News

POST TYPE

TRAVEL LOG

ရန်ကုန် - မော်လမြိုင် - ထားဝယ် ကားလမ်းပေါ်မှာ
ရန်ကုန်မြို့မှာ ခဏတာ

ရပ်ချင်တဲ့အချိန်ရပ်ပြီး ဘာကြောင့်ရပ်တယ် ဆိုတာကို တစ်ခါမှ ရှင်းပြခြင်းမရှိတဲ့ နေပြည်တော်-ရန်ကုန် ရထားဟာ ည ၈ နာရီထိုးမှ ဘူတာကြီးနား ရောက်လာပါတယ်။ ဒါတောင် ပုဇွန်တောင်ဘူတာနဲ့ ဘူတာကြီးကြားမှာ ဘာဖြစ်မှန်းမသိဘဲ ၁၅ မိနစ်ခန့် ထပ်ရပ်လိုက်ပါသေးတယ်။ အရင်ကဆိုရင်တော့ ဒီနေရာတွေဟာ မော်လမြိုင်-ရန်ကုန် ရထားပေါ်ကနေ မှောင်ခိုပစ္စည်းတွေ ပစ်ချတဲ့နေရာပေါ့။

အခုတော့ မှောင်ခိုခေတ် မဟုတ်တော့ပါဘူး။ လူထုဆန္ဒနဲ့ရွေးချယ်ထားတဲ့ အစိုးရသစ် အာဏာရနေတာတောင် ရက် ၁၀၀ ကျော်သွားခဲ့ပါပြီ။ ဒါပေမဲ့ မီးရထားဌာန ဝန်ထမ်းတွေရဲ့ဆက်ဆံရေးက အရင်ခေတ်မှာ ကျန်နေဆဲလို့ ထင်စရာပါ။ ခရီးသွားပြည်သူတွေကို လေးလေးစားစား ဆက်ဆံဖို့လိုတယ်၊ ခရီးသည်တွေ ဆီကရတဲ့ငွေနဲ့ သူတို့လုပ်ငန်း လည်ပတ်နေရတယ် ဆိုတာမျိုး သဘောပေါက်ပုံမရသေးပါ။ ဘယ်သူစီးစီး မစီးစီး၊ အရှုံးပေါ်ပေါ် မပေါ်ပေါ် သူ့လစာ ပုံမှန်ရနေရင် ပြီးရော ဆိုတဲ့စိတ်ထားမျိုးရှိနေဆဲလို့ ခရီးသည်တစ်ဦး ဖြစ်သူ ကျွန်တော့်စိတ်ထဲ ခံစားမိပါတယ်။

၈ နာရီခွဲလောက်မှာ ဘူတာကြီးဆီဆိုက်လို့ အပြင်ထွက်မယ်ပြင်တော့ လက်မှတ်တွေကို သိမ်းယူ နေတဲ့အဖွဲ့နဲ့ တိုးပြန်ပါတယ်။ ဘာအတွက် သိမ်းယူနေတာလဲဆိုပြီး မေးကြည့်တော့ နေပြည်တော်ကို ပြန်တင်ပြရမယ်လို့ ဝန်ထမ်းတစ်ဦးက ဖြေပါတယ်။ အဲဒီလိုတင်ပြရင် နေပြည်တော်က ဘာဆက်လုပ်လဲဆိုပြီး ထပ်မေးတော့ အဲဒီဝန်ထမ်းက ဘုကြည့်ကြည့်ပါတယ်။ 
“ခင်ဗျားက ဘာလို့မပေးချင်တာလဲ၊ ဒီလက်မှတ်ကို ဘယ်မှာဆက်သုံးချင်လို့လဲ” လို့ သူက ပြန်မေးပါတယ်။ 
“အမှတ်တရ သိမ်းထားချင်လို့ပါ” လို့ ဖြေတော့ “ယူသွားဗျာ” လို့ ခပ်ပြတ်ပြတ် ပြောပါတယ်။

