News

POST TYPE

WORLD CUP 2018

2018 World Cup GROUP (A)


ဥရုဂွေးနဲ့အတူ အိမ်ရှင်နောက်တစ်ဆင့်တက်မယ့် အုပ်စု (က) ရဲ့ဇာတာ

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (က) သုံးသပ်ချက်

အိမ်ရှင်ရုရှားပါတဲ့ ဒီအုပ်စုဟာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်မှာ အားအနည်းဆုံးအုပ်စုလို့တောင် ဆိုနိုင်ပါတယ်။ ကျန်အုပ်စုတွေနဲ့ယှဉ်ရင် အချောင်ဆုံးအုပ်စုတစ်ခုဖြစ်နေပြီး ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ရုရှား၊ အယ်လ်ဂျီးရီးယား၊ ဘယ်လ်ဂျီယံနဲ့ တောင်ကိုရီးယားတို့ပါတဲ့ အုပ်စုနဲ့တောင် နှိုင်းယှဉ်နိုင်ပါတယ်။ အိမ်ရှင်ရုရှား၊ ဆော်ဒီအာရေဗျ၊ အီဂျစ်နဲ့ ဥရုဂွေးတို့ပါဝင်နေတဲ့ ဒီအုပ်စုဟာ အိမ်ရှင်ကို နောက်တစ်ဆင့်တက်နိုင်အောင် အလေးပေးရေးဆွဲထားတဲ့ အုပ်စုလို့ဆိုနိုင်ပြီး အတောင့်တင်းဆုံးအသင်းဆိုလို့ ဥရုဂွေးတစ်သင်းတည်းသာ ပါဝင်ပါတယ်။

ရုရှား

အိမ်ရှင်အလေးသာစေတဲ့ ဒီအုပ်စုမှာ ရုရှားအနေနဲ့ မဲအိုး ၂ မှာ အကောင်းဆုံးအသင်းဖြစ်တဲ့ ဥရုဂွေးနဲ့ထိပ်တိုက်တွေ့ခဲ့ရတာဖြစ်ပေမယ့် မဲအိုး ၃ က အလယ်အလတ်အသင်းဖြစ်တဲ့ အီဂျစ်နဲ့တွေ့ဆုံခဲ့တာကတော့ မဆိုးလှပါဘူး။ သမိုင်းတစ်လျှောက်မှာ ကမ္ဘာ့ဖလားကို ၁၁ ကြိမ်ပါဝင်က စားခွင့်ရထားတဲ့ ရုရှားဟာ ၇ ကြိမ်မှာ ဆိုဗီယက်အနေနဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ၂၀၁၀ အိမ်ရှင်တောင်အာဖရိကလို အုပ်စုအဆင့်ကထွက်ရမလား၊ ၂၀၀၂ အိမ်ရှင်တောင်ကိုရီးယားလို ဆီမီးဖိုင်နယ်အထိ တက်နိုင်မလားဆိုတာ စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ဖလားနောက်ဆုံးအဆင့်ကို လေးကြိမ်မြောက်ကစားခွင့်ရမယ့် ရုရှားဟာ ၂၀၁၄ ပြိုင်ပွဲမှာတုန်းက ဘယ်လ်ဂျီယံကိုရှုံး၊ တောင်ကိုရီးယားနဲ့ အယ်လ်ဂျီးရီးယားကို သရေကျခဲ့ကာ အုပ်စုအဆင့်နဲ့ ကျေနပ်ခဲ့ရတာပါ။ ရုရှားအနေနဲ့ အုပ်စုအဆင့်ကို ကျော်လွန်နိုင်တဲ့သမိုင်းမှတ်တမ်းမရှိခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ အုပ်စုအနေအထားအရ မှတ်တမ်းသစ်ရေးထိုးနိုင်မယ့် အခွင့်အရေးရှိနေပါတယ်။ သူတို့ဟာ ယူရို ၂၀၁၆ မှာလည်း အင်္ဂလန်နဲ့ပွဲမှာသာ သရေတစ်မှတ်ရခဲ့တာဖြစ်ပြီး အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ရုရှားကိုဦးဆောင်လာမှာက ပွဲပေါင်း ၁၀၀ ကျော် ကစားထားတဲ့ ဂိုးသမားအကင်ဖိဗ်ဖြစ်ပြီး CSKA မော်စကိုက ဒီဇာဂေါ့၊ ဗီလာရီးရဲလ်က ချီရီရှက်ဗ်၊ ဇင်းနစ်က ကိုကိုရင်နဲ့ ဇာကော့ဗ်တို့ကတော့ အိမ်ရှင်အသင်းမှာ စောင့်ကြည့်ရမယ့် ကစားသမားတွေဖြစ်ပါတယ်။ ကမ္ဘာ့ဖလားအကြို ကွန်ဖက်ဒရေးရှင်းဖလားမှာ နယူးဇီလန်တစ်သင်းတည်းကိုသာ အနိုင်ရခဲ့ပြီး ပေါ်တူဂီနဲ့မက္ကဆီကိုတို့ကို အရေးနိမ့်ကာ အုပ်စုတတိယနေရာသာရခဲ့တဲ့ ရုရှားအနေနဲ့ အုပ်စုအဆင့်ကို ကျော်ဖြတ်ဖို့ဆိုရင် ဒုတိယနေရာအတွက် အီဂျစ်၊ ဆော်ဒီတို့ကို အနိုင်ကစားဖို့လိုအပ်ပါတယ်။ ဒီနှစ်ပွဲမှာ တစ်ပွဲခြေချော်လက်ချော် ဖြစ်ခဲ့မယ်ဆိုရင်တော့ ရုရှားအနေနဲ့ ပထမဆုံးအကြိမ် အုပ်စုအဆင့်ကို ကျော်လွန်ခွင့်အိပ်မက်ကို ဆုံးရှုံးသွားရမှာ သေချာသလောက်ပါပဲ။

