News

POST TYPE

VIDEO

အစိုးရကို ဆန်ကျင်သူများ ဖွင့်ထားသည့် သပိတ်စခန်း ဖြိုခွင်း
05-Aug-2017

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်း သာသနာ ၂၅၀၀ ဗိမာန်တော်ဝန်းအတွင်းမှာ အစိုးရကို ဆန့်ကျင်သည့် သပိတ်စခန်း သြဂုတ်လ ၅ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ်အချိန်မှာပဲ ရဲတပ်ဖွဲ့က ဝင်ရောက်ဖျက်သိမ်းခဲ့ပါတယ်။ 

အဲ့ဒီသပိတ်စခန်းဟာ သာသနိက အဆောက်အအုံအတွင်း ရောက်ရှိနေတာ၊ သံဃာ့တော်များ ဖွင့်ထားတဲ့ သပိတ်ဟာ သံဃာ့ဝိနည်းတော်တွေနဲ့ မညီညွှတ်တာတွေကြောင့် အဲ့ဒီနေရာက ဖယ်ရှားပေးဖို့၊ သပိတ်စခန်းကို ပိတ်သိမ်းပေးဖို့ သံဃာ့နာယကအဖွဲ့များက ညွှန်ကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့ ဝင်ရောက်ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။

သြဂုတ်လ ၄ ရက်နေ့ ည ၈ နာရီအချိန်မှာ စတင်ဖယ်ရှားပေးဖို့နဲ့ ၁၀ နာရီအချိန် နောက်ဆုံးထား ဖယ်ရှားပေးဖို့ ညွှန်ကြားထားပေမယ့် သပိတ်စခန်း ဖွင့်ထားသူတွေက ဖယ်ရှားပေးခြင်း မရှိခဲ့ပါဘူး။ အဲ့ဒီလို ဖယ်ရှားမပေးပဲ ဆက်လက်ဖွင့်ထားခဲ့တာကြောင့် သြဂုတ်လ ၅ ရက်နေ့ နံနက်အစောပိုင်းအချိန်မှာ ရဲတပ်ဖွဲ့အင်အား ဆယ်ဂဏန်းလောက်ပါတဲ့ တပ်ဖွဲ့ဝင်တွေ အရပ်ဝတ်တွေနဲ့ ရောက်လာပြီး သပိတ်စခန်းကို ဖြိုခွဲခဲ့တာ ဖြစ်ပါတယ်။

သပိတ်စခန်း ဦးဆောင်သံဃာတော် ၈ ပါးနဲ့ ဝန်းရံသူအချို့ကိုလည်း ပုဒ်မ ၅၀၅(ခ) နဲ့ အရေးယူပေးဖို့ မြို့နယ်ရဲစခန်းက အမှုဖွင့် ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။ 

အစိုးရ ဆန့်ကျင်ရေး သပိတ်စခန်းကို အမျိုးဘာသာနှင့် သာသနာကို ချစ်မြတ်နိုသူတွေက ပြုလုပ်တာဖြစ်တယ် ဆိုပြီး  ရန်ကုန်နှင့် မန္တလေးမှာ သြဂုတ်လ ၂ ရက်နေ့ ညနေပိုင်းက စတင်ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ 

The Voice သတင်းထောက် ရန်မိုးနိုင်က ပေးပို့ထားပါတယ်။