News

POST TYPE

TRAVEL LOG

နှစ်သစ်ကူး ဟောလီးဒေးမှာ ဘယ်သွားကြမလဲ
29-Dec-2016 tagged as


ဟောလီးဒေး အမျိုးမျိုး

မြန်မာနိုင်ငံမှာ သင်္ကြန် ၁ဝ ရက်ကို နှစ်သစ်ကူး ဟောလီးဒေးအဖြစ် သတ်မှတ်ထားသလို ဥရောပမှာလည်း ခရစ္စမတ်နဲ့ နှစ်သစ်ကူး ကာလအဖြစ် သီတင်း တစ်ပတ်ခန့် ဟောလီးဒေး ရှိပါတယ်။ ဒါပေမဲ့ ခေတ်သစ် မြန်မာတချို့ကတော့ ဗုဒ္ဓဘာသာ နှစ်သစ်ကူး သင်္ကြန်မှာ ဟောလီးဒေး ယူသလို ခရစ်ယာန် နှစ်သစ်ကူး ဒီဇင်ဘာမှာလည်း ဟောလီးဒေး ယူလိုက်တာပါပဲ။ ဒီလိုနဲ့ ဒီဇင်ဘာ ဟောလီးဒေးမှာ ဘယ်သွားကြမလဲ၊ နှစ်သစ်ကို ဘယ်လို ကြိုရင်ကောင်းမလဲ ဆိုပြီး ပြင်ဆင်မှုတွေ ရှိလာနေပါတယ်။

တစ်နှစ်လုံး ပင်ပန်းထားသမျှ နှစ်သစ်ကူးမှာ ၃၊ ၄ ရက်လောက် ခရီးထွက်ပြီး အနားယူ အပန်း ဖြေသင့်တာပေါ့။ လူတိုင်း ခရီးထွက်ချင်တာပေါ့။ ဒါပေမဲ့ အဲဒီ သီတင်း တစ်ပတ်စာအတွက် ဝင်ငွေကိစ္စကို ဘယ်လို ဖြေရှင်းမလဲ။ လစာမဲ့လား။ လစာအပြည့်နဲ့ ဟောလီးဒေးလား။ ဒီနေရာမှာတော့ မြန်မာနိုင်ငံက လစာပေးစနစ်နဲ့ အနောက်တိုင်း လစာပေးစနစ် သို့မဟုတ် ဟောလီးဒေး မန်းနီး Holiday Money ပေးတဲ့စနစ် ကွာသွားမယ် ထင်ပါတယ်။

မြန်မာနိုင်ငံ အလုပ်သမား ဥပဒေမှာ Holiday Money ပေးတဲ့စနစ် မရှိသေးဘူးလို့ ထင်ပါတယ်။ ဒီနိုင်ငံတွေမှာတော့ တစ်နှစ်မှာ တစ်လ (သီတင်း ၄ ပတ်) အလုပ်သမားတိုင်း ဟောလီးဒေး ယူခွင့် ရှိပါတယ်။ အဲဒီ ၄ ပတ် ဟောလီးဒေး သွားနေစဉ် တစ်နှစ်စာ ဝင်ငွေရဲ့ ၁၂ ရာခိုင်နှုန်း (တစ်နှစ်စာရဲ့ ၁၂ ရာခိုင်နှုန်းဟာ တစ်လစာ ပုံမှန် ဝင်ငွေလောက် ရှိပါတယ်) ကို အလုပ်ရှင်က အလုပ်သမား ဘဏ်ထဲ ထည့်ပေးရပါတယ်။ ပုံမှန်အားဖြင့်တော့ ဥရောပရဲ့ နွေရာသီ ဇွန်လဆန်းမှာ ဟောလီးဒေးမန်းနီး ဝင်ပြီး အခွန်ပိုငွေ ပြန်အမ်းတာကိုလည်း အဲဒီလမှာပဲ ရလေ့ ရှိပါတယ်။