ဥရုဂွေး

ဂန္ထဝင်နည်းပြတာဘာရက်ဇ်ဟာ ဥရုဂွေးကို လေးကြိမ်မြောက် ကမ္ဘာ့ဖလားကစားခွင့် ရရှိစေခဲ့သူဖြစ်ပြီး သမိုင်းတစ်လျှောက်မှာ ကမ္ဘာ့ချန်ပီယံဆုကို နှစ်ကြိမ်တိုင်ရရှိထားတဲ့ ဥရုဂွေးအတွက် တတိယမြောက် ဆုဖလားကိုရယူပေးနိုင်မှာလားဆိုတာ စိတ်ဝင်စားစရာပါ။ ကမ္ဘာ့ဖလားကို သမိုင်းတစ်လျှောက်မှာ ၁၃ ကြိမ် ပါဝင်ကစားခွင့်ရထားတဲ့ ဥရုဂွေးဟာ ၁၉၃၀ နဲ့ ၁၉၅၀ ခုနှစ်တွေမှာ ချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီး ၂၀၁၄ ကမ္ဘာ့ဖလားမှာတော့ ၁၆ သင်းအဆင့်အထိ ရောက်ခဲ့ပါတယ်။ ခြေစစ်ပွဲအဆင့်မှာ အစောဆုံးခြေစစ်ပွဲအောင်ခဲ့တဲ့ ဘရာဇီးပြီးရင် ဒုတိယနေရာနဲ့ခြေစစ်ပွဲ အောင်ခဲ့တဲ့အသင်း ဖြစ်ပါတယ်။ ဥရောပအခြေစိုက် ကစားသမားကောင်းတွေ အမြောက်အမြားရှိနေခြင်းက အုပ်စု (က) မှာ ဥရုဂွေးကို အုပ်စုဗိုလ်ဖြစ်မယ့်အသင်းအဖြစ် သတ်မှတ်စေဖို့ အဓိက အကြောင်းရင်းဖြစ်ပါတယ်။ တိုက်စစ်မှာ ဆွာရက်ဇ်နဲ့ ကာဗာနီတို့လို ထိပ်တန်းတိုက်စစ်မှူးတွေရှိနေပြီး ဆော်ဒီလိုအသင်းနဲ့ တစ်အုပ်စုတည်း ကျရောက်နေတဲ့အတွက် ဒီတိုက်စစ်မှူးနှစ်ဦးအနေနဲ့ ရွှေဖိနပ်ဆုရယူနိုင်မယ့် အခွင့်အရေးတောင် ရှိနေတယ်လို့ ခန့်မှန်းထားကြပါတယ်။ ခံစစ်ကိုကြည့်ရင်လည်း မနှစ်က လာလီဂါ ၃၈ ပွဲမှာ ၂၂ ဂိုးသာ ပေးထားရတဲ့ အက်သလက်တီကိုရဲ့ခံစစ်က ဂိုဒင်နဲ့ ဂျီမီနက်ဇ်ဦးဆောင်နေတာကြောင့် ခံစစ်တောင့်တင်းမှုကလည်း ဥရုဂွေးလက်နက်တစ်ခုလို့ ဆိုရမှာပါ။ဘာစီလိုနာရဲ့ထိပ်တန်းတိုက်စစ်မှူးဆွာရက်ဇ်၊ လီဂူးရဲ့ ဂိုးသွင်းဘု ရင်ကာဗာနီတို့အပြင် အင်တာမီလန်က ဗီဆီနို၊ ဂျူဗင်တပ်က ဘန်တန်ကာတို့ကိုလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အိမ်ရှင်နဲ့ တစ်အုပ်စုတည်းကျခဲ့လို့ အုပ်စုအဆင့်မှာ ပွဲချောင်နေပေမယ့် ဥရုဂွေးအနေနဲ့ ၁၆ သင်းအဆင့်မှာ တစ်ဖက်အုပ်စု (ခ) က စပိန် ဒါမှမဟုတ် ပေါ်တူဂီနဲ့ရင်ဆိုင်ရဖွယ် ရှိနေတာကြောင့် အုပ်စုပွဲတွေကို အခြေအနေကြည့်ပြီး ကစားသွားနိုင်ပါတယ်။ တရုတ်ဖိတ်ခေါ်ဖလားမှာ ချက်နဲ့ဝေးလတို့ကို အနိုင်ကစားထားတဲ့ ဥရုဂွေးအနေနဲ့ အုပ်စုအဆင့်ကို မကျော်နိုင်စရာ အကြောင်းမရှိပါဘူး။

