News

POST TYPE

WORLD CUP 2018

အစ္စလာမ်ဥပဒေဖြင့် ကွာရှင်းခံရသည့် အမျိုးသမီးမကျေနပ်၍ သတင်းစာရှင်းလင်းပွဲလုပ်
11-Sep-2018


ရန်ကုန်၊ စက်တင်ဘာ ၁၀

အစ္စလာမ်ဘာသာ၌ ကွာရှင်းပြတ်စဲရာတွင် အသုံးပြုသည့်ကျင့်ထုံးတစ်ခုဖြင့် ခင်ပွန်းဖြစ်သူ၏ ကွာရှင်းခြင်းခံရမှုအပေါ် မကျေနပ်သည့်အတွက် ကာယကံရှင် အစ္စလာမ်ဘာသာဝင် အမျိုးသမီးက သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၁၀ ရက်က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးတွင် ပြုလုပ်ခဲ့သည်။

ကွာရှင်းပြတ်စဲခြင်းခံရသည့် အမျိုးသမီး မအေးမြတ်သူသည် ကိုယ်တိုင်သတင်းစာရှင်းလင်းပွဲလုပ်ကာ ၎င်းအနေနှင့် ဘာသာရေး ခုတုံးလုပ်ခံရပြီး နစ်နာခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ဇူလိုင်လက ခင်ပွန်းဖြစ်သူ ဦးအောင်သက်ဦးက ကွာရှင်းပြတ်စဲလိုသည်ဆိုကာ တစ်နေ့တည်း သုံးသွလာက် (ကွာရှင်းမည်ဆိုသော အဓိပ္ပာယ်) ပြောကာ ကွာရှင်းခံခဲ့ရပြီး ကွာရှင်းရာတွင် မင်္ဂလာတင်ထားသည့် မဟာရွှေ (တင်တောင်း လက်ဝတ်ရတနာပစ္စည်း) များကိုလည်း သိမ်းဆည်းသွားပြီး လသားအရွယ် ကလေးငယ်နှင့် ၎င်းကို ထားရစ်ခဲ့ကြောင်း မအေးမြတ်သူက ပြောကြားသည်။

အဆိုပါ ကွာရှင်းမှုသည် အစ္စလာမ် ဓမ္မသတ်ကို ခုတုံးလုပ်ကာ တစ်ဖက်သတ် ကွာရှင်းခံခဲ့ရခြင်းဖြစ်သည့်အတွက် အမျိုးသမီးရပိုင်ခွင့်နှင့် ဂုဏ်သိက္ခာများ ဆုံးရှုံးခံခဲ့ရပြီး ယခုလို သတင်းစာရှင်းလင်းပွဲမှတစ်ဆင့် နိုင်ငံတော်မှသိရှိကာ အပြောင်းအလဲတစ်ခုဖြစ်လာရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားသည်။

“ဓမ္မသတ်အရ ကွာရှင်းတယ်ဆိုရင် ဟုတ်ပြီ။ ဓမ္မသတ်မှာ အမျိုးသမီးအတွက် ရခွင့်၊ ရပိုင်ခွင့်တွေရှိတယ်။ ကလေးရှိရင် ကလေးအတွက် ရခွင့်ရပိုင်ခွင့်တွေရှိတယ်။ ဒီဓမ္မသတ်ကြီး တစ်ခုလုံးကျတော့ ကျွန်မတို့ကို မချပြထားပဲနဲ့ ဒီလိုမျိုး တစ်ဖက်သတ်လုပ်သွားတာ။ ဓမ္မသတ်တစ်ခုကို တိတိကျကျနဲ့ အမျိုးသမီးတွေအတွက် ပိုပြီးစဉ်းစားပေးပြီး ဓမ္မသတ်တစ်ခုကို ချပြစေချင်တယ်”ဟု ၎င်းက ဆိုသည်။

