News

POST TYPE

WORLD CUP 2018

ဆော်ဒီအားလက်နက်မရောင်းလျှင် ကိုယ့်ကိုယ်ကိုယ် ပြစ်ဒဏ်ခတ်ရာရောက်မည်ဟု ထရမ့်ပြော
15-Oct-2018
ဝါရှင်တန်၊ အောက်တိုဘာ ၁၄

အစ္စတန်ဘူးလ် ဆော်ဒီသံရုံးအတွင်း ဆော်ဒီသတင်းထောက် ဂျမေးလ်ခါရှော့ဂီအသတ်ခံရကြောင်း သက်သေထင်ရှားသည့်တိုင် အမေရိကအနေနှင့် ဆော်ဒီအားလက်နက်ရောင်းချမှုကို ရပ်ဆိုင်းပါက ကိုယ့်ကိုယ်ကိုယ် ပြစ်ဒဏ်ခတ်ရာရောက်မည်ဟု သမ္မတဒေါ်နယ်ထရမ့်က စနေနေ့တွင် ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အမေရိကတွင်နေထိုင်ပြီး ဆော်ဒီအာဏာပိုင်များကို ပြစ်တင်ဝေဖန်လေ့ရှိသူ ခါရှော့ဂီသည် အောက်တိုဘာ ၂ ရက်က အစ္စတန်ဘူးလ်ရှိ ဆော်ဒီသံရုံးသို့ သွားရောက်ခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။ ၎င်းကိုသံရုံးအဆောက်အအုံအတွင်း သတ်ဖြတ်ပြီး အလောင်းကို ဖျောက်ဖျက်ပစ်လိုက်သည်ဟု တူရကီအစိုးရက ယုံကြည်နေသည်။

ဆော်ဒီအာဏာပိုင်များနှင့် ရင်းနှီးသော ဆက်ဆံရေးထူထောင်ထားသူ ထရမ့်သည် အကယ်၍ ယခုစုံစမ်းစစ်ဆေးမှုတွင် ခါရှော့ဂီကို ဆော်ဒီအာဏာပိုင်များက သတ်ဖြတ်ကြောင်း စစ်ဆေးတွေ့ရှိပါက ဆော်ဒီအာဏာပိုင်များကို အရေးယူဒဏ်ခတ်ရန် ပြည်တွင်းပြည်ပမှ ဖိအားပေးခြင်း ခံနေရသည်။

ယီမင်စစ်ပွဲတွင် ဆော်ဒီပါဝင်တိုက်ခိုက်မှုကြောင့် အရပ်သားများသေဆုံးမှုအပေါ် ဝေဖန်မှုများ မြင့်တက်နေချိန်တွင် ခါရှော့ဂီအား ဆော်ဒီတို့သတ်ဖြတ်ကြောင်းထင်ရှားပါက ဆော်ဒီသို့ စစ်လက်နက်ပစ္စည်းရောင်းချမှုကို ပိတ်ပင်ရန် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်အမတ်များက တစ်လေသံတည်း တောင်းဆိုလျက်ရှိသည်။

သို့ရာတွင် ထရမ့်က ငြင်းပယ်ခဲ့ပြီး “လက်နက်အရောင်း ပိတ်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒဏ်ခတ်ရာရောက်လိမ့်မယ်။ ဒီ့ထက်ပိုပြီး ပြင်းထန်ထိရောက်တဲ့ တခြားနည်းလမ်းတွေရှိပါတယ်။ ကျုပ်တို့ အဲဒါကို လုပ်မယ်”ဟု ပြောကြားခဲ့သည်။

အမေရိကန်ဥပဒေအရ နိုင်ငံခြားသို့ စစ်လက်နက်ရောင်းချမှုများကို ကွန်ဂရက်က ပိတ်ပင်နိုင်သည်။ ရောင်းချပေးလိုက်သော လက်နက်များအား အရပ်သားများကို သတ်ဖြတ်ရာတွင် အသုံးပြုနေကြောင်း အလွတ်သဘောစုံစမ်းမှုတွင် ထင်ရှားပါက အရောင်းစာချုပ်များကို ဆိုင်းငံ့ထားနိုင်သည့် hold ဟုခေါ်သော ထိန်းချုပ်မှုကိုလွှတ်တော်အမတ်များက ပြုလုပ်နိုင်သည်။

ဝါရှင်တန်နှင့်ရီယာ့ဒ် ဆက်ဆံရေးကြောင့် အကျိုးအမြတ်ရရှိနေကြသော လော့ခ်ဟိမာတင်နှင့် ရေသီယွန်ကဲ့သို့သော လက်နက်ကော်ပိုရေးရှင်းများသည် ဆော်ဒီသို့ လက်နက်အရောင်းပိတ်လိုက်ပါက ထိခိုက်နစ်နာကြမည်ဖြစ်သည်။

ဒေါ်လာ ၁၁၀ ဘီလီယံတန်ဖိုးရှိသော စစ်လက်နက်အမှာစာနှင့် အမေရိကတွင် ကြီးမားစွာရင်းနှီးမြှုပ်နှံမည့် ဆော်ဒီ၏ ကတိကဝတ်တို့သည် အမေရိကတွင် အလုပ်အကိုင်အရေအတွက် သိန်းဂဏန်းနှင့်ချီ၍ ဖန်တီးပေးသည်ဟု ထရမ့်က စနေနေ့တွင် ပြောကြားသည်။

F-04