မလွယ်ပါလား။ ပိုက်ဆံပေးစီးတာတောင် ဒီလို အဟောက်ခံရတယ်ဆိုတော့ မီးရထားလုပ်ငန်း အရှုံးပေါ်နေတာ ဘာထူးဆန်းသလဲ။ ရထားစီးသူ တဖြည်းဖြည်းနည်းသွားပြီး ကားစီးသူ တဖြည်းဖြည်းများ လာနေတာ ဘာထူးဆန်းသလဲလို့ပဲ ပြောရတော့မှာပေါ့။ အပြင်ရောက်တော့ တက္ကစီတွေက နည်းနည်းလေးရယ်။ ဘူတာကြီးက အရင်လို စည်ကားမနေပါ ဘူး။ စာအုပ်ဆိုင်၊ ဈေးဆိုင်တွေလည်း ဘာမှမရှိပါဘူး။ ရထားပေါ်ရောင်းတဲ့ စားစရာတွေကို မစားရဲလို့ တစ်လမ်းလုံး ဗိုက်ဆာလာတဲ့ကျွန်တော်ဟာ ဘူတာကြီးရောက်မှ ဆိုင်ကောင်းကောင်းမှာ အပီဝါးမယ်ဆိုပြီး စိတ်ကူးလာခဲ့တာပါ။

အခုတော့ ဘာဆိုင်မှမရှိ။ တက္ကစီသမားတွေကို မေးကြည့်တော့ ရှေ့နားလျှောက်သွား၊ အဲဒီမှာ ဆိုင်တွေရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သူတို့ပြောတဲ့ဆိုင်တွေ က နိုင်ငံတကာ ဘူတာဝန်းကျင်က ဆိုင်တွေလို သားသားနားနားမဟုတ်ပါ။ ရထားပေါ်ရောင်းတဲ့ အစားစာတွေထက် သိပ်မသာလှပါ။ နောက်ဆုံးတော့ ရေသန့်တစ်ဘူးပဲဝယ်ပြီး အိမ်ပြန်ခဲ့ရပါတယ်။

နောက်တစ်နေ့မနက်မှာတော့ အင်တာနက် ကောင်းကောင်းသုံးချင်တာနဲ့ ဗိုလ်ချုပ်ဈေးနားရှိ ဆာကူရာတာဝါဆီ ရောက်လာခဲ့ပါတယ်။ မနေ့က ရထားပေါ်မှာတွေ့ခဲ့ရတဲ့ ခရီးသွားပြည်သူတွေနဲ့ ဒီတာဝါပေါ်မှာ တွေ့ရတဲ့ ပြည်သူတွေ ဘာမှမဆိုင်ပါဘူး။ တစ်နိုင်ငံတည်း လူတန်းစားနှစ်ရပ် ရှိနေတဲ့နေရာ၊ သို့မဟုတ် ဆင်းရဲ-ချမ်းသာကွာဟမှု သိပ်ကြီးသွားတဲ့ နေရာဆိုတာ သိသာလှပါတယ်။ ၁၉၈၈ မတိုင်မီက ဒီလောက်အထိ လူတန်းစားမကွာဘူးလို့ ထင်ပါတယ်။ မနေ့က တောင်ငူကနေ မြောက်ဒဂုံအထိသွားတဲ့ ကလေးအမေဟာ ၂၂၀၀ ကျပ်ပဲ ကုန်တယ်လို့ ပြောသွားပါတယ်။ ဒီတာဝါပေါ်မှာတော့ ကော်ဖီတစ်ခွက် ၃၀၀၀ ပေးရပါတယ်။ ဒါတောင် နေ့လယ်စာစားချိန်၊ ညစာစားချိန်ဆို နေရာရဖို့ မလွယ်ပါဘူး။

ဒါပေမဲ့ ရန်ကုန်တစ်မြို့လုံးကို အပေါ်စီးကနေ ဓာတ်ပုံရိုက်နိုင်တဲ့အပြင် အင်တာနက်လည်း Speed ကောင်းကောင်းနဲ့ သုံးနိုင်တာမို့ တန်ပါတယ်။ အထူးသဖြင့် ဘဏ်ကိစ္စ၊ ဓာတ်ပုံ ဗီဒီယိုဖိုင်တွေ ပို့မယ်ဆိုရင် လက်ကိုင်တယ်လီဖုန်း Speed နဲ့ ဘယ်လိုမှမဖြစ်နိုင် တဲ့အတွက် ဒီနေရာမျိုးကို မဖြစ်မနေရှာရပါလိမ့်မယ်။ ဒါပေမဲ့ ဘန်ကောက်မြို့လယ်က ၈၅ ထပ်ရှိပြီး ၉၉၇ ပေ မြင့်တဲ့ Baiyoke တာဝါနဲ့စာရင်တော့ အထပ် ၂၀ သာ ရှိပြီး အမြင့်မီတာ ၁၀၀ (ပေ ၃၀၀) သာရှိတဲ့ ဆာကူရာဟာ အဆင့်ထပ်မြှင့်ပြီး ရှုခင်းကို အသေအချာကြည့်နိုင်အောင် ပြင်ဆင်တိုးချဲ့ဖို့ လိုအပ်နေဆဲလို့ ထင်ပါတယ်။

