News

POST TYPE

WORLD CUP 2018

နာဂဒေသတွင် ကလေးငယ်များ ရောဂါကူးစက်မှုကြောင့် ဖျားနာ
22-Aug-2018
မြစ်ကြီးနား၊ ဩဂုတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ် ဒုံဟီးမြို့တွင် အသက် ၁၀ နှစ်အောက် ကျောင်းနေအရွယ် ကလေးငယ်အများစုသည် ကူးစက်ရောဂါကြောင့် ရုတ်တရက် ဖျားနာခဲ့သဖြင့် ဩဂုတ်လ ၂၀ ရက်နေ့က ဒုံဟီးပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ကျောင်းနေကလေး၂၀ ကျော်သည် ခန္ဓာကိုယ်ပေါ်၌ အနီအဖုများထွက်၍ ချောင်းဆိုးခြင်း၊ မျက်လုံးနီခြင်းတို့ ဖြစ်ပေါ်နေပြီး တစ်ဦးကိုတစ်ဦးကူးစက်နေကြောင်း၊ ဒုံဟီးဆေးရုံသို့ လာရောက်ကုသခံယူခဲ့၍ လက်ရှိတွင် စိုးရိမ်စရာမရှိသေးကြောင်း ယင်းဒုံဟီးမြို့ခံ ဦးလော်တူးက ပြောကြားသည်။

“မနေ့က ၂၀ ကျော်လောက် ဆေးရုံကိုလာပြတယ်။ ဆေးရုံတက်ရတဲ့အဆင့်တော့ မရှိသေးဘူး။ ဘာရောဂါဆိုတာတော့ မသိရသေးဘူးပြောတယ်”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ကလေးငယ်များသည် မူလတန်းကျောင်းနေကလေးသူငယ်များဖြစ်ပြီး အသက်ဆယ်နှစ်အောက် ကလေးများဖြစ်ကာ မည်သည့်ရောဂါဖြစ်သည်ကို မသိရှိသေးကြောင်း ဒုံဟီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းနိုင်က အတည်ပြုပြောကြားသည်။ 

“ချောင်းဆိုးတာ၊ မျက်လုံးနီတာပေါ့။ အဲဒါကြောင့် ကူးစက်လို့ ကျောင်းမသွားခိုင်းတာ။ ဘာရောဂါလို့တော့ ဆရာဝန်တွေက မပြောသေးဘူး”ဟု ၎င်းက ဆိုသည်။

အဆိုပါ ရောဂါဖြစ်ပွားမှုကြောင့် ယခင်နှစ်ကဖြစ်ပွားခဲ့ဖူးသည့် ဝက်သက်ရောဂါ ထပ်မံဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒုံဟီးမြို့တွင် အိမ်ခြေ ၂၀၀ကျော်ရှိကြောင်း အုပ်ချုပ်ရေးရုံးထံမှ စုံစမ်းသိရှိရသည်။

၂၀၁၇ ခုနှစ်အတွင်းကလည်း နာဂဒေသ၊ လဟယ်မြို့နယ်၊ လောနော ကုန်းကျေးရွာတွင် ချောင်းဆိုးရောဂါဖြစ်ပွားခဲ့ခြင်းကြောင့် ကလေးငယ်များ အပါအဝင် သေဆုံးသူ ၁၀ ဦးကျော်ရှိခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က နန်းယွန်းမြို့နယ်၊ ကဲဆန်ကားလန်၊ ကဲဆန်ဆာလင်၊ ကဲဆန်လောင်ကျန်၊ ရှိတ်ညိုနှင့် ကဲဆန်ဘောက်လွန်ရွာစသည့် ကျေးရွာငါးရွာအပြင် လဟယ်မြို့နယ်ရှိ ကျေးရွာအချို့မှ ကလေးများနှင့် လူကြီးများ၌ ဝက်သက်ရောဂါအပါအဝင် ကူးစက်ရောဂါ ကပ်ဘေးကျရောက်ခဲ့မှုကြောင့် သေဆုံးသူ ၈၀ ကျော်ရှိခဲ့ကြောင်း နာဂလူမှုအဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်းထားသည့် Emergency Response Team to Naga Region ၏ မှတ်တမ်းအရသိရသည်။

R-06


  • VIA