News

POST TYPE

TRAVEL LOG

မီနာတိုမီရိုင်း ၂၁၊ အုတ်တိုက်နီကြီးများနှင့် အိုဆန်ဘာရှီ သင်္ဘောဆိပ်ခေါင်မိုး (A visit to Minato Mirai 21, Red Bricks of Yokohama & Osanbahi Pier’s rooftop)
18-Feb-2020


မီနာတိုမီရိုင်း ၂၁ (Minato Mirai 21)

မီနာတိုမီရိုင်း ၂၁ ဆိုသည်မှာ ယိုကိုဟားမား ဆိပ်ကမ်း၊ သင်္ဘောဆိပ်များ၊ ကမ်းနားပတ်လမ်းများ၊ ပန်းခြံများ၊ ဖျော်ဖြေရေးနေရာများ၊ 
ဟိုတယ်ကြီးများ၊ ရှုခင်းကြည့်နေရာများ အားလုံးစုပေါင်းပါဝင်သည့် ယိုကိုဟားမားမြို့၏ အဓိက အချက်အချာနေရာ ဖြစ်သည်။ 
မီနာတိုမီရိုင်းကို ယိုကိုဟားမား၏ ၂၁ ရာစု အနာဂတ်ဆိပ်ကမ်းဟု ရည်ညွန်းအဓိပ္ပာယ် ဖွင့်ဆိုပါသည်။ အဝေးမှ ကြည့်လျှင် 
အဆိုပါမီနာတိုမီရိုင်း ဧရိယာကြီးတစ်ခုလုံးကို ယိုကိုဟားမားပင်လယ်အော် (Yokohama Bay) မြင်ကွင်းနှင့်တကွ မြင်ကွင်း 
ကျယ်ရှုခင်းကဲ့သို့ တစ်နေရာတည်းတွင် စုရုံးရှုမြင်ရမည်ဖြစ်သည်။ ၎င်းဧရိယာအနီးတွင် တရုတ်တန်းနှင့် တစ်ချိန်က နိုင်ငံခြားသားများ (အနောက်နိုင်ငံ သားများ) နေထိုင်ရာ မိုတိုမချိရပ်ကွက်တို့ တည်ရှိလေရာဆိုရလျှင် မီနာတိုမီရိုင်းနှင့် အနီးဝန်းကျင်သို့ 
ရောက်ရှိလည်ပတ်ခြင်းသည် ယိုကိုဟားမားရှိ ကြည့်ရှုလည်ပတ်စရာနေရာအများစုသို့ ရောက်ရှိလည်ပတ်ခြင်းလည်း ဖြစ်ပါသည်။ မီနာတိုမီရိုင်းရှိ ထင်ရှားသောအဆောက်အအုံများ၊ လည်ပတ်စရာနေရာများမှာ ကုန်လှောင်ရုံဟောင်းအုတ်တိုက်နီကြီးများ (Red Brick Warehouses) ၊ သင်္ဘောဆိပ်ခေါင်မိုး ရှုခင်းကြည့်ဥယျာဉ် (Osanbahi Pier)၊ အပန်းဖြေဥယျာဉ်ကော့စ်မိုကမ္ဘာ (Cosmo World)၊ ယိုကိုဟားမားအမြင့်ဆုံးအဆောက်အအုံ(Landmark Tower’s Sky Garden Observatory)၊ ဈေးဝယ်စင်တာများဖြစ်သော  Queen's Square နှင့် Landmark Plaza၊ ပြတိုက်များဖြစ်သော နိပွန်မာရူးရွက်သင်္ဘောပြတိုက် (Nippon Maru)၊ ယိုကိုဟားမား သင်္ဘောဆိပ်ပြတိုက် (Yokohama Port Museum)၊ ခေါက်ဆွဲခွက်ပြတိုက် (Cup Noodles Museum) စသည်တို့ဖြစ်သည်။ ထို့အပြင် ကမ်းနားလမ်းတစ်လျှောက် ပန်းခြံများ၊ ဖျော်ဖြေရေးရဟတ်ကြီးများ အထပ်မြင့်အဆောက်အအုံကြီးများ၊ လှပရှည်လျားသော တံတားများ၊ သင်္ဘောကြီးငယ် အသွယ်သွယ် တွေ့မြင်ရမည်ဖြစ်ပြီး သင်္ဘောများ၊ ရွက်လှေကြီးများနှင့်လည်း စီးနင်းလိုက်ပါကာ ပင်လယ်ဝသို့ ထွက်၍ ယိုကိုဟားမားမြို့ကြီးအား ပင်လယ်မှတစ်ဆင့်ရှုစားနိုင်သည်။ စာရေးသူ သုံးရက်စလုံး ယိုကိုဟားမား ဆိပ်ကမ်းတစ်လျှောက် လမ်းလျှောက်ရင်း ပန်းခြံများမှ သစ်ပင်ပန်းမန်များ၊ ဘေးတစ်ဖက် ပင်လယ်ရေပြင်ထဲမှာ ရေနေသတ္တဝါများ၊ ပင်လယ်ပြင်အထက်ကောင်းကင်တွင် ပျံဝဲနေသော လေနေသတ္တဝါများ၊ ဥယျာဉ်ပန်းခြံများ၊ ရင်ပြင်များတွင် လေ့ကျင့်ခန်းလုပ်ဆောင်နေကြသူများ၊ အပျော်စီးသင်္ဘော၊ ရွက်လှေစီးနင်းကြသူများ၊ ကြီးမားလှသော ရဟတ်ကြီးများ၊ ရိုလာကိုစတာများ စီးနင်းရင်းဆူညံစွာ အော်ဟစ်ရွှင်မြူးနေကြသော ကလေးသူငယ်များ၊ လူငယ်များကို ကြည့်ရှုရင်း မီနာတို မီရိုင်းနှင့် အနီးအနားတစ်ဝိုက် သွားရောက်ခဲ့ပါသည်။ ထို့အပြင် ယိုကိုဟားမားဆိပ်ကမ်းမှ ရွက်သင်္ဘောကြီးတစ်စီး စီးနင်းကာ ပင်လယ်ဘက်သို့ နှစ်နာရီခန့် ထွက်ခွာခဲ့ပြီး ပင်လယ်မှတစ်ဆင့် ယိုကိုဟားမားမြို့ကြီးကို ကြည့်ရှုခဲ့ပါသည်။ 