ရန်ကုန်မှ မော်လမြိုင်သို့

နောက်တစ်နေ့ မနက်မှာတော့ မော်လမြိုင်သွားဖို့အတွက် အောင်မင်္ဂလာ အဝေးပြေးကားဂိတ်ဆီ ကျွန်တော် ရောက်လာပါတယ်။ မြို့ထဲကနေ ကားဂိတ်အထိ တက္ကစီခက ၉၀၀၀။ ရန်ကုန်-မော်လမြိုင် ကားခက ၆၀၀၀ တဲ့။ သေပြီဆရာပဲ။ ရထားပို့ဆောင်ရေးတင်မက ကားလမ်းပို့ဆောင်ရေး မှာလည်း တစ်ခုခုမှားနေတယ်ဆိုတာ သေချာပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် တစ်ယောက် ဘတ်စ်ကား တိုးစီးပြတဲ့အပြင် အောင်မင်္ဂလာကားဂိတ်ဆီ တက္ကစီနဲ့သွားပြီး တခြားပြည်နယ်-တိုင်း တစ်ခုခုဆီ ဘတ်စ်ကားနဲ့ ခရီးထွက်ပြရင် ကောင်းမှာပဲလို့ တွေးမိပါတယ်။

ရန်ကုန်-မော်လမြိုင် လမ်းတစ်လျှောက် ခရီးစဉ်ကိုတော့ ပရိသတ်အတော်များများ သွားဖူးပြီးဖြစ်တဲ့ အတွက် သိပ်ရေးပြစရာလိုမယ် မထင်ပါ။ ပဲခူးလွန်တာနဲ့ ရွှေသံလွင်ကုမ္ပဏီက ဖောက်ထားတဲ့လမ်း အလွန်ကောင်းပါတယ်။ ဂိတ်တွေကလည်း လူကြီးကား၊ VIP ကားတွေကိုပါ အလွတ်မပေးဘဲ အားလုံးကိုတန်းတူ (ကွန်ပျူတာစနစ်အတိုင်း) စစ်တယ်လို့ ခရီးသည်တွေက ဆိုကြပါတယ်။ ဒါပေမဲ့ ကျွန်တော်စီးလာတဲ့ ဘတ်စ်ကားကတော့ ကွန်ပျူတာစနစ် ရှိပုံမရ။ လမ်းတစ်လျှောက် မြို့တိုင်းလိုလိုမှာ ရပ်ပြီး ရသမျှခရီးသည်တွေကို တင်နေတဲ့အတွက် မနက် ၉ နာရီ ထွက်တဲ့ကားက ညနေ ၄ နာရီကျော်မှ မော်လမြိုင်ဆီ ဆိုက်ပါတယ်။

၁၉၈၈ ဝန်းကျင်က တက္ကသိုလ်တက်ရင်း ၂ နှစ် နီးပါးနေခဲ့ဖူးတဲ့ မော်လမြိုင်ဟာ အခု အတော်ကို ပြောင်းလဲတိုးတက်နေပါပြီ။ အရင်က မုတ္တမကနေ မော်လမြိုင်သွားဖို့ ဇက် (ကူးတို့သင်္ဘော) တွေကိုသာ အားကိုးခဲ့ရပေမယ့် အခု သံလွင်တံတားကြီး ရှိနေပါပြီ။ ကမ်းနားလမ်းကလည်း အရင် မိုင်ဝက်ခန့်သာရှိနေရာကနေ အခု သုံးမိုင်အထိရှည်တဲ့ လှပတဲ့လမ်းမကြီးတစ်ခု ဖြစ်နေပါပြီ။ ‘Make in  ရွာလွတ်’ ဆိုပြီး နာမည်ကြီးခဲ့တဲ့ ကျောက်သင်ပုန်းနဲ့ ဆေးတံထွက်ရာဒေသ ဘီလူးကျွန်းဆီကိုတောင် တံတားထိုးနေတဲ့အထိ အခြေအနေတွေက ပြောင်းလဲတိုးတက်နေပါပြီ။