ဒါကြောင့် နွေရာသီမှာ ဥရောပသားတွေ မိသားစုအလိုက် ခရီးထွက်ကြတာကို သတိထားမိကြမှာ။ ဒါက နော်ဝေတွေ အများစု ခရီးထွက်လေ့ရှိတဲ့ နွေရာသီ ဟောလီးဒေးအကြောင်း။ အခု ပြောနေတာက ခရစ္စမတ်နဲ့ နှစ်သစ်ကူး ဟောလီးဒေးဆိုတော့ ဒီအချိန်မှာ Holiday Money ဘယ်ရတော့မလဲ။ ဒါပေမဲ့ ဒီဇင်ဘာလမှာ အခွန် မဖြတ်တဲ့အတွက် လစာ အပြည့် ရပါတယ်။ ပုံမှန်အားဖြင့် အခွန်က ၂၅ ကနေ ၃၅ ရာခိုင်နှုန်းအထိ ဖြတ်လေ့ ရှိတာကြောင့် အရင်လတွေက ၇ သိန်းပဲ ရသူတွေဟာ ဒီဇင်ဘာမှာတော့ ၁ဝ သိန်း အပြည့်ရတဲ့သဘော ဖြစ်ပါတယ်။

အဲဒီ အပိုငွေနဲ့ နှစ်သစ်ကူးမှာ ခရီး ထွက်ကြတယ်။ ဒါမှမဟုတ် နွေရာသီတုန်းကရတဲ့ ဟောလီးဒေးငွေကို နည်းနည်း ချန်ထားပြီး နှစ်သစ်ကူးရတဲ့ ငွေနဲ့ပေါင်းကာ ခရီထွက်တယ် စသဖြင့် အမျိုးမျိုး ရှိပါတယ်။

နှစ်သစ်ကူးမှာ ဘယ်သွားကြမလဲ

ဒါက ကြိုတင် ပြင်ဆင်ပြီး ခရီးထွက်တဲ့သူတွေကို ပြောတာပါ။ တချို့ကတော့ နွေရာသီလည်း ထွက်၊ ဆောင်းရာသီလည်း ထွက်ဆိုတော့ ဟောလီးဒေး မန်းနီး ဘယ်ကျန်တော့မလဲ။ ဒီတော့ Credit Card (အကြွေးယူနိုင်တဲ့ ကတ်ပြား) သုံးပြီး ခရီးထွက်ကြ။ နောက်မှ အရင်းနဲ့အတိုး ပေါင်းပြီး ပြန်ဆပ်ကြပေါ့။ ခုနကပြောတဲ့ ဟောလီးဒေးမန်းနီးဆိုတာက အနည်းဆုံး ၂ နှစ် ဆက်တိုက် အလုပ် လုပ်ပြီးသူ၊ အမြဲတမ်း အလုပ် ရှိသူတွေသာ ရတဲ့အခွင့်အရေးပါ။ ဒီတော့ ပုံမှန် အလုပ် မရှိသူနဲ့ လူငယ်တွေကတော့ အဆင်ပြေသလို ခရီးထွက်ရမှာပေါ့။

စာဖတ်သူတွေကော ဘယ်ကို ခရီးထွက်ဖို့ ပြင်ထားပါသလဲ။ နော်ဝေက မြန်မာ အတော်များများတော့ ဒီဇင်ဘာမှာ မြန်မာနိုင်ငံဆီ ပြန်လည်ကြပါတယ်။ စာရေးသူကတော့ နွေရာသီတုန်းက မြန်မာနိုင်ငံဆီ သွားပြီး ဖြစ်တာကြောင့် ဒီဆောင်းမှာ ခရီးဝေးသွားဖို့ ဘတ်ဂျက် မရှိတော့ပါ။ ဒီတော့ စရိတ် သိပ်မကုန်တဲ့ နီးနီးနားနား ဥရောပထဲက မြေထဲပင်လယ် ဝန်းကျင်ရှိ ကျွန်းတွေကိုသွားရင် ကောင်းမလား။ အဲဒီကျွန်းတွေဟာ အခု ဒီဇင်ဘာမှာတောင် အပူချိန်က ၂ဝ ဒီဂရီဝန်းကျင် ရှိတာကြောင့် (နော်ဝေမှာက အနုတ် ၅ လောက် ရှိနေပါတယ်) နော်ဝေ အတော်များများ အဲဒီဘက် သွားလေ့ရှိပါတယ်။ 