မီနာတိုမီရိုင်း ၂၁ ဗဟိုဧရိယာသို့ ရောက်ရှိနိုင်သော အနီးဆုံးဘူတာရုံမှာ Minato Mirai Station (Minato Mirai Line) ဖြစ်သည်။ 



ယိုကိုဟားမား အုတ်တိုက်နီကြီးများ (Red Bricks of Yokohama)

ယိုကိုဟားမားခရီးစဉ်အတွင်း မြင်တွေ့လည်ပတ်ခဲ့သည်နေရာများကို အသေးစိတ်ရေးသားမည်ဆိုပါက ဆောင်းပါးများစွာ 
ရရှိပါလိမ့်မည်။သို့ဖြစ်ရာ လည်ပတ်ခဲ့သည့်နေရာတိုင်းအား ရေးသားမည်မဟုတ်ဘဲ အထင်ကရနေရာများ၊ နာမည်ကြီးနေရာများသာ ဗဟုသုတဖြစ်ဖွယ် ရေးသားတင်ပြသွားပါမည်။ ၎င်းတို့အနက်မှ တစ်နေရာမှာ တစ်ချိန်က ယိုကိုဟားမား သင်္ဘောဆိပ် 
အကောက်ခွန်ဆိုင်ရာ နှင့် ကုန်လှောင်ရုံကြီးများအဖြစ် အသုံးပြုခဲ့သော ယိုကိုဟားမား၏ သမိုင်းဝင် သုံးထပ်အုတ်တိုက်အနီကြီး နှစ်လုံး ဖြစ်ပါသည်။ 