၂၀၁၃ ခုနှစ် ပထမအကြိမ် ပြည်တော်ပြန်ခရီးစဉ် တုန်းက မော်လမြိုင်တက္ကသိုလ်ဆီ ခဏဝင်ခဲ့ဖူးပေမယ့် အချိန်မရလို့ မြို့အနှံ့ မလည်ဖြစ်လိုက်ပါ။ အခုတော့ လူပြောများလှတဲ့ (ဒေသခံတွေအဆိုအရ) ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ရုပ်ပွားတော်တည်ရှိရာ အရပ်ဆီ ဝင်လည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နိုင်ငံခြားသား တချို့ကတော့ ဟိုတယ်ဝန်းကျင်ရှိ အငှားဆိုင်ကယ်ကို ခေါ်ပြီး အသွား-အပြန် နေ့တစ်ဝက်နဲ့ ကိစ္စပြတ်အောင် လုပ်လေ့ရှိပေမယ့် ကိုယ်က အသေအချာ စပ်စုချင်သူ ဆိုတော့ အဲဒီနည်းနဲ့တော့ အလုပ်မဖြစ်နိုင်။

ဒီတော့ မော်လမြိုင်အခြေစိုက် ကျောင်းနေဖက် ထားဝယ်သား သူငယ်ချင်းတစ်ဦးကို အကူအညီ တောင်းရပါတယ်။ သူနဲ့မတွေ့တာကလည်း ၁၉၈၈ ကတည်းကဆိုတော့ အခုဆို နှစ် ၃၀ နီးပါးရှိနေပြီလေ။ ပထမဆုံး သူခေါ်သွားတဲ့နေရာက မော်လမြိုင်ကနေ ၅၅ မိုင်ဝေးတဲ့ ကျိုက္ခမီ ရေလယ်ဘုရား။ ၁၉၈၈ တုန်းက ဒီရေတက်ချိန်ဆို သွားဖို့မလွယ်တဲ့ ရေလယ်ဘုရားဟာ အခုတော့ အဆင့်မြင့် တန်ဆောင်းတွေကြောင့် အချိန်မရွေး ဖူးမြော်နိုင်နေပါပြီ။ ဘာသာရေးအမြင် ထက် သဘာဝပတ်ဝန်းကျင် အမြင်ဘက်မှာ အားသန်လေ့ရှိသူ ကျွန်တော့်အတွက် ရေလယ်ဘုရားမှာ ထူးထူးခြားခြားတွေ့မိတာက အရောင်ပြောင်းနေတဲ့ ငါးတွေ။

“အရောင်ဆိုးဆေးက ငါးတွေကိုတောင် အလွတ်မပေးဘူးလေ” ဆိုပြီး သူငယ်ချင်းကပြောတော့ ရုတ်တရက် နားမလည်။ အရောင်တင်ထားတဲ့ ငါးစာတွေကိုကျွေးရာကနေ အနီရောင်သန်းနေတဲ့ ငါးတွေ အခု အဖြူရောင် ဖြစ်သွားတာလို့ သူကရှင်းပြပါတယ်။ သူပြောတာကို မယုံလို့မဖြစ်။ သူက ငါးလုပ်ငန်းမှာ တာဝန်ထမ်းနေတာ နှစ် ၂၀ ကျော်နေပြီ။ 

“ဓာတုဆေးတွေက မလွယ်ဘူး။အသီးအရွက်ရော၊ အစားအစာရော ဘာမှအလွတ်မပေးဘူး။ ဒါပေမဲ့ ဒါကို မစားဘူးဆိုရင် ဘာကိုသွားစားရမှာလဲ” လို့ သူက မေးခွန်းထုတ်ပါတယ်။

ဒါတွေ ပြုပြင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတွေ၊ အစားအစာ လုံခြုံမှုသင်တန်းတွေ လုပ်နေကြပေမယ့် အခုထိတော့ ပိုးသတ်ဆေး၊ အရောင်ချွတ်ဆေး၊ ကြာရှည်ခံဆေးတွေကို မတားဆီးနိုင်သေးဘူးလို့ သိရပါတယ်။ ဘုရားဆီကနေ အပေါ်ဘက် View Point ဆီတက်ပြီး ကြည့်တဲ့အခါမှာတော့ သံလွင်မြစ်ထဲကနေ ဆင်းလာတဲ့ ရွှံ့ရောင်ရေနောက်တွေနဲ့ ပင်လယ်ရေ ပြာပြာတို့ ဆုံတွေ့နေတဲ့နေရာမှာ ရေနှစ်မျိုးဖြစ်နေတဲ့ မြင်ကွင်းက စိတ်ဝင်စားဖို့ကောင်းလှပါတယ်။

