News

POST TYPE

WORLD CUP 2018

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ကျောင်းသား ကျောင်သူများကို ရန်ကုန်နှင့် မန္တလေးဆေးတက္ကသိုလ်တို့၌ပါ တက်ခွင့်ပြုမည်
11-Sep-2018
 ရန်ကုန်၊ စက်တင်ဘာ၁၁
 
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျောင်းသား၊ ကျောင်းသူများကို မကွေးနှင့် တောင်ကြီးဆေးတက္ကသိုလ်၌သာ တက်ခွင့်ပြုခဲ့ရာမှ ယခုနှစ်မှစ၍ ရန်ကုန်နှင့်မန္တလေး ဆေးတက္ကသိုလ်တို့၌ပါ တက်ခွင့်ပြုမည်ဖြစ်ပြီး ဘွဲ့ရလျှင် မိမိဒေသ၌ ၅ နှစ် မပျက်မကွက် တာဝန်ထမ်းရမည်ဖြစ်ကြောင်း ရန်ကုန်ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။
 
ယခုနှစ်တွင် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်ငါးခု၌ ပထမနှစ်ဆေးကျောင်းသား ၁၂၀၀ ဦးခန့် လက်ခံမည်ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျောင်းသားများကို အဆိုပါဦးရေ၏ ၆ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း(၇၂ ဦးမှ ၁၂၀ ဦးအထိ)ရွေးကာ တက္ကသိုလ်အားလုံးက ဦးရေခွဲဝေပြီး တက်ခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်ဆေးတက္ကသိုလ် (၁) ထံမှ သိရှိရသည်။
 
“အရင်က တက်ရမယ့်တက္ကသိုလ်တွေကို ကျန်းမာရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်က ချထားပေးတာ။ ဒါပေမဲ့ ဒီနှစ် ကျောင်းအကုန်လုံးမျှယူဖို့ စီစဉ်ထားတယ်။ ဟိုအရင်က မကွေး၊ တောင်ကြီးတို့ကပဲ ယူတာ။ ဝေးလံခက်ခဲတဲ့ဒေသက ကျောင်းသားဦးရေ ပိုတိုး (ယခင်က ၃ ရာခိုင်နှုန်းခန့်သာ လက်ခံ) လက်ခံထားတယ်ဆိုတော့ အဲဒီဒေသက ပြည်သူလူထုတွေနဲ့ အဲဒီဒေသက ဆရာဝန်ဖြစ်ချင်တဲ့သူတွေအတွက်တော့ ကောင်းသွားတဲ့သဘောပေါ့။ ဒါပေမဲ့ အဲဒီလူတွေက ကြိုးစားဖို့တော့ လိုတယ်”ဟု ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။
 
နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်နှင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဆယ်တန်းအောင် ကျောင်းသားများအနေနှင့် ဆေးကျောင်းတက်ရန် ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနက လျှောက်လွှာခေါ်နေပြီး စက်တင်ဘာ ၂၈ ရက် နောက်ဆုံးထား၍ အဆိုပါဌာနနေ ပြည်တော်ရုံးသို့ လျှောက်လွှာပေးပို့ရမည်ဖြစ်သည်။
 
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ကျောင်းသား၊ ကျောင်းသူများအတွက် ဆေးတက္ကသိုလ်ဝင်ခွင့်ကို ဆယ်တန်းစာမေးပွဲရမှတ် သတ်မှတ်ခြင်းမရှိဘဲ မိဘနှစ်ဦးစလုံး နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားပြီး ယင်းဒေသများတွင် ရှစ်တန်း၊ ကိုးတန်း၊ဆယ်တန်း ၃ နှစ် ဆက်တိုက် တက်ခဲ့ဖူးသည့် တက္ကသိုလ်ဝင် စာမေးပွဲအောင် ကျောင်းသားအားလုံး လျှောက်ထားနိုင်မည်ဖြစ်သည်။
 
ဆေးကျောင်းဝင်ခွင့် လျှောက်ရာတွင် ဆယ်တန်းစာမေးပွဲရမှတ် သတ်မှတ်ခြင်းမရှိသော်လည်း လျှောက်ထားသူများအနက်မှ အမှတ်အများဆုံး ကျောင်းသားများကိုသာ ဝင်ခွင့်ရွေးချယ်မည်ဖြစ်သည်။

ယခင်နှစ်များက ဆယ်တန်းစာမေးပွဲရမှတ် ၄၈၀ ခန့်ရသည့် ကျောင်းသားများ ရွေးချယ်ခံရကြောင်း ရန်ကုန်ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ပြောဆိုသည်။

J-19