News

POST TYPE

WORLD CUP 2018

2018 World Cup GROUP (B)
15-Jun-2018




၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (ခ) သုံးသပ်ချက်

အကြိတ်အနယ်ဖြစ်လာနိုင်တဲ့ အုပ်စုတွေထဲမှာ အပါအဝင်ဖြစ်ပြီး ပုံမှန်အားဖြင့် အိုင်ဘာနီယန်ကျွန်းဆွယ်က ဒါဘီပြိုင်ဘက်တွေဖြစ်တဲ့ စပိန်နဲ့ ပေါ်တူဂီတို့ပဲ နောက်တစ်ဆင့်တက်သွားဖို့ အလားအလာများပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အဆင့် ၄၂ နေရာမှာရှိနေပြီး အုပ်စုတွင်းမှာ အဆင့်အနိမ့်ဆုံးဖြစ်နေပေမယ့် ဘယ်လ်ဟန်ဒါ၊ ဘီနာတီယာတို့လိုကစားသမားတွေ ဦးဆောင်လာမယ့် မော်ရိုကိုနဲ့ မန်ယူလက်ထောက်နည်းပြ ဟောင်းကွီးရော့ဇ် ဦးဆောင်လာမယ့် အီရန်တို့ကလည်း ရုန်းကန်လာဖို့ရှိနေလို့ အကြိတ်အနယ်ရှိတဲ့ အုပ်စုတစ်ခုဖြစ်လာနိုင်ပါတယ်။ အသင်းလေးသင်းစလုံးရဲ့ ခြေစစ်ပွဲ နောက်ဆုံးအဆင့် စုစုပေါင်းသွင်းဂိုးက ၈၉ ဂိုးအထိ ရှိခဲ့တဲ့အပြင် ပေးဂိုးလည်း ကိုးဂိုးသာရှိခဲ့လို့ အကျပ်ဆုံးအုပ်စုလို့တောင် ခေါ်ဆိုကြပါတယ်။

စပိန်

၂၀၁၀ ချန်ပီယံဟောင်း စပိန်အသင်းအနေနဲ့ ၂၀၁၄ ပြိုင်ပွဲမှာတုန်းက အုပ်စုအဆင့်ကထွက်ခဲ့ရတာကို ဒီနှစ်မှာ ပြန်လည်ချေဖျက်ဖို့ကြိုးစား လာမှာသေချာပါတယ်။ လွန်ခဲ့တဲ့လေးနှစ်တုန်းက ဘရာဇီးမှာရုန်းကန်ခဲ့ရပေမယ့် ဒီတစ်ကြိမ်မှာတော့ စပိန်တို့ခြေစွမ်းကောင်းနေပြီး ခြေစစ်ပွဲအဆင့် ၁၀ ပွဲကစားခဲ့ရာမှာ ကိုးပွဲအနိုင်ရခဲ့သလို သွင်းဂိုးလည်း ၃၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ စပိန်အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၄ ကြိမ်မြောက် ကစားခွင့်ရမှာဖြစ်ပါတယ်။ စပိန်အသင်းမှာ စိတ်ဝင်စားဖို့အကောင်းဆုံးအချက်က ချယ်လ်ဆီးမှာ ခြေစွမ်းမပြနိုင်လို့ ချန်လှပ်ခံခဲ့ရတဲ့မိုရာတာနဲ့ သူ့နေရာမှာ အဓိကတိုက်စစ်မှူးဖြစ်လာတဲ့ ဒီယေဂိုကော်စတာတို့ပဲဖြစ်ပါတယ်။ စပိန်အသင်းမှာ ကမ္ဘာ့ချန်ပီယံဖြစ်ဖူးတဲ့ ကစားသမားတွေဆိုလို့ အင်နီယေစတာ၊ ပီကေး၊ ရာမို့စ်နဲ့ ဒေးဗစ်ဆေးလ်ဗားတို့သာ ကျန်ရှိတော့မှာဖြစ်ပြီး သွေးသစ်လောင်းထားတဲ့ ကစားသမားတွေနဲ့ ပွဲထွက်လာမှာဖြစ်ပါတယ်။ စပိန်ရဲ့အဓိကလက်နက်က ကွင်းလယ်နဲ့ တိုက်စစ်အင်အားလို့ ဆိုနေကြပေမယ့် ခြေစစ်ပွဲအဆင့်မှာ ပေးဂိုးသုံးဂိုးသာရှိခဲ့တဲ့ခံစစ်ပိုင်းကလည်း ဒီနှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားရခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ မန်ယူကို ဂိုးမပေးရတဲ့ပွဲ ၁၈ ပွဲအထိရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဒီဂီယာကလည်း စပိန်အသင်းရဲ့ အရေးပါတဲ့လက်နက်တစ်ခုအဖြစ် သုံးသပ်ထားကြပါတယ်။