အမည်မဖော်လိုသည့် မွတ်ဆလင် ရှေ့နေတစ်ဦးကမူ အဆိုပါ ပြဿနာသည် အစ္စလာမ်ဘာသာတွင် ဝိဝါဒ ကွဲပြားနေသည့် ပြဿနာတစ်ခုဖြစ်နေခြင်းဖြစ်ပြီး လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ခန့်ကတည်းက အငြင်းပွားလာသည့် ပြဿနာတစ်ရပ်ဖြစ်ပြီး လက်ရှိအချိန်ထိ အသုံးပြုနေသည့် အငြင်းပွားဖွယ် ကျင့်ထုံးတစ်ခု ဖြစ်နေကြောင်း ပြောကြားသည်။

လက်ရှိတွင် အစ္စလာမ်ဘာသာဝင်များတွင် သုံးသွလာက်ပေးကာ ကွာရှင်းနိုင်သည့် ကျင့်ထုံးကို အသုံးပြုလျက်ရှိနေပြီး သာသနာ့ပညာရှင်များကြားတွင်လည်း အဆိုပါကျင့်ထုံး မှန် မမှန်ကို အငြင်းပွားလျက်ရှိနေကြောင်း ၎င်းက ဆိုသည်။

“ဒီအယူအဆအတွက် လွန်ခဲ့တဲ့ နှစ်အစိတ် သုံးဆယ်လောက်တုန်းက အကြီးအကျယ် စာပေတိုက်ပွဲကြီးသဖွယ် ဆင်နွှဲခဲ့ကြတယ်။ နောက်ပိုင်း အသားတကျဖြစ်ပြီး ငြိမ်သွားပြန်တယ်။ ဒီနေ့ အခု ပြဿနာတစ်ရပ် ပြန်ထလာတယ်။ ကျွန်တော်တို့ဘက်က တကယ့်ပုဂ္ဂိုလ်ကျော် သာသနာ့ပညာရှင်ကြီးနှစ်ပါးကြားမှာကို တိုက်ပွဲတစ်ရပ်ဖြစ်ခဲ့ပြီးတော့ သရေပဲပြောမလား။ သူတို့ဘက်က နိုင်တယ် ပြောမလား ဒီသုံးသွလာက်ကို မနှစ်မြို့စွာ ဥပဒေတစ်ရပ်အဖြစ် ကျင့်သုံးခဲ့ကြတာ နှစ်ပေါင်းများစွာကြာပြီ”ဟု ၎င်းက ဆိုသည်။

အင်္ဂလိပ် ကိုလိုနီခေတ်က ပြဋ္ဌာန်းထားသည့် မြန်မာနိုင်ငံ တရားဥပဒေများ အက်ဥပဒေ (Burma Law Act) ပုဒ်မ ၁၃ တွင် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသူများ အချင်းချင်းကြား ဖြစ်ပွားသည့် လင်မယားထိမ်းမြားခြင်း၊ ကွာရှင်းပြတ်စဲခြင်း၊ ကလေးထိန်းသိမ်းခြင်း အမွေခွဲဝေခြင်းများတို့တွင် ဗုဒ္ဓဘာသာဖြစ်လျှင် ဗုဒ္ဓ ဘာသာ တရားဥပဒေ၊ အစ္စလာမ်ဘာသာဖြစ်လျှင် အစ္စလာမ်ဘာသာ တရားဥပဒေအတိုင်း၊ ခရစ်ယာန်ဘာသာဝင်ဖြစ်လျှင် ခရစ်ယာန်ဘာသာ ဥပဒေအတိုင်း ဖြေရှင်းရမည်ဟု ပြဋ္ဌာန်းထားသည်။

တရားဥပဒေရုံးများကလည်း အဆိုပါပြဋ္ဌာန်းချက်များကို အခြေခံကာ ဖြေရှင်းဆောင်ရွက် ဆုံးဖြတ်ပေးနေရကြောင်း ဥပဒေအသိုင်းအဝိုင်းထံမှ သိရသည်။  

J-08



  • VIA