POST TYPE

WORLD CUP 2018

ကနေဒါ သေနတ်ပစ်မှုတွင် သံသယရှိသူ ဖိုင်ဆယ်ဟူစိန်ကိုစိစစ်ဖော်ထုတ်


တိုရန်တို၊ ဇူလိုင် ၂၄

တနင်္ဂနွေနေ့က ကနေဒါနိုင်ငံ တိုရန်တိုတွင် ဖြစ်ပွားခဲ့သောသေနတ်ပစ်မှုတွင် သံသယရှိသူတရားခံမှာ ဖိုင်ဆယ်ဟူစိန် ၂၉ နှစ်ဖြစ်သည်ဟု ကနေဒါအာဏာပိုင်များက စိစစ်ဖော်ထုတ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ယခုဖြစ်ရပ်တွင် ထူးခြားသောအခြေအနေများရှိနေသောကြောင့် ၎င်း၏အမည်ကို ထုတ်ပြန်ရခြင်းဖြစ်သည်ဟု အွန်တာရီယိုအထူးစုံစမ်းရေးဌာန SIU က ပြောကြားသည်။

တိုရန်တိုမြို့ ဂရိတောင်းရပ်ကွက် လူစည်ကားရာနေရာတွင် သေနတ်သမား၏ ပစ်ခတ်မှုကြောင့် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ သေဆုံးခဲ့ကြရပြီး နောက်ထပ် ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

တနင်္ဂနွေနေ့ည ၁၀ နာရီကျော်ကျော်တွင် ဖြစ်ပွားခဲ့သော အဆိုပါသေနတ် ပစ်ခတ်မှုတွင် တရားခံကိုရဲများက ဘောင်ဒင်လမ်းအထိ လိုက်ဖမ်းခဲ့ကြရာ ထိုနေရာတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ထပ်မံလွတ်မြောက်သွားရာမှ ဒန်ဖို့သ်ရိပ်သာလမ်းနှင့် မီတာ ၁၀၀ အကွာနေရာတွင် တရားခံ၏ အလောင်းကို တွေ့ရှိခဲ့ကြသည်ဟု SIU က ပြောကြားသည်။

တရားခံဟူစိန်၏ မိသားစုက ၎င်းတို့၏ သားဖြစ်သူ၏ ကြောက်မက်ဖွယ်လုပ်ရပ်ကြောင့် ဘေးသင့်ခဲ့သူများနှင့် မိသားစုများအား အထူးဝမ်းနည်းကြောင်း ဖော်ပြလိုသည်ဟု ကြေညာချက်ထုတ်ပြန်သည်။

၎င်းတို့၏သားဖြစ်သူသည် ကုသ၍ မရသော စိတ်ရောဂါနှင့် စိတ်ကျရောဂါကြောင့် စိတ်ကျန်းမာရေးဆိုးဝါးစွာ ချို့ယွင်းနေသူဖြစ်သည်ဟု ဟူစိန်မိသားစုက ပြောကြားသည်။

သေဆုံးသူနှစ်ဦးအနက် ရီးစ်ဖော်လွန် ၁၈ နှစ်ကိုသာ အာဏာပိုင်များက စိစစ်ဖော်ထုတ်နိုင်ခဲ့သည်ဟု လွှတ်တော်အမတ် နေသန်နီယယ် အာစကင်းစမစ်က ပြောကြားသည်။

ရီးစ်ဖော်လွန်သည် မက်မာစတာ တက္ကသိုလ်တွင် စတင်တက်ရောက် ပညာသင်ယူနေသူဖြစ်ပြီး လွတ်လပ်ပွင့်လင်း တက်ကြွလှုပ်ရှားသော လူငယ်တစ်ဦးဖြစ်သောကြောင့် သူမသေဆုံးမှုသည် ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်ဟု လွှတ်တော်အမတ်က ပြောကြားသည်။

သူမသည် ကျောင်းတွင် ဝန်ထမ်းများ၏ လေးစားမှုနှင့် သူငယ်ချင်းများ၏ ချစ်ခင်မှုကို ရရှိသူဖြစ်သည်ဟု ကျောင်းကော်မတီက ပြောကြားသည်။

အဆိုပါကြေကွဲဖွယ်ဖြစ်ရပ်သည် တိုရန်တိုမြို့လယ်ရှိ စားသောက်ဆိုင်များနှင့် လည်ပတ်စရာနေရာများကြောင့် လူစည်ကားသော ဂရိတောင်းရပ်ကွက်တွင် တနင်္ဂနွေနေ့ည ၁၀ နာရီကျော်တွင် ဖြစ်ပွားခဲ့သည်။ သေနတ်သံများ ကြားရပြီးနောက် လူများထွက်ပြေးကြသည်ဟု မြင်တွေ့သူများက ပြောကြားသည်။ ထိုဖြစ်ရပ်တွင် အမျိုးသမီးရှစ်ဦးနှင့် အမျိုးသားခုနစ်ဦး သေနတ်ပစ်ခံရသည်ဟု ရဲများက ပြောကြားသည်။

ကနေဒါနိုင်ငံတွင် သေနတ်ပစ်အကြမ်းဖက်မှုသည် များစွာရှားပါးသော်လည်း မကြာသေးမီနှစ်များအတွင်း တိုရန်တိုတွင် သိသိသာသာ မြင့်တက်လာခဲ့သည်။ 

ယခုလအစောပိုင်း သီတင်းပတ်ကုန်ရက်ကလည်း သေနတ်ပစ်မှုများ ဖြစ်ပွားခဲ့သောကြောင့် ရဲများအင်အားပိုမိုသုံးကာ ကင်းလှည့်စေရန် လုပ်ဆောင်နေသည်ဟု မြို့တော်ဝန်တိုရီက ပြောဆိုထားသည်။

တိုရန်တိုတွင် သေနတ်ပစ်မှုများသည် ၂၀၁၄ မှ ၂၀၁၇ အတွင်း ၁၇၇ မှုမှ ၃၉၅ မှုသို့ နှစ်ဆတိုးမြင့်လာခဲ့သည်ဟု ရဲဌာနကိန်းဂဏန်းများအရ သိရှိရသည်။

ကျေးလက်ဒေသများတွင် သေနတ်ကို တွင်တွင်ကျယ်ကျယ် ပိုင်ဆိုင်အသုံး ပြုနေကြသော ကနေဒါနိုင်ငံတွင် သေနတ်ထိန်းချုပ်ရေးမူဝါဒနှင့်ပတ်သက်၍ သဘောထားကွဲလွဲကာ ငြင်းခုံမှုများ ဖြစ်ပေါ်လျက်ရှိသည်။ 

F-04