တချို့ကတော့ ရေခဲတောင်တွေပေါ်တက်၊ Hytte လို့ ခေါ်တဲ့ အပန်းဖြေ တဲတွေမှာ သွားနေ၊ နှင်းလျှောစီး၊ တောထဲ လမ်းလျှောက်ရင်း အနားယူကြပါတယ်။ တချို့ကတော့ နေသာတဲ့ အာရှနဲ့ အာဖရိကဆီ ခရီးထွက်ပေါ့။ ဘယ်ကိုသွားရင် ကောင်းမလဲဆိုပြီး စရိတ် သက်သာမယ့် ခရီးစဉ်တွေကို လိုက်ရှာတော့ ကိုယ့်ဘတ်ဂျက်နဲ့ ကိုက်တာ ဘာမှ မတွေ့မိ။ နောက်ဆုံးတော့ နော်ဝေ-ဒိန်းမတ် ပြေးတဲ့ (ဇိမ်ခံသင်္ဘောလို့ ခေါ်နိုင်ပါတယ်) သင်္ဘောကြီးကိုပဲ စီးခဲ့ရပြန်ပေါ့။ ဒီသင်္ဘောကို စီးဖူးနေတာ အခေါက်ပေါင်း များစွာရှိနေပြီ ဖြစ်ပေမယ့် ဒီတစ်ခေါက်ကျမှ Spa ခေါ် ရေနွေးစိမ် အပန်းဖြေတဲ့ အခန်းနဲ့ Sauna ခေါ် ချွေးထုတ်တဲ့ အခန်းထဲ ဝင်မိပါတယ်။

နော်ဝေမှာနေတဲ့ ဆယ်နှစ်ကျော် ကာလအတွင်း ဒီသင်္ဘောကို တစ်နှစ် တစ်ခေါက်မက စီးဖူးခဲ့ပေမယ့် မြန်မာ အများစုရဲ့ ထုံးစံအတိုင်း ဂျူတီဖရီးဆိုင်မှာ အရက် ဝယ်ဖို့နဲ့ (နော်ဝေမှာ အရက်နဲ့ ဆေးလိပ်က အတော် ဈေးကြီးပါတယ်) မိတ်ဆွေတွေ ဝိုင်းဖွဲ့ သောက်ဖို့လောက်သာ စိတ်ဝင်စားပြီး ရေနွေးစိမ် အနားယူဖို့ တစ်ခါမှ မစဉ်းစားမိပါ။ Spa တွေ၊ Sauna တွေ သင်္ဘောပေါ်ရှိနေမှန်းတောင် မသိပါဘူး။ အခု တစ်ခေါက်ကျမှ မိတ်ဆွေ တစ်ဦးရဲ့ သတင်းပေးမှုကြောင့် ဒါကို ကြိုတင်လက်မှတ် ဝယ်ပြီး ဝင်ဖြစ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်က သွားခဲ့ဖူးတဲ့ ဖင်လန်ခရီးစဉ်အတွင်း (ရေခဲရဲတိုက်နှင့် အာတိတ်စက်ဝိုင်းဆီ ခရီးသွားခြင်း ဆောင်းပါးထဲကလို) အပူချိန် ၁ဝဝ ဒီဂရီလောက်ရှိတဲ့ ဆောင်နာမှာ ချွေးထုတ်၊ ပြီးရင် ရေခဲ အမှတ်အောက် ၂ဝ လောက်ကျနေတဲ့ ရေခဲရေအိုင်ထဲ ခုန်ချ၊ Shock ရိုက်တဲ့ အရသာကို ကျွန်တော် မှတ်မိနေဆဲပါ။ အခု ဒီသင်္ဘောပေါ်မှာ အဲဒီလို လုပ်လို့ရတယ် ဆိုတော့ အိုကေပေါ့။ ချွေးထုတ်၊ ရေခဲရေထဲ ခုန်ချတဲ့အပြင် ရေနွေးနဲ့ နှိပ်ပေးတဲ့စက်တောင် ရှိလိုက်ပါသေးတယ်။ ဒီနှစ် ခရစ္စမတ် ရာသီမှာ သင်္ဘောစီးရတာ သိပ်တန်သွားတယ် ဆိုပါတော့။

နှစ်သစ်ကို ဘယ်လိုကြိုမလဲ

နှစ်သစ်မှာတော့ သင်္ဘော ထပ်စီးလို့ မဖြစ်တော့။ ဘာကြောင့်လဲဆို နှစ်သစ်ကူးည သင်္ဘောဈေးက မြေထဲပင်လယ်က ကျွန်းတွေဆီ သွားတဲ့ စရိတ်ထက် ပိုများနေလို့ ဖြစ်ပါတယ်။ ဒီတော့ အရင်နှစ်တွေက လုပ်နေကျအတိုင်း ဒီဇင်ဘာ ၃၁ ရက် ညသန်းခေါင် မတိုင်ခင်လေးမှာ အိမ်နီးဝန်းကျင်က ဆီးနှင်းတွေ ခဲနေတဲ့ တောင်ကုန်းပေါ်တက်၊ မီးရှူးမီးပန်းတွေ လွှတ်၊ Happy New Year သို့မဟုတ် နော်ဝေလို Godt Nytt År လို့အော်ပြီး နှစ်သစ်ကို ကြိုရမှာပေါ့။