၁၈၅၉ တွင် စတင်ဖွင့်လှစ်ခဲ့သော ယိုကိုဟားမားဆိပ်ကမ်းမှာ တစ်စတစ်စ တိုးတက်စည်ပင်လာသည့်အတွက် ဆိပ်ကမ်းအား တိုးချဲ့ 
ပြုပြင်ခဲ့ရာ ဆိပ်ကမ်းအကောက်ခွန်ရုံးများအဖြစ် အသုံးပြုရန် ကုန်လှောင်ရုံ အမှတ် ၂ ကို ၁၉၁၁၊ ကုန်လှောင်ရုံအမှတ် ၁ ကို ၁၉၁၃ တွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။ အဆိုပါ အုတ်တိုက်ကြီးများသည် အုတ်နှင့် သံ (သံမဏိ) ပူးတွဲချိတ်ဆက် တည်ဆောက်ထားခြင်းဖြစ်ပြီး 
ဂျပန်ဆောက်လုပ်ရေးသမိုင်းတွင် စံနမူနာပြုစရာအဖြစ် ဗိသုကာလက်ရာအဖြစ် အသိအမှတ်ပြုခြင်းခံရသည်။ ကုန်လှောင်ရုံ အမှတ် ၂ တည်ဆောက်ရာတွင် အုတ်ခဲ ၃,၁၈၀,ဝ၀ဝ နှင့် သံမဏိစတီးတန်ချိန် ၅၆၀ တန် အသုံးပြုခဲ့သည် ဟုသိရသည်။ 
အဆောက်အအုံနှစ်ခုစလုံးမှာ အရွယ်အစား တူညီသော်လည်း ၁၉၂၃ ဂရိတ်ကန်တို မြေငလျင်ကြီးအတွင်း ကုန်လှောင်ရုံအမှတ် ၁ အစိတ် အပိုင်းအချို့ ပြိုကျပျက်စီးခဲ့သဖြင့် ယခုအခါ ကုန်လှောင်ရုံ အမှတ် ၁ အရွယ်အစားသည် အမှတ် ၂ အရွယ်အစား တစ်ဝက်သာ 
ကျန်ရှိသည်ဟုသိရသည်။ ဂရိတ်ကန်တို မြေငလျင်ကြီးအတွင်း တိုကျိုနှင့် ယိုကိုဟားမားမြို့ ကြီးများတွင် အဆောက်အအုံ ထောင်ပေါင်းများစွာ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့သော်လည်း အဆိုပါ အုတ်တိုက်အနီးကြီးများမှာ အုတ်များအတွင်း သံများနှင့် 
ချိတ်ဆက်တည်ဆောက်ထားသည့် သူတို့၏ တည်ဆောက်မှုပုံစံကြောင့် တစ်စိတ်တစ်ပိုင်းသာ ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။ ယနေ့ကာလ အုတ်တိုက်နီကြီးများသည် ၂၂.၆ မီတာ အနံ (၇၄.၁၅ ပေ)၊ ၁၇.၈ မီတာ အရှည် (၅၈.၄၀ ပေ) ရှိပြီး အဆောက်အအုံ အမှတ် 
၁ သည် ၇၆ မီတာ (၂၄၉.၃၄ ပေ) အလျား၊ ဧရိယာအကျယ် ၅ယ၅၇၅ စကွဲယားမီတာ (၆၀,ဝ၀၈ စကွဲယားပေ) ရှိကာ အဆောက်အအုံ အမှတ် ၂ သည် ၁၄၉ မီတာ (၄၈၈.၈၅ ပေ) အလျား၊ ဧရိယာအကျယ် ၁၀ယ၇၅၅ စကွဲယားမီတာ (၁၁၅,၇၆၆ စကွဲယားပေ) ရှိပါသည်။ 

အုတ်တိုက်နီကြီးများသည် ယိုကိုဟားမား ဆိပ်ကမ်းတစ်နေရာတွင် မေးတင် တည်ရှိနေသည်ဖြစ်ရာ ယိုကိုဟားမား 
မီနာတိုမီရိုင်းဧရိယာနှင့် ယိုကိုဟားမား ဆိပ်ကမ်းသို့ လာရောက်သူမည်သူမဆို အဝေးမှပင် ရှည်လျားကြီးမားလှသော ရှေးဟောင်းအုတ်တိုက်နီကြီးများကို တွေ့မြင်နိုင်ပါသည်။ ဆိပ်ကမ်းတစ်လျှောက် လည်ပတ်ကြည့်ရှုစရာနေရာများမှာလည်း 
ဝင်းခြံများကာရံမထားဘဲ လွတ်လပ်စွာတည်ရှိနေသော အဆိုပါအုတ်တိုက်အနီကြီးများ အနီးဝန်းကျင်တွင်ပင်ရှိသည်ဖြစ်ရာ အုတ်တိုက်နီကြီးများဆီ တကူးတကပင် သွားနေစရာမဟုတ်ပါ။ အမှန်သွားရောက်လည်ပတ်လျှင် မည်သည့်ပွဲလမ်းများလည်း မရှိပါက 
ရှည်လျားသော သုံးထပ်အုတ်တိုက်အနီကြီးများရှေ့ ဖြတ်လျှောက်သွားခြင်းသာဖြစ်ပါသည်။ အုတ်တိုက် အမှတ် ၂ အတွင်း ကော်ဖီဆိုင်များ၊ စားသောက်ဆိုင်များ၊ ဈေးဆိုင်များတည်ရှိပြီး အုတ်တိုက်အမှတ် ၁ ကို ပြပွဲများ၊ ရှပ်ရှင်ပွဲတော်များ၊ တေးဂီတ 
ဖျော်ဖြေပွဲများအတွက် အသုံးပြုသည်ဟုသိရသည်။ 

