News

POST TYPE

WORLD CUP 2018

ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာဆရာကြီး ဦးဖေမောင်တင်ကြေးရုပ် တုထားမည်
06-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၆


မြန်မာစာပေပညာရှင်လည်းဖြစ် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနကို တည်ထောင်ဖွင့်လှစ်ခဲ့သည့် မြန်မာစာပါမောက္ခ ဆရာကြီးဦးဖေမောင်တင်၏ ပုံတုကြေးရုပ်တုကို ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၌ ဒီဇင်ဘာလအတွင်း စတင်ထားရှိမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်ထံမှ သိရှိရသည်။


ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခဌာနမှူး ဒေါက်တာအောင်မြင့်ဦးက “ကိုလိုခေတ်ရောက်တဲ့အခါမှာ မြန်မာစာပေဟာ နောက်ဖေးကို ရောက်သွားတယ်။ မြန်မာစာဟာ တော်တော်လေး ချိုးနှိမ်ခံရတဲ့အနေအထားမှာ ရှိခဲ့တယ်။ မြန်မာစာပေကို အိမ်ဦးခန်းပြန်ရောက်အောင်လို့ ဆရာကြီးရဲ့ကြိုးစားမှုနဲ့ မြန်မာစာဌာနဆိုတာ သီးခြားဖြစ်လာတာ”ဟု ပြောကြားသည်။


အောက်ခံခုံအပါအဝင် အမြင့် ၉ ပေခန့် အရွယ်အစားရှိသည့် ဦးဖေမောင်တင်၏ ကိုယ်တစ်ပိုင်းပုံကြေးရုပ်တုထားရှိရန် ရန်ကုန်တက္ကသိုလ် မြန်မာစာမိသားစုနှင့် မြန်မာစာဌာန ကျောင်းသားဟောင်းများအသင်းက ပူးပေါင်းစီစဉ်နေခြင်းဖြစ်ပြီး ရုပ်တုပညာရှင် ဦးအောင်ကျော်ထွန်းထံ ရုပ်တုပြုလုပ်ရန်အပ်နှံထားကြောင်း မြန်မာစာဌာနထံမှ သိရှိရသည်။


ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနတည်ထောင်ခြင်း ၇၇ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ဆရာကြီးဦးဖေမောင်တင်၏ ပုံတူကြေးရုပ်တုဖွင့်ပွဲပြုလုပ်၍ ထားရှိမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၊ ကျောင်းသားဟောင်းများအသင်းဥက္ကဋ္ဌ ဦးမျိုးသန့်က ပြောကြားသည်။


“ဆရာကြီးဦးဖေမောင်တင်ဟာ မြန်မာစာပေလောကရဲ့ ကျေးဇူးရှင်လည်းဖြစ်တယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ ပထမဆုံး မြန်မာလူမျိုး ကျောင်းအုပ်ကြီးလည်းဖြစ်တယ်။ ဒါကြောင့်နှောင်းလူတို့ အစဉ်အမြဲ သတိရနေစေဖို့ ရုပ်တုစိုက်ထူဖို့ ကြိုးစားတာပါ”ဟု ဦးမျိုးသန့်က ပြောကြားသည်။


ဦးဖေမောင်တင်သည် ရန်ကုန်တက္ကသိုလ်၏ ပထမဆုံးသော မြန်မာလူမျိုး ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး မြန်မာစာပေသမိုင်းကို ရေးသားခဲ့ကာ မြန်မာခေတ်စမ်းစာပေပညာရှင်များဖြစ်သည့် သိပ္ပံမောင်ဝ၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ကို မွေးထုတ်ပေးခဲ့သည့် ဆရာတစ်ဦးလည်းဖြစ်သည်။


ကိုလိုနီခေတ်တွင် အင်္ဂလိပ်ဘာသာစကားကို ရုံးသုံးစာပေအဖြစ် ပြဋ္ဌာန်းထားချိန်တွင် မြန်မာစာပေကို ပြန်လည် အသက်ဝင် လက်ခံအောင် ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာဌာနကို ၁၉၄၁ ခုနှစ်မှစ၍ သီးခြား ဌာနအဖြစ် ဖွင့်လှစ်ခဲ့ပြီး မူလတန်းမြန်မာဖတ်စာအုပ်များကိုလည်း ရေးသားပြုစုခဲ့သူဖြစ်သည်။


J-19