News

POST TYPE

WORLD CUP 2018

မြန်မာ့ငါးတင်သွင်းမှုရပ်ဆိုင်းခြင်း ပြန်ရုပ်သိမ်းပေးရန် ဆော်ဒီအာရေဗျထံ အစိုးရစာပို့
25-Mar-2018

ရန်ကုန်၊ မတ် ၂၄

ဆော်ဒီအာရေဗျနိုင်ငံအနေနှင့် မြန်မာနိုင်ငံမှ ငါးတင်ပို့မှုကို ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ရပ်ဆိုင်းရန် ကြေညာချက် ထုတ်ပြန်ထားခြင်းကို ပြန်လည်ရုပ်သိမ်းပေးရန်အတွက် ဆော်ဒီအာရေဗျနိုင်ငံ၊ ပတ်ဝန်းကျင်၊ ရေနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနထံ မတ်လတတိယပတ်အတွင်းက တရားဝင်စာပို့ အကြောင်းကြားထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဒေါက်တာထွန်းလွင်က ပြောကြားသည်။ 

ဆော်ဒီအာရေဗျနိုင်ငံမှ ပတ်ဝန်းကျင်၊ ရေနှင့်စိုက်ပျိုးရေးဝန်ကြီးဌာန၊ FDA အဖွဲ့နှင့် ငါးမွေးမြူရေးလုပ်ငန်းအဖွဲ့များမှ စစ်ဆေးရေးအဖွဲ့သည် ဗီယက်နမ်နိုင်ငံရှိ ဆော်ဒီသို့ ငါး၊ ပုစွန်ရေထွက်ပစ္စည်းများ တင်ပို့နေသည့် စက်ရုံ ၂၄ ရုံကို သွားရောက်စစ်ဆေးရာ သန့်ရှင်းမှုနှင့်ကိုက်ညီသည့်စက်ရုံ ကိုးရုံသာရှိသောကြောင့် ဗီယက်နမ်နိုင်ငံအပါအဝင် အခြားရေထွက်ကုန်များ တင်သွင်းလျက်ရှိသည့် မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့မှ ငါးတင်သွင်းခြင်းကိုပါ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ရပ်ဆိုင်းရန် တရားဝင် စာထုတ်ထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။ 

“မြန်မာနိုင်ငံက ဆော်ဒီသံရုံးနဲ့ညှိတော့ သူတို့ဘက်ကလည်း ပြောပေးပါ့မယ်။ ဒီဘက်ကလည်း တရားဝင် စာတင်ပေးပါဆိုပြီး ညှိလို့ရတယ်။ အဲဒါကြောင့် စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး လက်မှတ်ထိုးပြီးတော့ ဆော်ဒီက ရေလုပ်ငန်းဝန်ကြီးဌာနကို စာပို့ထားတယ်။ လိုအပ်ရင်လည်း ဆက်ညှိကြမယ်။ လာစစ်ရင်လည်း အစစ်ခံနိုင်တယ်ဆိုတဲ့အကြောင်းပေါ့”ဟု ဒေါက်တာထွန်းလွင်က ရှင်းပြသည်။ 

မြန်မာ့ငါးတင်သွင်းရန်ရပ်ဆိုင်းမှုကို ပြန်လည်ရုပ်သိမ်းပေးရန်အတွက် ဆော်ဒီအာရေဗျနိုင်ငံမှ စစ်ဆေးရေးအဖွဲ့ လာရောက်စစ်ဆေးပါက အစစ်ဆေးခံမည်ဖြစ်ပြီး တင်သွင်းရန်ရပ်ဆိုင်းမှုကို ရုပ်သိမ်းပေးရေးအတွက်လည်း ဆော်ဒီ-မြန်မာ နှစ်နိုင်ငံ အသေးစိတ်ပြန်လည်ညှိနှိုင်း ရဦးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။ 

မြန်မာနိုင်ငံအနေနှင့် ဆော်ဒီအာရေဗျနိုင်ငံသို့ မွေးမြူရေးငါးဖြစ်သည့် ငါးမြစ်ချင်းကို အများဆုံးတင်ပို့နေခြင်းဖြစ်ပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာသန်း ၄၀ အထိ တိုက်ရိုက်တင်ပို့မှုရှိကြောင်း ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ 

J-11

  • VIA