၎-၃-၃ ကစားကွက်ကို အခြေခံတဲ့ နည်းပြလိုပီတီဂွီရဲ့နည်းဗျူဟာမှာ ကွင်းလယ်ကစားသမားတွေနဲ့ တောင်ပံကစားသမားတွေက အရေးပါလာမှာဖြစ်ပြီး အင်နီယေစတာနဲ့ ဆေးလ်ဗားတို့ဦးဆောင်တဲ့ ကွင်းလယ်ပိုင်းကလည်း တောင့်တင်းမှုရှိပါတယ်။ စပိန်အနေနဲ့ အုပ်စုဗိုလ်နေရာရ ဖို့ ပွဲဦးထွက်ကစားရမယ့် ပေါ်တူဂီနဲ့ပွဲမှာ နိုင်ပွဲရထားဖို့လိုပါတယ်။ စပိန်လူစာရင်းမှာ ဖာဘရီဂတ်စ်၊ အလွန်ဆိုနဲ့ မိုရာတာတို့ မပါပေမယ့် တောင့်တင်းတဲ့လူအင်အားကို ပိုင်ဆိုင်ထားဆဲဖြစ်လို့ အုပ်စုအဆင့်တက်ဖို့က မြေကြီးလက်ခတ်မလွဲဆိုပေမယ့် အုပ်စုဗိုလ်ဖြစ်ထားမှသာ အိမ်ရှင်ရုရှားပါတဲ့ အုပ်စု (က) က အုပ်စုဗိုလ်ဖြစ်လာနိုင်တဲ့ ဥရုဂွေးကိုရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

