News

POST TYPE

TRAVEL LOG

ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်း ဆုချီးမြှင့်ပွဲတွင် AirAsia ၉ ကြိမ်မြောက် ဆုရ
23-Jun-2017

ရန်ကုန်၊ ဇွန် ၂၂

Air Asia သည် Skytrax မှ ချီးမြင့်သော ကမ္ဘာ့အကောင်းဆုံး စရိတ်သက်သာ လေကြောင်းလိုင်းဆုကို ၉ ကြိမ်ဆက်တိုက် ရရှိခဲ့ကြောင်း အဆိုပါ လေကြောင်းလိုင်းက သတင်းထုတ်ပြန်သည်။

အဆိုပါဆုကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၀ ရက်က ပြင်သစ်နိုင်ငံ Le Bourget မှာ ပြုလုပ်သည့် ပါရီလေဆိပ်ပြပွဲတွင် ကျင်းပသော Skytrax ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်း ဆုချီးမြှင့်ပွဲတွင် ရရှိခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အဲအေးရှားက အာဆီယံအတွက် ကမ္ဘာ့စံချိန်တစ်ခုကို ချိုးနိုင်ခဲ့ပါပြီ။ အဲအေးရှားဟာ ၉ နှစ် ဆက်တိုက် ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်းဆုကို ရရှိခဲ့ပါတယ်” ဟု အဲအေးရှား၏ အမှုဆောင်အရာရှိချုပ် Tony Fernandes က ဆိုသည်။

Skytrax ဆုသည် လေကြောင်းလိုင်းများအတွက် လေကြောင်းလိုင်း အော်စကာဆုကဲ့သို့ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ဆုအမှတ်အသား ဖြစ်သည်။

နိုင်ငံပေါင်း ၁၀၅ ကျော်ရှိ ခရီးသည်ပေါင်း ၁၉ သန်းကျော်များထံမှ စစ်တမ်းကောက်ယူပြီး လေကြောင်းလိုင်းတစ်ခု၏ စွမ်းဆောင်မှု၊ ဝန်ဆောင်မှုတို့ကို စံသတ်မှတ်ချက် ၄၉ ချက်ဖြင့် အကဲဖြတ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

အဲအေးရှားသည် ခရီးသည်များအတွက် အကောင်းဆုံး ဝန်ဆောင်မှုနှင့် ကမ္ဘာတစ်ဝှမ်းရှိ မြို့ပေါင်း ၁၂၀ ကျော်သို့ ပြေးဆွဲနေသော အာရှ၏ အကြီးဆုံး တန်ဖိုးနည်းလေကြောင်းလိုင်း ဖြစ်ပါသည်။

အဲအေးရှားသည် ကမ္ဘာ့အကောင်းဆုံး တန်ဖိုးနည်းလေကြောင်းလိုင်း အနေဖြင့် Skytrax World Airline Awards ကို ၂၀၀၉ မှ ၂၀၁၇ ခုနှစ်အထိ ၉ ကြိမ်ဆက်တိုက် ရရှိခဲ့သည်။