အီဂျစ်

အတွေ့အကြုံများပြားတဲ့ အာဂျင်တီးနားလူမျိုးနည်းပြဟက်တာ ကူးပါးဦးဆောင်ပြီး လီဗာပူးနဲ့အတူ ခြေစွမ်းပြကစားနေတဲ့ ဆာလားဟ်ကြောင့် ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီဂျစ်အသင်းရဲ့အနေအထားကို အတော်လေးမျှော်လင့်ထားကြပါတယ်။ သမိုင်းတစ်လျှောက်မှာ ကမ္ဘာ့ဖလားကို သုံးကြိမ်သာယှဉ်ပြိုင်ခွင့် ရခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်ကျင်းပတဲ့ ၁၉၃၄ ကမ္ဘာ့ဖလားမှာ ပထမအဆင့်၊ ဒုတိယမြောက်နဲ့ နောက်ဆုံးပါ ဝင်ကစားခွင့်ရခဲ့တဲ့ ၁၉၉၀ ကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်တွေနဲ့ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ အဓိက,ကစားသမားဆာလားဟ်ကြောင့် အီဂျစ်အပေါ် မျှော်လင့်ချက်ကြီးမားခဲ့ကြပေမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲက ဒဏ်ရာအခြေအနေကြောင့် ဆာလားဟ်အနေနဲ့ အုပ်စုပွဲတွေကို ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနိုင်ပါ့မလားဆိုတာကတော့ သံသယဖြစ်စရာပါပဲ။ အီဂျစ်အနေနဲ့ ဆာလားဟ်ကစားနိုင်ဖို့ မျှော်လင့်ချက်ရှိထားတယ် ဆိုပေမယ့် သူသာမကစားနိုင်ခဲ့ဘူးဆိုရင် လက်ရှိလူစာရင်းအရ အုပ်စုအဆင့်ကို ကျော်လွန်နိုင်ဖို့ဆိုတာ အီဂျစ်အတွက် အခက်တွေ့သွားနိုင်တာ အမှန်ပါပဲ။ အီဂျစ်အနေနဲ့ ပေါ်တူဂီနဲ့ခြေစမ်းပွဲမှာ ၂-၁ နဲ့သာ ကပ်ရှုံးခဲ့တယ်ဆိုပေမယ့် ခြေစစ်ပွဲမအောင်တဲ့ ဂရိကို ၁-ဝ နဲ့ ရှုံးခဲ့တဲ့အပြင် ကူဝိတ်ကိုပါ တစ်ဂိုးစီသရေသာ ကစားနိုင်ခဲ့တဲ့အတွက် အီဂျစ်ရဲ့ခြေစွမ်းက ဆာလားဟ်မပါရင် ရြွေေမသာသာပဲလို့ ဆိုရမှာပါ။ အာဆင်နယ်က အယ်လ်နန်နီအပြင် အင်္ဂလိပ်ကလပ်တွေဖြစ်တဲ့ ဝက်စ်ဘရွန်း၊ အက်စတွန်ဗီလာနဲ့ ဝီဂန်တို့လို အသင်းတွေက ကစားသမားတွေ ပါဝင်လာမှာဖြစ်ပေမယ့် အီဂျစ်ရဲ့ လူအင်အားက အတော်လေး အားနည်းပါတယ်။ အီဂျစ်အနေနဲ့ ဆာလားဟ်ဒဏ်ရာပြဿနာရှိနေချိန်မှာ ၂၀၁၇ အာဖရိကနိုင်ငံများဖလား ဗိုလ်လုပွဲမှာ ကင်မရွန်းဘက်ကို ဂိုးသွင်းယူပေးခဲ့တဲ့ အယ်လ်နန်နီကိုပဲ အားထားရမှာဖြစ်ပြီး စတုတ်စီးတီးကွင်းလယ်လူ ဆိုဘီးကလည်း အရေးပါလာနိုင်ပါတယ်။ အီဂျစ်ဟာ အာဖရိကချန်ပီယံဆုကို ခုနစ်ကြိမ်တိုင်ရခဲ့ပေမယ့် ကမ္ဘာ့ဖလားသမိုင်းမှာတော့ နိုင်ပွဲတစ်ပွဲမှ မရဖူးသေးပါဘူး။ နောက်ဆုံးကစားခဲ့တဲ့ ၁၉၉၀ ကမ္ဘာ့ဖလားမှာ အင်္ဂလန်၊ နယ်သာလန်၊ အိုင်ယာလန်တို့နဲ့ တစ်အုပ်စုတည်းကျခဲ့ပြီး အင်္ဂလန်နဲ့မ ကစားခင် အဖွင့်နှစ်ပွဲမှာ သရေပွဲတွေရခဲ့တဲ့ အီဂျစ်အနေနဲ့ နာမည်ကြီးက စားသမားတွေမပါဘဲ ဘယ်လိုစွမ်းဆောင်သွားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

