News

POST TYPE

WORLD CUP 2018

ငါး၊ ပုစွန် အအေးခန်းစက်ရုံများကို ဆော်ဒီစစ်ဆေးရေးအဖွဲ့ လာရောက်စစ်ဆေးမည်
ရန်ကုန်၊ မေ ၂၁

မြန်မာနိုင်ငံရှိ ငါး၊ ပုစွန်ရေထွက် ပစ္စည်းစက်ရုံများ ကျန်းမာရေးနှင့် သန့်ရှင်းမှုဆိုင်ရာ စည်းမျဉ်းများနှင့် ကိုက်ညီမှု ရှိမရှိကို ဆော်ဒီအာရေဗျနိုင်ငံမှ ပတ်ဝန်းကျင်၊ ရေနှင့်စိုက်ပျိုးရေးဝန်ကြီးဌာန၊ င်္FDA အဖွဲ့နှင့် ငါးမွေးမြူရေးလုပ်ငန်းအသင်းအဖွဲ့တို့မှ စစ်ဆေးရေးအဖွဲ့ လာရောက်စစ်ဆေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။ 

ဆော်ဒီအာရေဗျနိုင်ငံမှ ငါးလုပ်ငန်းဆိုင်ရာ စစ်ဆေးရေးအဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းက ဗီယက်နမ်နိုင်ငံရှိ ငါး၊ ပုစွန်ရေထွက်ပစ္စည်းများ တင်ပို့နေသည့် စက်ရုံပေါင်း ၂၄ ရုံသို့ သွားရောက်စစ်ဆေးခဲ့ရာ စက်ရုံ ၉ ရုံသာ သန့်ရှင်းမှုဆိုင်ရာ စည်းမျဉ်းများနှင့် ကိုက်ညီသောကြောင့် အခြားငါးတင်သွင်းရာ နိုင်ငံများဖြစ်သည့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့မှ ငါးပုစွန် တင်သွင်းခြင်းကိုပါ ယခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်၍ ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံမှ ငါးတင်သွင်းမှုကို ယာယီပိတ်ဆို့လိုက်ခြင်းနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ပေးရန်အတွက် ဆော်ဒီအစိုးရထံ မတ်လတတိယပတ်အတွင်းက စာပို့အကြောင်းကြားထားရာ အဖွဲ့စေလွှတ်၍ လာရောက်စစ်ဆေးပေးမည်ဟု ပြန်လည်အကြောင်းကြားလာခြင်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။ 

“အဖွဲ့ကို ဘယ်တော့လွှတ်ပေးမယ်လို့တော့ အတိအကျမပြောသေးဘူး။ သူတို့ဘက်က လာစစ်ပေးမယ်ဆိုပြီး နှစ်နိုင်ငံတော့ညှိထားပြီးပြီ။ လာစစ်ရင်လည်း တရားဝင်အကြောင်းကြားပြီးမှ လာစစ်ရမှာပါ။ သူတို့နိုင်ငံက ငါးအများဆုံး သွင်းတာဆိုတော့ သူ့ဆီသွင်းတဲ့ သံသယရှိတယ်ထင်တဲ့ ကုမ္ပဏီတွေကိုစစ်မှာပေါ့”ဟု ယင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဒေါက်တာထွန်းလွင်က ပြောဆိုသည်။ 

ဆော်ဒီအာရေဗျနိုင်ငံမှ စစ်ဆေးရေးအဖွဲ့အနေနှင့် မြန်မာနိုင်ငံသို့ လာရောက်စစ်ဆေးပြီးပါက ငါးတင်ပို့ခွင့် ပြန်လည်ရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း ငါးမွေးမြူရေးလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

“ဆော်ဒီဘက်က လာစစ်မယ်လို့တော့ ပြောထားတယ်။ အစစ်ခံဖို့အတွက် ဒီဘက်က အဆင်သင့်လုပ်ထားတယ်။ ရေထွက်ပစ္စည်း အအေးခန်းတွေအနေနဲ့ သူတို့လိုချင်တဲ့ အစားအစာ ဘေးကင်း လုံခြုံမှု ရှိမရှိကို စစ်မှာပေါ့။ သူတို့ဘက်က လာစစ်လိုက်ရင်တော့ အဆင်ပြေသွားမယ် ထင်ပါတယ်”ဟု ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ဆိုသည်။ 

မြန်မာနိုင်ငံအနေနှင့် ဆော်ဒီအာရေဗျနိုင်ငံသို့ မွေးမြူရေးငါးဖြစ်သည့် ငါးမြစ်ချင်းကို အများဆုံးတင်ပို့နေခြင်းဖြစ်ပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာသန်း ၄၀ ဖိုးအထိ တိုက်ရိုက်တင်ပို့မှုရှိကြောင်း ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းထံမှသိရသည်။ 

J-11