ပေါ်တူဂီ

ယူရို ၂၀၁၆ မှာ ဗိုလ်စွဲပြီး ဥရောပချန်ပီယံအဖြစ်နဲ့ ဒီပြိုင်ပွဲမှာယှဉ်ပြိုင်မယ့် ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားမှာတော့ တစ်ကြိမ်တစ်ခါမှ ချန်ပီယံဖြစ်ဖူးခြင်းမရှိဘဲ အင်္ဂလန်မှာကျင်းပတဲ့ ၁၉၆၆ ကမ္ဘာ့ဖလားမှာ တတိယနေရာရခဲ့ဖူးတာက အမြင့်ဆုံးအောင်မြင်မှုဖြစ်ပါတယ်။ ပေါ်တူဂီဟာလည်း စပိန်လိုပဲ ၂၀၁၄ ကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပြီး ဂျာမနီနဲ့ အမေရိကန်အသင်းတွေနောက်မှာ တတိယနေရာ သာရခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီဟာ ခြေစစ်ပွဲအဆင့်မှာ ဆွစ်ဇာလန်နဲ့ ဟန်ဂေရီတို့ကို ကျော်လွန်ကာ အုပ်စုဗိုလ်အဖြစ် ခြေစစ်ပွဲအောင်ခဲ့တာဖြစ်ပြီး ယူရို ၂၀၁၆ က အောင်မြင်မှုတွေကို အခုကမ္ဘာ့ဖလားမှာပါ ဆက်လက်ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ ပေါ်တူဂီမှာ အဓိကအရေးပါလာမှာက စီရော်နယ်ဒိုပဲဖြစ်မယ်ဆိုတာ အငြင်းပွားစရာမလိုပေမယ့် သူဟာ ၂၀၀၆ ပြိုင်ပွဲ နောက်ပိုင်းကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းမှာ တစ်ဂိုးထက်ပိုပြီး ဂိုးသွင်းယူနိုင်ခြင်းမရှိတာ တွေ့ရပါတယ်။စီရော်နယ်ဒိုအနေနဲ့ ပေါ်တူဂီရဲ့ သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလား ဂိုးသွင်းဘုရင်ဖြစ်ပြီး ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုတည်းမှာ ကိုးဂိုးသွင်းယူထားတဲ့ အူစီဘီယိုကိုမီဖို့ ခုနစ်ဂိုးသွင်းယူဖို့ လိုနေပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခြေစစ်ပွဲအဆင့်မှာ ပေါ်တူဂီအတွက် ၁၅ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ စီရော်နယ်ဒိုဟာ အဓိက,ကစားသမားဖြစ်နေဦးမှာဖြစ်ပြီး သူနဲ့အတူ စောင့်ကြည့်ရမယ့် ကစားသမားတွေကတော့ အန်ဒရေးဆေးလ်ဗားနဲ့ ဝီလျံကာဗယ်ဟိုတို့ပဲဖြစ်ပါတယ်။ ဆေးလ်ဗားဟာ စီရော်နယ်ဒိုနည်းတူ ခြေစစ်ပွဲကာလမှာ အရေးပါတဲ့ဂိုးတွေ သွင်းယူပေးခဲ့သူဖြစ်ပြီး ကိုးဂိုးအထိ သွင်းယူခဲ့သူဖြစ်ပါတယ်။

ပေါ်တူဂီရဲ့ အဓိကအားနည်းချက်ဖြစ်လာနိုင်တာက ခံစစ်ပိုင်းဖြစ်နိုင်ပြီး အဓိက,ကစားသမားတွေဖြစ်တဲ့ ဖွန်တီ၊ ပီပီနဲ့ ဘရူနိုအဲလ်ဗက်စ်တို့အားလုံးဟာ အသက် ၃၅ နှစ်ဝန်းကျင်တွေ ဖြစ်ကြပါတယ် ခံစစ်ကစားသမားတွေထဲမှာ အသက်အငယ်ဆုံးဆိုလို့ ၂၁ နှစ်အရွယ် ဘင်ဖီကာက ရူဘန်ဒီယက်ဇ်ပဲ ပါဝင်ပါတယ်။ ခံစစ်ပိုင်းကို အလေးထားပြီး တန်ပြန်တိုက်စစ်ကို အားသန်တဲ့ ပေါ်တူဂီနည်းပြဆန်းတို့စ်ရဲ့နည်းဗျူဟာက ယူရို ၂၀၁၆ ပြိုင်ပွဲမှာတုန်းက အလုပ်ဖြစ်ခဲ့ပေမယ့် ဒီတစ်ကြိမ်ကမ္ဘာ့ဖလားမှာ အသုံးဝင်ပါဦးမလားဆိုတာ စောင့်ကြည့်ရမှာပါ။