ဒါက ကျွန်တော်တို့လို ခရီးဝေးထွက်ဖို့ ဘတ်ဂျက် မရှိသူတွေကို ပြောတာပါ။ ငွေပိုငွေလျှံလည်း ရှိမယ်။ Romantic လည်း ဖြစ်ချင်တယ် ဆိုတဲ့လူတွေကတော့ ဟိုး ... နော်ဝေမြောက်ပိုင်း၊ ဖင်လန်မြောက်ပိုင်းက ရေခဲဟိုတယ်တွေဆီသွားပြီး မြောက်ပိုင်းရောင်ခြည် (Northern Light) ကိုကြည့်ကာ နှစ်သစ်ကို ကြိုလေ့ရှိတယ် ဆိုပါတယ်။

စာရေးသူ ထိုင်းမှာ နေစဉ်တုန်းကတော့ နှစ်သစ်ရဲ့ ပထမဆုံးနေ့ နေထွက်ချိန် Sunrise ကို မြင်ခွင့်ရဖို့ဆိုပြီး ထိုင်းအလယ်ပိုင်းရှိ သဘာဝ ဥယျာဉ် တောတန်းထဲက တောင်ပေါ်မှာ တဲထိုးပြီး ညအိပ် စောင့်ဖူးပါတယ်။ ကိုယ့်လိုပဲ ရွက်ဖျင်တဲငယ်တွေ ထိုးပြီး နှစ်သစ်ကို စောင့်နေသူ ထောင်နဲ့ချီ ရှိမယ် ထင်ပါတယ်။ တချို့ကတော့ ပင်လယ်ကမ်းခြေက သဲသောင်ပြင်မှာ ရွက်ဖျင်တဲ ထိုးပြီး စောင့်နေတာ တွေ့ရပါတယ်။ အခုတော့ မြန်မာနိုင်ငံက လူငယ်တွေ (လူလတ်တွေလည်း ပါ ပါတယ်) လည်း ထိုင်းက လူငယ်တွေလိုပဲ တောင်ပေါ်နဲ့ ကမ်းခြေတွေဆီ သွားပြီး ရွက်ဖျင်တဲ ထိုးကာ နှစ်သစ်ကို ကြိုဖို့ပြင်နေတဲ့ ဓာတ်ပုံတွေကို Fcaebook မှာ မြင်နေရပါတယ်။

ဒီဇင်ဘာ ၃၁ ညဟာ ခရစ်ယာန် ဘာသာဝင်တွေအတွက် နှစ်သစ်ကူးပွဲ ဆိုပေမယ့် အခုတော့ တစ်ကမ္ဘာလုံးရဲ့ နှစ်သစ်ကူးပွဲ ဖြစ်နေပါပြီ။ မြန်မာ အပါအဝင် တစ်ကမ္ဘာလုံး နီးပါးမှာ ခရစ်နှစ်နဲ့ ခရစ်ပြက္ခဒိန်ကို ကမ္ဘာ့ပြက္ခဒိန်အဖြစ် အသုံးပြုကြနေပြီ မဟုတ်ပါလား။ မနက်ဖြန် နှစ်ဆန်း တစ်ရက်နေ့ကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့လို့ ပြောတာကိုက ခရစ်နှစ်ကို ကျွန်တော်တို့ လက်ခံထားတဲ့သဘော၊ Grobalization ထဲ ကျွန်တော်တို့ အားလုံး ရောက်သွားတဲ့ သဘောပဲ မဟုတ်ပါလား။

ဘယ်လိုပုံစံနဲ့ပဲ နှစ်သစ်ကိုကြိုကြို၊ အရေးကြီးတာက Happy New Year! လို့ အော်ကြတဲ့အတိုင်း နှစ်သစ်မှာ နှစ်ဟောင်းထက်ပိုပြီး Happy ဖြစ်ဖို့ မျှော်လင့်ကြပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း အသစ်တွေ၊ နိုင်ငံရေးအရ ပွင့်လင်း မြင်သာမှုတွေ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ၊ လူ့အခွင့်အရေးတွေ ပိုကောင်းလာဖို့ မျှော်လင့်ရင်း ၂ဝ၁၇ ကို ကြိုဆိုလိုက်ရပါတယ်။       ။

ထက်အောင်ကျော်

  • TAGS