News

POST TYPE

WORLD CUP 2018

ငါး၊ ပုစွန်အအေးခန်းများကို ဆော်ဒီစစ်ဆေးရေးအဖွဲ့ လာစစ်မည့်ကိစ္စ အကြောင်းမပြန်
29-Jul-2018

ရန်ကုန်၊ ဇူလိုင် ၂၈

မြန်မာနိုင်ငံရှိ ငါး၊ ပုစွန်ရေထွက် ပစ္စည်းစက်ရုံများ ကျန်းမာရေးနှင့် သန့်ရှင်းမှုဆိုင်ရာ စည်းမျဉ်းများနှင့် ကိုက်ညီမှု ရှိမရှိကို ဆော်ဒီအာရေဗျနိုင်ငံမှ ပတ်ဝန်းကျင်ရေနှင့် စိုက်ပျိုးရေးဝန်ကြီးဌာန၊ FDA အဖွဲ့နှင့် ငါးမွေးမြူရေးအသင်းအဖွဲ့တို့ လာရောက်စစ်ဆေးပေးရန် တောင်းဆိုထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဒေါက်တာထွန်းလွင်က ပြောကြားသည်။ 

ဆော်ဒီအာရေဗျနိုင်ငံမှ ငါးလုပ်ငန်းဆိုင်ရာ စစ်ဆေးရေးအဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းက ဗီယက်နမ်နိုင်ငံရှိ ဆော်ဒီနိုင်ငံသို့ ငါး၊ ပုစွန်ရေထွက်ပစ္စည်းများ တင်ပို့နေသည့် စက်ရုံပေါင်း ၂၄ ရုံသို့ သွားရောက်စစ်ဆေးခဲ့ရာ စက်ရုံ ၉ ရုံသာ သန့်ရှင်းမှုဆိုင်ရာ စည်းမျဉ်းများနှင့် ကိုက်ညီသောကြောင့် ဗီယက်နမ်အပါအဝင် အခြားငါးတင်သွင်းရာနိုင်ငံများဖြစ်သည့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့မှ ငါး၊ ပုစွန်တင်သွင်းခြင်းကိုပါ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်၍ ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံမှ ငါးတင်သွင်းမှုကို ယာယီပိတ်လိုက်ခြင်းနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ပေးရန်အတွက် ဆော်ဒီအစိုးရထံ မတ်လတတိယပတ်အတွင်းက စာပို့အကြောင်းကြားထားခြင်းဖြစ်သည်။

ဆော်ဒီအာရေဗျနိုင်ငံမှ စစ်ဆေးရေးအဖွဲ့ လာရောက်စစ်ဆေးပြီးပါက ငါးတင်ပို့ခွင့်ပြန်လည်ရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း ငါးမွေးမြူရေးလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

“ဆော်ဒီဘက်က လာစစ်မယ်လို့တော့ ပြောထားတယ်။ အစစ်ခံဖို့အတွက် အဆင်သင့်လုပ်ထားတယ်။ ရေထွက်ပစ္စည်း အအေးခန်းတွေအနေနဲ့ သူတို့လိုချင်တဲ့ အစားအစာ ဘေးကင်းလုံခြုံမှု ရှိမရှိကို စစ်မှာပါ။ သူတို့ဘက်က လာစစ်လိုက်ရင်တော့ အဆင်ပြေသွားမယ်ထင်ပါတယ်”ဟု ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောဆိုသည်။ 

မြန်မာနိုင်ငံအနေနှင့် ဆော်ဒီနိုင်ငံသို့ မွေးမြူရေးငါးဖြစ်သည့်ငါးမြစ်ချင်း အများဆုံးတင်ပို့နေခြင်းဖြစ်ပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာသန်း ၄၀ အထိ တိုက်ရိုက်တင်ပို့မှုရှိကြောင်း ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ 

J-11