ကျိုက္ခမီကအပြန်မှာတော့ သံဖြူဇရပ်ရှိ မဟာမိတ်စစ်သချုင်္ိင်းနဲ့ သေမင်းတမန် ရထားလမ်းပြတိုက် ဆီ ဝင်ဖြစ်ပါတယ်။ မော်လမြိုင်မှာ ကျောင်းတက်စဉ်က စက်ဘီးစီးလေ့ကျင့်ရင်းနဲ့ ဒီသချုင်္ိင်းဆီ မကြာခဏ ရောက်ခဲ့ဖူးပေမယ့် စစ်ပွဲနဲ့ကိုယ်က ဘာမှမဆိုင်တော့ စိတ်ဝင်စားရကောင်းမှန်း မသိခဲ့ပါ။ တောခိုပြီးနောက်ပိုင်း ထိုင်းနိုင်ငံ ကန်ချနပူရီမြို့ရှိ အလားတူစစ်သချုင်္ိင်း ကိုတွေ့မှ စစ်ရဲ့အနိဋ္ဌာရုံတွေကို လေ့လာရကောင်းမှန်း သိလာခဲ့တယ်ဆိုပါတော့။ အရင်က ဓာတ်ပုံအလှရိုက် ဖို့သာ စိတ်ဝင်စားတဲ့ ကျွန်တော်ဟာ အခုတော့ အုတ်ဂူ တစ်ခုချင်းဆီက လူအမည်တွေ၊ ကျဆုံးချိန် အသက်အရွယ်တွေကို ကြည့်ပြီး “စစ်ပွဲဆိုတာ ဘဝရဲ့အတောက်ပဆုံးအချိန် အသက် ၁၈ ကနေ ၃၈ အကြား လူငယ်တွေကို အဆုံးစီရင်လေ့ရှိတဲ့ နေရာကြီးတစ်ခုပါလား” လို့ စဉ်းစားနေမိပါတယ်။

ဒီစစ်သချုင်္ိင်းဟာ ၈၈ မတိုင်ခင်ကတည်းက ရှိနေတာဖြစ်ပေမယ့် ရထားလမ်း ပြတိုက်ကတော့ အခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ကမှ စတင်ဖွင့်လှစ်ခဲ့တာပါ။ ကန်ချနပူရီက ပြတိုက်လို ပြည့်ပြည့်စုံစုံ မရှိသေးပေမယ့် ဒီလို ရှိလာတာကိုက တိုးတက်မှုတစ်ခု မဟုတ်ပါလား။ ပြတိုက်ဝမှာ ရေးထားတဲ့ ‘ဇလီဖားတစ်တုံး-အသက်တစ်ချောင်း’ ဆိုတဲ့ စာသားနဲ့ လုပ်အားပေးနေရတဲ့ ချွေးတပ်သား တွေရဲ့ပုံက ရင်ကိုနင့်ခနဲဖြစ်စေပါတယ်။ ဒုတိယကမ္ဘာ စစ်တွင်းကာလ ၁၉၄၃ မှာ ဂျပန်တွေဖောက်လုပ်ခဲ့တဲ့ ရန်ကုန်-ဘန်ကောက် (သံဖြူဇရပ်-ဘုရားသုံးဆူ-ဘန်းပေါင်-ကန်ချနပူရီကို ဖြတ်ပြီး) ရထားလမ်း လုပ်ငန်းခွင်အတွင်း မဟာမိတ်စစ်သုံ့ပန်း တစ်သောင်းကျော်၊ မြန်မာအပါအဝင် အရပ်သား ချွေးတပ်သားက ခုနစ်သောင်းကျော်၊ စုစုပေါင်း ကိုးသောင်းခန့် သေဆုံးခဲ့ရတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ကျဆုံးသွားတဲ့ မဟာမိတ်စစ်သုံ့ပန်း ၁၆၀၀၀ ကျော်အတွက် မြန်မာနိုင်ငံဘက်မှာ သံဖြူဇရပ်နဲ့ ထောက်ကြန့်မှာ စစ်သချုင်္ိင်းတွေရှိသလို ထိုင်းဘက်မှာလည်း ကန်ချနပူရီမှာ အလားတူစစ်သချုင်္ိင်းရှိပါ တယ်။ ဒါပေမဲ့ မြန်မာအပါအဝင် အရပ်သား ခုနစ်သောင်းကျော် အတွက်တော့ အမှတ်တရသချုင်္ိင်း မတွေ့မိသေးပါ။ မြန်မာနိုင်ငံတစ်ဝန်းက ဘယ်သူတွေ ဒီလုပ်ငန်းခွင်အတွင်း သေဆုံးသွားခဲ့ရတယ် ဆိုတာကိုလည်း အတိအကျအမည်နဲ့တကွ ဖော်ပြထားတာမျိုးလည်း မတွေ့မိသေးပါ။