ဆော်ဒီအာရေဗျ

ချီလီအသင်းကို ခြေစစ်ပွဲအောင်မြင်အောင် မစွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် အာဂျင်တီးနားလူမျိုးနည်းပြပစ်ဇီဟာ ဆော်ဒီအာရေဗျနဲ့အတူ ကမ္ဘာ့ဖလားပွဲကို ပါဝင်ယှဉ်ပြိုင်ဦးမှာဖြစ်ပါတယ်။ နယ်သာလန်လူမျိုး နည်းပြဗန်မားဝစ်ဂ်ျမရှိတဲ့နောက်မှာ အာဂျင်တီးနားသား ဘော်ဇာက ခေတ္တတာဝန်ယူခဲ့ပေမယ့် တစ်လသာကြာမြင့်ခဲ့ပါတယ်။ ဒီနောက်မှာတော့ အတွေ့အကြုံများပြားတဲ့ ပစ်ဇီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ပစ်ဇီဟာ ချီလီကို ၂၀၁၆ ကိုပါအမေရိကဖလားရယူပေးခဲ့သူဖြစ်ပြီး ၂၀၁၇ ကွန်ဖက်ဒရေးရှင်းဖလားမှာလည်း ဗိုလ်လုပွဲအထိ တက်နိုင် အောင်စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဆော်ဒီအသင်းဟာ အာရှဇုန်ခြေစစ်ပွဲ တတိယအဆင့်မှာ ဂျပန်အသင်းနောက်ကနေ ဒုတိယနေရာနဲ့ တိုက်ရိုက်ခြေစစ်ပွဲအောင်ခဲ့တာဖြစ်ပြီး ဩစတြေးလျလိုအသင်းကို နောက်ကောက်ချကာ ဒုတိယနေရာရယူနိုင်ခဲ့တာက ချီးကျူးရမှာဖြစ်ပါတယ်။ သမိုင်းတစ်လျှောက်မှာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ငါးကြိမ်ကစားခဲ့ဖူးတဲ့ ဆော်ဒီဟာ ၁၉၉၄ ပြိုင်ပွဲမှာတုန်းက သူတို့အတွက် အမြင့်ဆုံးအောင်မြင်မှုဖြစ်တဲ့ ၁၆ သင်းအဆင့်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၉၄ နောက်ပိုင်းမှာ အုပ်စုအဆင့်နဲ့ပဲ ဆက်တိုက်ကျေနပ်ခဲ့ရပြီး ၂၀၁၀ နဲ့ ၂၀၁၄ မှာ ခြေစစ်ပွဲမအောင်ခဲ့တဲ့ ဆော်ဒီအနေနဲ့ ဒီနှစ်မှာလည်း အုပ်စုအဆင့်ကိုကျော်လွန်ဖို့ဆိုတာ ဖြစ်နိုင်ခြေ နည်းပါးလွန်းတာအမှန်ပါပဲ။ ဆော်ဒီဟာ ပြည်တွင်းအခြေစိုက် ကစားသမားတွေကိုပဲ အခြေခံထားတာဖြစ်ပြီး လီဂါနက်စ်က အဲလ်ရှီဟီ၊ လီဗန်တေးက အဲလ်မူဝါလက်နဲ့ ဗီလာရီးရဲလ်က အဲလ်ဒေါ်ဆာဝီတို့ သုံးဦးတည်းသာ ပြည်ပအခြေစိုက် ကစားသမားတွေဖြစ်ပါတယ်။ ဆော်ဒီဟာ ၂၀၁၈ထဲမှာ ခြေစမ်းပွဲတွေ ဆက်တိုက်ကစားထားတာတွေ့ရပြီး ဘယ်လ်ဂျီယံကို ၄-ဝ၊ အီတလီကို ၂-၁ တွေနဲ့ အရေးနိမ့်ထားပေမယ့် အယ်လ်ဂျီးရီးယားနဲ့ ဂရိတို့ကို ၂-ဝ ဂိုးတွေနဲ့ အနိုင်ရထားပါတယ်။ အချောင်ဆုံး အုပ်စုတစ်ခုထဲကို ရောက်နေပေမယ့် ဆော်ဒီအသင်း အုပ်စုတက်ဖို့ဆိုတာကတော့ ရာခိုင်နှုန်းနည်းပါး လွန်းတယ်လို့ အားလုံးကခန့်မှန်းထားကြပါတယ်။  


သုံးသပ်ချက်

အုပ်စုအနေအထားအရ တောင်အမေရိက ထိပ်သီးလည်းဖြစ်၊ ပြိုင်ပွဲအတွေ့အကြုံလည်း များပြားတဲ့ ဥရုဂွေးဟာ ဒီအုပ်စုမှာ အုပ်စုဗိုလ်ဖြစ်ဖို့ သေချာသလောက်ရှိနေပြီး ဒုတိယနေရာအတွက်တော့ အီဂျစ်နဲ့ အိမ်ရှင်ရုရှားတို့ အားပြိုင်ရဖို့ရှိနေပါတယ်။ ဒီလိုအခြေအနေမှာ အီဂျစ်က ဆာလားဟ်ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနိုင်ဖို့ မသေချာတာကြောင့် ရုရှားအတွက် အခွင့်အရေးရှိလာနိုင်ပါတယ်။ အားအနည်းဆုံး ဆော်ဒီကတော့ အုပ်စုအဆင့်နဲ့သာ ကျေနပ်ရဖို့ ရာခိုင်နှုန်းများနေပါတယ်။