မော်ရိုကို

အာဖရိကထိပ်သီး မော်ရိုကိုအတွက် အခုတစ်ကြိမ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ငါးကြိမ်မြောက်ပါဝင် ကစားခွင့်ရခြင်းဖြစ်ပါတယ်။ ၁၉၇၆ အာဖရိကချန်ပီယံမော်ရိုကိုအသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်လာမှာက ဂျူဗင်တပ်နောက်ခံလူ ဘီနာတီယာဖြစ်ပြီး ဆောက်သမ်တန်က ဘူဖယ်၊ ရီးရဲလ်က ဟာကာမီ၊ ဖီယင်နုက အဲလ်အာမာဒီ၊ ဂါလာတာစာရေးက ဘယ်လ်ဟန်ဒါတို့လို ဥရောပအခြေစိုက်ကစားသမားတွေ အများအပြားပါဝင်နေပါတယ်။ မော်ရိုကိုဟာ ခြေစစ်ပွဲအဆင့်မှာ ရှုံးပွဲတစ်ပွဲမှမရှိဘဲ ခြေစစ်ပွဲအောင် မြင်လာခဲ့တာဖြစ်ပြီး ဂိုးမရှိသရေပွဲ သုံးပွဲအထိရှိခဲ့လို့ ခံစစ်ကစားပုံနဲ့အတူ ခြေစစ်ပွဲအောင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ မော်ရိုကိုအနေနဲ့ ၁၉၉၈ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီး အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်တာလည်း တစ်ကြိမ်သာရှိခဲ့ဖူးပါတယ်။ ၁၉၈၆ ကမ္ဘာ့ဖလားမှာ ပိုလန်၊ အင်္ဂလန်၊ ပေါ်တူဂီတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့စဉ်က နောက်တစ်ဆင့်တက်ခဲ့တာပါ။ခြေစစ်ပွဲနောက်ဆုံးအဆင့်မှာ ၁၁ ဂိုးသွင်းယူခဲ့ပြီး ပေးဂိုးလုံးဝမရှိခဲ့တဲ့ မော်ရိုကိုအသင်းရဲ့ အဓိကလက်နက်ကတော့ ဘီနာတီယာဦးဆောင်တဲ့ ခံစစ်ပိုင်းဖြစ်ပြီး ဒီအားသာချက်နဲ့ပဲ နောက်တစ်ဆင့်တက်ဖို့ ကြိုးစားလာမှာဖြစ်ပါတယ်။ မော်ရိုကိုအနေနဲ့ ခြေစစ်ပွဲအောင်ပြီးတဲ့နောက် ခြေစမ်းပွဲတွေကစားရမှာလည်း ရှုံးပွဲလုံးဝမရှိခဲ့ဘဲ တောင်ကိုရီးယား၊ အိုင်ဗရီကို့စ်၊ ဆားဘီးယားနဲ့ ဆလိုဗက်ကီးယားတို့ကို အနိုင်ရထားတာကြောင့် ဖျက်မြင်းအဖြစ်နဲ့ အုပ်စုအဆင့်ကို မကျော်နိုင်ဘူးလို့ မပြောနိုင်ပါဘူး။

အီရန်

အီရန်အသင်းဟာလည်း မော်ရိုကိုလိုပဲ ကမ္ဘာ့ဖလားပြိုင်ပွဲကို ငါးကြိမ်မြောက်ကစားခွင့်ရမယ့် အသင်းဖြစ်ပြီး သူတို့ရဲ့ကမ္ဘာ့ဖလားသမိုင်းကြောင်းထဲက တစ်ခုတည်းသောနိုင်ပွဲကတော့ ၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလားမှာ အမေရိကန်အသင်းကို ၂-၁ နဲ့ အနိုင်ရခဲ့ခြင်းပဲဖြစ်ပါတယ်။ အီရန်ဟာ ခြေစစ်ပွဲအဆင့် ၁၀ ပွဲ ကစားခဲ့ရာမှာ ၂၂ မှတ်ရယူပြီး အုပ်စုဗိုလ်အဖြစ် ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။ အီရန်ဟာ တောင်ကိုရီးယားအပြင် ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင် ကာတာပါဝင်တဲ့အုပ်စုမှာ ရှုံးပွဲလုံးဝမရှိဘဲ ခြေစစ်ပွဲအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီကို အကောင်းဆုံးဦးဆောင်လာမှာက မန်ယူလက်ထောက် နည်းပြဟောင်း ကွီးရော့ဇ်ဖြစ်ပြီး ပေါ်တူဂီနည်းပြအဖြစ်နှစ်ကြိမ်၊ မန်ယူမှာ ဖာဂူဆန်လက်ထောက်အဖြစ် နှစ်ကြိမ်တာဝန်ယူခဲ့ဖူးတဲ့အပြင် ရီးရဲလ်၊ စပို့တင်းလစ္စဘွန်း၊ နယူးယော့ခ်၊ နာဂိုယာစတဲ့အသင်းတွေမှာလည်း နည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးတဲ့ ကွီးရော့ဇ်ဟာ အီရန်နည်းပြဖြစ်နေခဲ့တာ ၂၀၁၁ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ယူအေအီးနဲ့ တောင်အာဖရိကအသင်းတွေကိုလည်း တာဝန်ယူခဲ့ဖူးသူဖြစ်လို့ ကွီးရော့ဇ်ရဲ့အတွေ့အကြုံတွေနဲ့အတူ အီရန်အနေနဲ့ မထင်မှတ်တာတွေ လုပ်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

