POST TYPE
WORLD CUP 2018
ဆော်ဒီဂျာနယ်လစ် ပျောက်ဆုံးမှု သဲလွန်စများကို တူရကီက ပိုမိုတိုးချဲ့ ရှာဖွေ
18-Oct-2018

အစ္စတန်ဘူးလ်၊ အောက်တိုဘာ ၁၇
တူရကီနိုင်ငံသည် ဆော်ဒီသတင်းထောက် ခါရှော့ဂီပျောက်ဆုံးမှု သဲလွန်စများကို တိုးချဲ့ရှာဖွေနေပြီး ဆော်ဒီကောင်စစ်ဝန်၏ အစ္စတန်ဘူးလ်နေအိမ်ကိုလည်း ထည့်သွင်းစဉ်းစားနေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ခါရှော့ဂီကို အောက်တိုဘာ ၂ ရက်က နောက်ဆုံးတွေ့လိုက်ရသောနေရာဖြစ်သည့် ဆော်ဒီကောင်စစ်ဝန်ရုံးကို တူရကီအာဏာပိုင်များက တနင်္လာနေ့တွင် ပထမဆုံးအကြိမ် စစ်ဆေးရှာဖွေခဲ့သည်။
ကောင်စစ်ဝန် မိုဟာမက်အယ်လ် အိုတိုင်ဘီမှာမူ တူရကီမှ ထွက်ခွာသွားပြီဟု သတင်းများက ဆိုသည်။
ယခုအခါ ခါရှော့ဂီ “ဘာဖြစ်သွားသလဲ” ဆိုသည်ကို အပြည့်အဝရှင်းလင်းချက်ပေးရန် ဆော်ဒီအစိုးရအပေါ် ဖိအားများ ကျရောက်နေသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် ရီယာ့ဒ်တွင် ဆော်ဒီခေါင်းဆောင်များနှင့် တွေ့ဆုံနေပြီး ထို့နောက်တွင် တူရကီသို့ ဆက်လက်သွားရောက်မည်ဟု မျှော်လင့်ရသည်။
ခါရှော့ဂီသည် ဆော်ဒီအေးဂျင့်များ၏ လုပ်ကြံသတ်ဖြတ်မှုကို ခံလိုက်ရခြင်းဖြစ်သည်ဟု တူရကီအရာရှိများက ယုံကြည်နေသော်လည်း ဆော်ဒီတို့က ငြင်းဆိုထားသည်။
ကောင်စစ်ဝန်အိုတိုင်ဘီသည် ၎င်း၏နေအိမ်ကို တူရကီအာဏာပိုင်များက ဆော်ဒီအစိုးရထံ ခွင့်တောင်းပြီး ဝင်ရောက်ရှာဖွေခြင်းမပြုမီ နာရီပိုင်းအလိုတွင် တူရကီမှ ဆော်ဒီသို့ ထွက်ခွာသွားခြင်းဖြစ်သည်ဟု သိရှိရသည်။
သဲလွန်စများကို တိုးချဲ့ရှာဖွေမည့် ဆုံးဖြတ်ချက်ကို သတင်းထောက်များအား ကြေညာခဲ့သည့် တူရကီနိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုဂလူးက ဆော်ဒီတို့ထံမှ ဝန်ခံဖြောင့်ချက်ပေးမှုကို မရရှိပါဟု ပြောကြားသည်။
ခါရှော့ဂီကို နောက်ဆုံးတွေ့မြင်လိုက်ရသည့်နေ့က ကောင်စစ်ဝန်ရုံးနှင့် ကောင်စစ်ဝန်နေအိမ်အကြား သံရုံးဝန်ထမ်းများ မောင်းနှင်သည့်ကားများ လူးလာခေါက်ပြန် သွားလာနေသည့် ဗီဒီယိုဖိုင်ကို ယခင်အပတ်က တူရကီမီဒီယာများက ထုတ်လွှင့်ခဲ့သည်။
တနင်္လာနေ့က သမ္မတထရမ့်နှင့် ဆော်ဒီဘုရင် ဆော်လ်မွန်တို့ ဖုန်းပြောပြီးနောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် ရီယာ့ဒ်သို့ ထွက်ခွာကာဘုရင် ဆော်လ်မွန်၊ အိမ်ရှေ့စံ ဘင်ဆောလ်မွန်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့ထံ သွားရောက်တွေ့ဆုံခဲ့သည်။
ဘုရင်ဆောလ်မွန်နှင့် အိမ်ရှေ့စံတို့က အဖြေထွက်စေမည့် ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် သဘောတူခဲ့ကြသည်ဟု နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဟယ်သာနော်ရတ်က ပြောကြားသည်။
F-04
- SOURCES
- The Voice
-
11-Dec-2019
-
11-Dec-2019
-
11-Dec-2019
-
11-Dec-2019
-
11-Dec-2019
-
11-Dec-2019
-
01-Dec-2019