ကြီးမားတဲ့ ဗုဒ္ဓဆင်းတုတော်ရှိတဲ့ အရပ်ဆီသို့

စစ်ရဲ့အနိဋ္ဌာရုံတွေကနေ ပြန်အထွက် မုဒုံမြို့ဘက် ရောက်တော့ ကမ္ဘာမှာအကြီးဆုံးလို့ ဒေသခံတွေက ပြောကြတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေဆီ ဦးတည်ခဲ့ပါတယ်။ ဝင်းစိန်တောရမရောက်မီ လမ်းဘေးနားမှာတွေ့ရတဲ့ ထိုင်တော်မူကြီး တစ်ဆူကိုတော့ အချိန်မရလို့ ကားပေါ်ကပဲ လှမ်းဖူးခဲ့ရပါတယ်။ တောရထဲဝင်လာတော့ ရဟန္တာ ၅၀၀ ပုံတွေကို အရင်ဆုံးတွေ့ပါတယ်။ တက္ကသိုလ် ကျောင်းသားဘဝတုန်းက တောင်ဝိုင်းတောင်ပေါ်မှာ တွေ့ဖူးတဲ့ အရုပ်တွေနဲ့ ခပ်ဆင်ဆင်မို့ သိပ်တော့ မထူးဆန်းပါ။ ဒါပေမဲ့ အဲဒီအရုပ် ၅၀၀ ရဲ့အလွန် တောင်ကုန်း လေးပေါ်မှာတွေ့ရတဲ့ လျောင်းတော်မူ ရုပ်ပွားတော်ကြီးကတော့ တကယ့်ဧရာမကြီး။
ကမ္ဘာ့အကြီးဆုံးဟုတ် မဟုတ် မသေချာပေမယ့် ကျွန်တော်တွေ့ဖူးသလောက်ထဲမှာ အကြီးဆုံးဖြစ်နေ တာကတော့ သေချာပါတယ်။ ဒေသခံတွေရဲ့အခေါ် အတောင် ၄၀၀၊ (ပေ ၅၆၀) နဲ့ အတောင် ၆၀၀ ရုပ်ပွား တော်နှစ်ဆူကို ဆရာတော်ကြီးက တည်ဆောက်ခဲ့ပေမယ့် ဒုတိယရုပ်ပွားတော်မပြီးခင် ၂၀၁၅ ခုနှစ် ဧပြီလမှာ ဆရာတော်ကြီး ပျံလွန်တော်မူသွား ခဲ့ပါတယ်။ ထူးခြားတာက ဒီလောက်ကြီးမားတဲ့ ရုပ်ပွားတော်တွေကို ကျွမ်းကျင်ပညာရှင်တွေ၊ အင်ဂျင်နီယာတွေမပါဘဲ ဒေသခံ ပန်းရန်သမားတွေချည်း ဆောက်လုပ်ခဲ့တယ် ဆိုတာပါပဲ။

