News

POST TYPE

WORLD CUP 2018

ဆော်ဒီအိမ်ရှေ့စံ၏ ဗြိတိန်ခရီးစဉ်အတွင်း တိုက်လေယာဉ်များဝယ်ယူရန် လက်မှတ်ရေးထိုး


လန်ဒန်၊ မတ် ၁၀

ဆော်ဒီအာရေဗျက ယီမင်နိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက်နေခြင်းများကြောင့် ဝေဖန်မှုများ ရှိနေသည့်တိုင် ဗြိတိန်ထံမှ Eurofighter Typhoon တိုက်လေယာဉ် ၄၈ စင်း ဝယ်ယူရန် စတာလင်ပေါင် ဘီလီယံနှင့်ချီကာ တန်ဖိုးရှိသည့် စာချုပ်တစ်ရပ်ကို မတ်လ ၉ ရက်နေ့က ချုပ်ဆိုနိုင်ခဲ့ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။

ဆော်ဒီအိမ်ရှေ့စံ မိုဟာမက်ဘင်ဆယ်လ်မန်၏ သုံးရက်ကြာဗြိတိန်ခရီးစဉ် နောက်ဆုံးနေ့တွင် တိုက်လေယာဉ်များ ဝယ်ယူရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

“အိမ်ရှေ့စံရဲ့ခရီးစဉ်ဟာ နှစ်နိုင်ငံ သမိုင်းဝင်ဆက်ဆံရေးမှာ အခန်းသစ်ဖွင့်လိုက်တာပါပဲ”ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂါဗင်ဝီလျံဆင်က ပြောကြားခဲ့သည်။

“Typhoo ဂျက်တွေ နောက်ထပ် အမှာစာတစ်ခု ပြီးမြောက်ဖို့အတွက် အရေးပါတဲ့ခြေလှမ်း လှမ်းနိုင်ခဲ့ပါတယ်။ ဒီတိုက်လေယာဉ်တွေဟာ အရှေ့အလယ်ပိုင်းဒေသ လုံခြုံရေးကို တိုးတက်လာစေမှာဖြစ်သလို ဗြိတိန်စက်မှုလုပ်ငန်းကို အားကောင်းစေမှာဖြစ်ပြီး ပြိုင်ဘက်ကင်းတဲ့ ကျုပ်တို့ရဲ့ အာကာသလေကြောင်း ကဏ္ဍမှာ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင် မှာဖြစ်ပါတယ်”ဟု ဝီလျံဆင်က ပြောကြားခဲ့သည်။

ဆော်ဒီဦးဆောင်သော ဆွန်နီမွတ်ဆလင် ညွန့်ပေါင်းတပ်ဖွဲ့များသည် ယီမင်တွင် ရှီးယိုက်မွတ်ဆလင် ဟူသီသူပုန်များကို ၂၀၁၅ ခုနှစ်ကတည်းက တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း နှစ်ဖက်စလုံးမှ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲထားသည်။

“သဘောတူညီနိုင်မယ်ဆိုရင် ဒီအရှက်ရစရာ သဘောတူညီချက်အတွက် ရီယာ့ဒ် (ဆော်ဒီမြို့တော်) က နန်းတော်နဲ့ အကျိုးအမြတ်ရမယ့် လက်နက်ကုမ္ပဏီကြီးတွေကတော့ အောင်ပွဲခံနေကြတော့မှာပါ။ ဒါပေမဲ့ ယီမင်ပြည်သူတွေအတွက်တော့ ပိုကြီးမားတဲ့ အပျက်အစီးတွေနဲ့ ရင်ဆိုင်ရပါတော့မယ်”ဟု လက်နက်ကုန်သွယ်မှုဆန့်ကျင်ရေး လှုပ်ရှားမှုအဖွဲ့မှ အင်ဒရူးစမစ်က ဝေဖန်ခဲ့သည်။ 

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) ကလည်း ဆော်ဒီစစ်လေယာဉ်များက အရပ်သားများနှင့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုမှတ်တမ်း အများအပြားရှိနေကြောင်း ထုတ်ပြန်ခဲ့ပြီး ယခုသဘောတူညီချက်ကို ဝေဖန်ခဲ့သည်။
 
F-03