ကိုလိုနီခေတ်က အဆောက်အအုံတွေ ဘယ်လို ခိုင်ခံ့ကြောင်း၊ စနစ်ကျကြောင်း ဒီနေ့အထိ လူတွေက ထုတ်ဖော်ပြောလေ့ ရှိတယ်။ 

တကယ်တော့ မြန်မာနိုင်ငံဟာ အင်္ဂလိပ်နဲ့ရော၊ ဂျပန်နဲ့ရော ထိတွေ့ခဲ့ရတာ ဖြစ်တယ်။ အနောက်နိုင်ငံတွေမှာ အင်္ဂလိပ်ဟာ စည်းကမ်း အကောင်းဆုံးပဲ။ အရှေ့နိုင်ငံတွေထဲမှာ ဂျပန်ဟာ အကြိုးစားဆုံးပဲ။ အင်္ဂလိပ်၊ ဂျပန်ဟာ နယ်ချဲ့တွေ ဖြစ်ခဲ့စေကာမူ သူတို့ဆီမှာ လူသားတွေရဲ့ အကောင်းဆုံး စိတ်ခွန်အားတွေ  ဆိုတာ ရှိတယ်။ အခု သူတို့စီးပွားရေး ကျဆင်းနေတယ် ဆိုသည့်တိုင် ခါချနေရတုန်းပဲ။ အင်္ဂလန် (ဂရိတ် ဗြိတိန်) ဆိုရင် လူတိုင်း သွားချင်တယ်။ ဂျပန်ဆိုရင် လူတိုင်း သွားချင်တယ်။ ခါချနေရတယ်။ မြန်မာနိုင်ငံကတော့ လက်ရှိ အခြေအနေမှာ ခကွေးနဲ့ ဖဦးထုပ် မလွဲရင် ကံကောင်းပဲ။ 

ဒီနေ့ကာလမှာ လုပ်ရင်လုပ်နိုင်သလို အခွင့်အလမ်းတွေ ရှိတယ်။ အခွင့်အလမ်းတွေကို မြင်ဖို့ပဲလိုတယ်။ ပညာသင်ရင်တောင် သက်ဆိုင်တဲ့ ပညာရပ်တင် မကဘူး။ ဘေးပန်းလေ့လာလို့ ရတာမှန်သမျှ လေ့လာရမယ်။ ဘာသာစကားတွေ လေ့လာရမယ်။ သုတေသနတွေ လုပ်ရမယ်။ စာရေးအကျင့် တည်ဆောက်ရမယ်။ စာရေးတယ်ဆိုတာ အလုပ် တစ်မျိုးပဲ ဖြစ်တယ်။ ပြည်တွင်း မီဒီယာတွေမှာ စာရေးသားတဲ့ အတွေ့အကြုံရှိပြီး အင်္ဂလိပ်စာလည်း ရတယ်၊ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး အခြေအနေတွေနဲ့လည်း ချိတ်ဆက် တင်ပြနိုင်တယ်ဆို ရင် နိုင်ငံခြား တိုင်းပြည်တွေက မီဒီယာတွေအထိ ရေးသားလို့ရတယ်။ မြန်မာနိုင်ငံကဆို သူတို့ အတော် စိတ်ဝင်စားတယ်။ ဆိုချင်တာ အခွင့်အလမ်းတွေကို ပြည်ပအထိ ဆန့်ထုတ် နိုင်ရမယ်။ မဖြစ်နိုင်တာကို ပြောနေတာ မဟုတ်ဘူးနော်။ အခုက ဆက်သွယ်ရေး နည်းစနစ်တွေကြောင့် ကမ္ဘာကြီးက ကျဉ်းကျဉ်းလေး ဖြစ်သွားပြီ။ ဒီနေ့ခေတ်မှာ ကြိုတင်ပြင်ဆင်မှု ရှိပြီး ယူတတ်ရင်၊ လုပ်တတ်ရင် အခွင့်အလမ်းတွေဆိုတာ ခါချနေရတယ်။ 

အခု သီချင်းတွေမှာပါတဲ့ ခါချနေရတယ်ဆိုတာ လူက လန်းတယ်ပေါ့။ ဝိုင်းဝိုင်းလည်နေတယ်ပေါ့။ အဲဒါက ငယ်တုန်း၊ အရွယ် ရှိတန်းတော့ ဟုတ်တယ်လေ။ လှပ ချောမောတဲ့ မိန်းကလေးတွေ၊ စမတ်ကျ ခံ့ညားတဲ့ အမျိုးသားတွေ သူတို့ အရွယ်ရှိတုန်းမှာတော့ ဟုတ်ပါတယ်။ လိုချင်တဲ့သူတွေ၊ တွဲချင်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေမှာပေါ့။ ခါချနေရမှာပေါ့။ သို့သော် သူတို့က ရုပ်ရည်သာ ရှိပြီး ပညာ နည်းတယ်၊ ဥစ္စာ နည်းတယ်ဆိုရင် အဲဒီ ခါချနေရတဲ့ ကာလက ကြာရှည်ခံမှာ မဟုတ်ဘူး။ အရွယ်ကျတာနဲ့ စိတ်ဝင်စားခံရမှု ဆိုတာလည်း လျော့ကျလာမှာပဲ။ ပညာများပြီး အောင်မြင်တဲ့ သူတွေကျတော သူတို့အပေါ် လူစိတ်ဝင်စားမှုဆိုတာ အချိန်ကာလ သတ်မှတ်ချက် မရှိဘူး။ ငယ်တုန်းမှာလည်း ခါချနေရတယ်။ ကြီးလာတော့လည်း ခါချနေရတယ်။ သူတို့ ခါချနေရတယ်ဆိုတာ အချစ်ရေး တစ်ခုတည်းမှာတင် မဟုတ်ဘူး။ ပညာရေးဆိုလည်း ခါချနေရတယ်။ အလုပ်အကိုင်ဆိုလည်း ခါချနေရတယ်။ ဒါကြောင့် ဒီနေ့ခေတ် လူငယ်တွေ အနေနဲ့ သီချင်းတွေလောက်က ခါချတာမျိုးလောက် အာရုံ မစိုက်ဘဲ ဘဝတစ်လျှောက်လုံး ခါချနေရဖို့ အရွယ် ရှိတုန်းမှာ အစစ်အမှန် ကြိုးစား အားထုတ်မှု ပြုကြဖို့ ဒီဆောင်းပါးကတစ်ဆင့် တိုက်တွန်း လိုက်ရပါတယ်။ 

အောင်အောင် (IR) 

  • TAGS