အတောင် ၄၀၀ ရှိ ရုပ်ပွားတော်ရဲ့ ဝမ်းဗိုက်တော်ထဲမှာ ဗုဒ္ဓဝင်ပြခန်းရှိတယ်။ ဆိုင်ကယ်တက္ကစီ သမားတွေကိုခေါ်ပြီး ဘုရားဝမ်းဗိုက်ထဲအထိ တက်သွားလို့ရတယ်လို့ လမ်းညွှန်သူတွေက ပြောပါတယ်။ ဒါပေမဲ့ ကျွန်တော် စိတ်ဝင်စားတာက အဲဒါတွေမဟုတ်။ ဒီလောက်ကြီးတဲ့ ရုပ်ပွားတော်ကြီးကို ဘယ်နေရာကနေ ဓာတ်ပုံရိုက်ရင် အဆင်ပြေမလဲဆိုတာပါ။ ရုပ်ပွား တော်ဝင်ပေါက်ရှိ အလှူခံဌာနကနေ ရိုက်ရင် တစ်ဆူလုံး ဘယ်လိုမှ မပါနိုင်။ ဒီတော့ နောက်ပြန်ဆုတ်၊ ကလေးတွေ ရေလွှာလျှောစီးနေတဲ့ အပေါ်ဘက်က တန်ဆောင်းပေါ်တက်ပြီး ရိုက်ရပါတယ်။ မိုးကရွာ၊ ကွန်ကရစ်တုံးတွေက ရေညှိစွဲပြီး ချောနေတော့ မနည်းကြိုးစား ရိုက်ယူခဲ့ရပါတယ်။

ဒါက ပြီးစီးနေပြီဖြစ်တဲ့ အတောင် ၄၀၀ ရှိ ရုပ်ပွားတော်ကို ပြောတာပါ။ တည်ဆောက်နေဆဲ အတောင် ၆၀၀ ရုပ်ပွားတော်ကလည်း မျက်နှာချင်းဆိုင် တောင်ကုန်းလေးပေါ်မှာ ရှိနေပါတယ်။ မျက်နှာနဲ့ ဦးခေါင်းပိုင်းလောက်ပဲ ပုံပေါ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးက ဆောက်လက်စ တိုက်အိမ်ကြီးတစ်လုံးသဖွယ် အကြမ်းထည်သက်သက်ပဲ ရှိပါသေးတယ်။ ဘာကြောင့် ဒါတွေဆောက်ဖို့ လိုအပ်သလဲ။ အကျိုး-အပြစ်က ဘာတွေလဲ။

သေချာတာတစ်ခုကတော့ ဘာသာရေးကို နိုင်ငံတော်ကိစ္စအဖြစ် ရှေ့တန်းတင်လေ့ရှိတဲ့ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ အာရှက နိုင်ငံတချို့နဲ့စာရင် ဘာသာရေးကို ပုဂ္ဂလိကဆိုင်ရာကိစ္စ အဖြစ်သာ သဘောထား တဲ့ အနောက်နိုင်ငံတွေက ဒီမိုကရေစီသဘောတရားနဲ့  တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးဘက်မှာ ရှေ့တန်းပိုရောက် နေတာကိုတော့ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါ။ ဒါပေမဲ့ လက်ရှိ မြန်မာ့ဒီမိုကရေစီ အဆင့်အတန်းနဲ့ နိုင်ငံရေးရာသီဥတု အခြေအနေက ဒီကိစ္စမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးငြင်းခုံဖို့ အဆင်သင့်မဖြစ်သေးဘူး မဟုတ်ပါလား။

မော်လမြိုင်မှ ထားဝယ်သို့

မော်လမြိုင်ကနေ ထားဝယ်ကားလမ်းတစ်လျှောက် သတိထားမိတာက လက်ညှိုးထိုးမလွဲ ရှိနေတဲ့ ရော်ဘာတောတွေပါပဲ။ တကယ်တော့ မော်လမြိုင် ရောက်မှမဟုတ်ပါဘူး။ ပဲခူးတိုင်းအလွန် စစ်တောင်းမြစ်ကို ကျော်ပြီးကတည်းက ကားလမ်းဘေးတစ်ချက်မှာ ရော်ဘာတောတွေချည်း မြင်ခဲ့ရပါတယ်။ ၁၉၈၈ မတိုင်ခင်က ဒီလမ်းတွေမှာ ရော်ဘာတောမရှိသေးပါ။

