News

POST TYPE

WORLD CUP 2018

ဆော်ဒီအာရေဗျတွင် လိင်နှောင့်ယှက်မှု ပိတ်ပင်သည့် ဥပဒေပြဋ္ဌာန်း

ရီယာဒ်၊ မေ ၃၁

အမျိုးသမီးများ ကားမမောင်းရန် ပိတ်ပင်မှုကို မကြာသေးမီက ရုပ်သိမ်းပေးခဲ့သော ရှေးရိုးစွဲ ဆော်ဒီ အာရေဗျနိုင်ငံသည် ကွက်ကျား ပြုပြင်ပြောင်းလဲမှုအချို့ကို ပြုလုပ်လျက်ရှိပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်သည့်ဥပဒေကို ဗုဒ္ဓဟူးနေ့က ပြဋ္ဌာန်းလိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

ရှူရာအကြံပေး ကောင်စီက ပြဋ္ဌာန်းလိုက်သော ဥပဒေအရ လိင်နှောင့်ယှက်မှုကို ထောင်ဒဏ်ငါးနှစ်နှင့် ဒဏ်ငွေ ရီယာယ် ငါးသိန်း (ဒေါ်လာ ၈၀,ဝ၀၀) အထိ ချမှတ်နိုင်မည်ဖြစ်သည်။

ဤဥပဒေသည် လိင်ရာဇဝတ်မှုများကို တားဆီးနှိမ်နင်းရန်၊ ကျူးလွန်သူများကို ပြစ်ဒဏ်ပေးရန်၊ နစ်နာသူများကို ကာကွယ်ပေးရန်၊ အစ္စလာမ် ရှာရီယာ ဥပဒေက ခွင့်ပြုထားသော ကိုယ်ရေးကိုယ်တာ၊ သိက္ခာနှင့် လွတ်လပ်ခွင့်တို့ကို စောင့်ရှောက်ရန် ရည်ရွယ်သည်ဟု ကောင်စီ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဥပဒေကိုထုတ်ပြန်သော ရှူရာ ကောင်စီသည် အစိုးရ၏ အကြံပေးအဖွဲ့ဖြစ်သည်။ 

ထိုဥပဒေသည် ဘုရင့်အမိန့်ဖြင့် တရားဝင် ထုတ်ပြန်ပြီးလျှင် စတင် သက်ရောက်မည်ဖြစ်သည်။

ဆော်ဒီအမျိုးသမီးအများစုက ဇွန်လ ၂၄ ရက်တွင် ၎င်းတို့အား ကားမောင်းခွင့်ပြုသည့်ဥပဒေ သက်ရောက်လာပြီးနောက်ပိုင်း လိင်နှောင့်ယှက်မှု ပစ်မှတ်များ ဖြစ်လာမည်ကိုစိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားကြသည်။ 

လိင်နှောင့်ယှက်မှုကို ရာဇဝတ်ကြောင်းဖြင့် အရေးယူမည့် ဥပဒေနှင့် အမျိုးသမီးများကို ကားမောင်းခွင့်ပြုမည့် ဥပဒေတို့သည် အသက် ၃၂ နှစ်အရွယ် အိမ်ရှေ့မင်းသား ဘင်ဆော်လ်မန်၏ တွန်းအားပေးမှုကြောင့် ထွက်ပေါ်လာခြင်းဖြစ်သည်။

အိမ်ရှေ့မင်းသားသည် ရုပ်ရှင်ရုံများ ပိတ်ပင်ထားမှုကို ရုပ်သိမ်းပေးခြင်း၊ ကျား/မ ရောနှောကြည့်ရှုနိုင်မည့် ကဇာတ်ရုံများကို ဖွင့်လှစ်ပေးခြင်း၊ ဘာသာရေး ပုလိပ်များ၏အာဏာကို လျှော့ချခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့သည်။

သို့ရာတွင် ကိုးကွယ်မှု အယူစွန့်ခြင်းကို သေဒဏ်ပေးခြင်း၊ သေဒဏ်ကို လူ အများရှေ့၌ ခေါင်းဖြတ်ကွပ်မျက်ခြင်းတို့ ရှိနေသေးသည့် တိုင်းပြည်တွင် ယင်းပြုပြင်ပြောင်းလဲမှုများသည် မဆိုစလောက်သာ ဖြစ်သည်။ ထို့ပြင် အမျိုးသမီးများ ကားမောင်းခွင့်ကို လှုံ့ဆော်ခဲ့သည့် လူ့အခွင့်အရေး လှုပ်ရှားသူ ၁၁ ဦးကို မကြာသေးမီက ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်များလည်း ရှိနေသည်။

အဖမ်းခံရသည့် လူ့အခွင့်အရေး လှုပ်ရှားသူများကို နိုင်ငံပိုင်မီဒီယာက သစ္စာဖောက်များဟု ရေးသားဖော်ပြခဲ့သည်။

အဖမ်းခံရသူများအနက်မှ လေးဦးမှာ ယခင်အပတ်က လွတ်မြောက်လာသော်လည်း ကျန်ရှိနေသေးသူများ၏ ကံကြမ္မာမှာ မရေရာသေးဟု Amnesty International က ပြောကြားသည်။ 

F-04