အီရန်ရဲ့ အဓိက,ကစားသမားတွေက AEK အေသင်က အသင်းခေါင်းဆောင် ရှိုဂျာအီနဲ့ နော်တင်ဟမ်ဖောရက်စ်က ဒီဂျာဂါတို့ပဲဖြစ်မှာသေချာပေမယ့် ရူဘင်ကာဇန်က အက်ဇ်မွန်း၊ အယ်လ်ဂါရာဖာက တာရီမီနဲ့ အိုလံပီယာကော့စ်က ဟက်ဆာဖီတို့ကလည်း အရေးပါလာနိုင်ပါတယ်။ အထူးသဖြင့် အသက် ၂၃ နှစ်အရွယ်သာရှိသေးပေမယ့် အီရန်အတွက် ၂၂ ဂိုးအထိ သွင်းယူထားတဲ့အပြင် ခြေစစ်ပွဲကာလမှာလည်း ခုနစ်ဂိုးသွင်းယူထားတဲ့ အက်ဇ်မွန်းက စောင့်ကြည့်ရမယ့်ကစားသမားဖြစ်ပါတယ်။  

သုံးသပ်ချက်

ဒီအုပ်စုမှာ ထိပ်ဆုံးနေရာတွေကိုရယူသွားဖို့ သေချာသလောက်ရှိနေတာက ထိပ်သီးအသင်းတွေဖြစ်တဲ့ စပိန်နဲ့ ပေါ်တူဂီတို့ပဲဖြစ်ပြီး နှစ်သင်းစလုံးဟာ ခြေစစ်ပွဲကာလမှာ သုံးဂိုးနဲ့ လေးဂိုးစီတွေသာ ဂိုးပေးခဲ့ရတာဖြစ်လို့ ဒီလိုခံစစ်တွေကိုကျော်ဖြတ်ပြီး အီရန်နဲ့မော်ရိုကိုတို့က ဂိုးသွင်းနိုင်ဖို့ဆိုတာ ဖြစ်နိုင်ချေနည်းလွန်းပါတယ်။ နောက်ဆုံးယူရိုပြိုင်ပွဲနှစ်ရပ်မှာ ချန်ပီယံဖြစ်ထားတဲ့ စပိန်နဲ့ပေါ်တူဂီတို့ပဲ နောက်တစ်ဆင့်တက်သွားမှာသေချာနေပြီး ဒီဂီယာကိုပိုင်ဆိုင်ထားတဲ့ စပိန်က ပေါ်တူဂီထက် နှာတစ်ဖျားအသာနဲ့ အုပ်စုဗိုလ်နေရာကို ရယူသွားပါလိမ့်မယ်။ စီရော်နယ်ဒိုအတွက် နောက်ဆုံးဖြစ်ဖို့များတဲ့ ဒီနှစ်ကမ္ဘာ့ဖလားမှာ သူ့အနေနဲ့ ရွှေဖိနပ်ဆုကိုရနိုင်ဖို့ဆိုတာကလည်း မဖြစ်နိုင်သလောက်ပါပဲ။


  • VIA