အခုတော့ ရော်ဘာစိုက်ဧရိယာက စပါးစိုက်တဲ့ လယ်မြေဧကထက်တောင် ပိုများလာနေပြီလို့ ထင်ချင် စရာကြီးပါ။ ဟုတ်တယ်လေ။ စပါးက လယ်ရှိမှစိုက်လို့ ရတာမျိုး။ ရော်ဘာက အိမ်နောက်ဖေးခြံကနေ ဓားမ ဦးချဆိုပြီး စိုက်သွားလိုက်တာ ဟိုး... မှာမြင်နေရတဲ့ တောင်တန်းတွေ၊ တောင်ထိပ်တွေတောင် မကျန်တော့ပါဘူး။ တောင်ထိပ်မှာရှိတဲ့ စေတီနေရာမှအပ ကျန်နေရာအားလုံး ရော်ဘာပင်တွေချည်းပါပဲ။

ဒါတောင် ရော်ဘာဈေး အရမ်းကျနေချိန်လို့ ဆိုပါတယ်။ ရော်ဘာဈေး ထပ်တက်လာလို့ကတော့ လယ်တွေကိုတောင် စပါးမစိုက်တော့ဘဲ ရော်ဘာပြောင်း စိုက်မလား မသိပါ။ ရော်ဘာတောတွေရှိလို့ ပတ်ဝန်းကျင်ဟာ ခြောက်သွေ့မနေဘဲ စိမ်းစိုနေတယ်ဆိုပေမယ့် ဒါဟာ သဘာဝသစ်တော မဟုတ်တော့ပါ။ အပင်ပေါင်းစုံ သဘာဝအတိုင်း ပေါက်နေတဲ့နေရာမှာ ငှက်မျိုးစုံ၊ ဇီဝမျိုးစုံနဲ့ ဂေဟစနစ် အဆင်ပြေနေပေမယ့် ဒီလို သစ်ပင် တစ်မျိုးတည်းကိုသာ ရွေးစိုက်တဲ့အခါမှာတော့ ဂေဟ စနစ် ပျက်စီးသွားတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဒါပေမဲ့ အဲဒီကျွမ်းကျင်သူတွေ ဒီလမ်းတစ်လျှောက် ရောက်ဖူးမရောက်ဖူးနဲ့ သူတို့ပြောတာတွေကို သက်ဆိုင်ရာအစိုးရနဲ့ ဒေသခံအာဏာပိုင်တွေက လက်ခံ မခံတော့ ကျွန်တော်လည်းမသိပါ။ သူတို့ပြောတာကို လက်မခံလို့ဘဲ နှစ် ၂၀ လောက်အတွင်း သဘာဝတောတွေ ပျက်သုဉ်းပြီး နေရာတကာ ရော်ဘာဖြစ်သွားတယ်ဆိုရင် မမှားလောက်ပါ။ အခု အစိုးရသစ်လက် ထက်မှာကော တစ်နေ့စာဝမ်းရေး ကိစ္စထက် မျိုးဆက်အလိုက် ကောင်းစားရေးဘက်ဆီ ဦးစားပေး စဉ်းစားတဲ့ စိတ်ကူးတွေများ ပေါ်လာနေပြီလား။

ရေရှည်ပြုပြင်ရမယ့် သဘာဝပတ်ဝန်းကျင်နဲ့ လူတွေရဲ့စဉ်းစားပုံ ကလွဲရင် အချိန်တိုအတွင်း ပြုပြင် နိုင်တဲ့ လမ်းနဲ့တံတားတွေကတော့ မော်လမြိုင်နဲ့ ထားဝယ်ကြားမှာ အတော်တိုးတက် ကောင်းမွန်လာတာတွေ့ရပါတယ်။ အထူးသဖြင့် ဓားပြရန်၊ သူပုန်ရန်၊ စစ်သားရန်တွေကြောင့် နာမည်ကြီးလှတဲ့ မလွဲတောင်လမ်းဟာ အတော်ကို ကောင်းမွန်တိုးတက်သွားပါပြီ။ မော်လမြိုင်ကနေ မနက် ၆ နာရီထွက်တဲ့ကား ၁၂ နာရီ ကျော်တာနဲ့ ထားဝယ်အဝေးပြေး ကားဝင်းဆီ ဝင်နိုင်ပါပြီ။ ဒါဟာ အရင် ၈၈ တုန်းက ရေးနဲ့ထားဝယ်ကိုတောင် တစ်နေကုန် မောင်းနေရတာနဲ့စာရင် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍမှာ မဟာခုန်ပျံကျော်လွှား တိုးတက်မှုကြီး မဟုတ်ပါလား။     ။

ထက်အောင်ကျော်

ABOUT AUTHOR

(ထက်အောင်ကျော်)