စာရေးသူ ယိုကိုဟားမားဆိပ်ကမ်းသို့ သွားရောက်လည်ပတ်ချိန်တွင် အုတ်တိုက်နီကြီးများကို ကမ်းနားပတ်လမ်းတစ်လျှောက် 
အဝေးမှပင် မြင်တွေ့ရပြီး အုတ်တိုက်နီတိုက်တန်းလျားကြီးနှစ်ခုအကြားလမ်းအတွင်းသို့ ဝင်ရောက်လေ့လာခဲ့ပါသည်။ တစ်ချိန်က အဆိုပါလမ်းတွင် ကုန်တင်၊ ကုန်ချယာဉ်များစွာဖြင့် အလုပ်များနေမည် ဖြစ်သော်လည်း ယခုတွင်မူ ကမ္ဘာလှည့်ခရီးသွားများ၊ 
အထိမ်းအမှတ်ကာလ ဈေးဆိုင်တန်းများ၊ ဈေးရောင်းပွဲတော်များဖြင့် မပြတ်စည်ကားနေပါသည်။ စာရေးသူရောက်ရှိချိန်သည် 
ခရစ္စမတ်ကာလ ဒီဇင်ဘာလဖြစ်သဖြင့် လမ်းအတွင်း လူများ၊ ဈေးဆိုင်များ၊ လမ်းအဝင် ခရစ္စမတ်မုခ်ဦးများနှင့် စည်ကားစွာတွေ့ မြင်ခဲ့ရသည်။ အဆိုပါအုတ်တိုက် တန်းလျားကြီးနှစ်ခုအကြားလမ်းမှ ဖြတ်လျှောက်ရင်း စာရေးသူ အတွေးများသည် 
စာရေးသူနေထိုင်သည့် ဗိုလ်တထောင်မြို့နယ်၊ ၄၈ လမ်း အနီးရှိ ၄၇ လမ်း (အောက်လမ်း) ဆီသို့ ရောက်ရှိသွားခဲ့ပါသည်။ စာရေးသူ အဆိုပါ ဗိုလ်တထောင်မြို့နယ်တွင်ပင် မွေးဖွားပါသည်။ ကြီးပြင်းပါသည်။ ၄၈ အပေါ်လမ်းထိပ်တွင် နေထိုင်ပြီး ၄၇ အောက်လမ်းတွင် အဖေ၏အစ်ကို (စာရေးသူ၏ ဦးကြီး) နှင့် မိသားစုနေထိုင်ပါသည်။ ပြောချင်သည်မှာ ထို ၄၇ လမ်းမှ ကိုလိုနီအင်္ဂလိပ် 
အစိုးရခေတ်ကာလ တည်ဆောက်ခဲ့သော အုတ်တိုက်နီကြီးများဖြစ်သည်။ လမ်းတစ်ဖက် (ယခု စီးတီးမတ် ရှိသည့်အခြမ်း) တွင် အခန်းပေါင်းများစွာပါဝင်သည့် ရှည်လျားသော သုံးထပ်အုတ်နှင့် သံမဏိရောစပ် ချိတ်ဆက်တည်ဆောက်ထားသော တိုက်တန်းလျား 
အနီကြီးရှိပါသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာကဆိုပေမယ့် အင်မတန် ထူထဲခိုင်မာသော အဆောက်အအုံကြီးဖြစ်ပါသည်။ လှေကားများ၊ လက်ရန်းများမှာများစွာ ထူထဲခိုင်ခံ့လှပါသည်။ နောက်ဘက်တွင် သံကြောင်လိမ်လှေကားများပါရှိသည်။ ယိုကိုဟားမား 
အုတ်တိုက်နီကြီးများနှင့် ၄၇ လမ်း အုတ်တိုက်နီကြီးများ အတိအကျ မနှိုင်းယှဉ်နိုင်သော်လည်း အနိမ့်အမြင့်၊ အလျားအနံ၊ အရောင်အသွေး ဆင်ဆင်တူပါသည်။ ၄၇ လမ်း အုတ်တိုက်နီကြီးများကပင် ပိုပြီးရှေးကျမည် လောဟုတွေးမိသည်။ ထိုစဉ်ကာလများက 
စာရေးသူ၊ စာရေးသူအဖေနှင့်အတူ ဦးကြီးနေထိုင်ရာ ထိုအုတ် တိုက်တန်းလျားအနီကြီးသို့ အပတ်တိုင်း ရောက်ရှိပါသည်။ ထိုသမိုင်းဝင် အဆောက်အအုံကြီးသည် တပ်မတော် အစိုးရလက်ထက် ၂၀ဝ၀ ခုနှစ်များလောက်က စီမံကိန်းတစ်ခု လုပ်ဆောင်ရန် 
ဖြိုချခြင်းခံရပါသည်။ ယနေ့ ၂၀၂၀ ပြည့်နှစ်တိုင် စီမံကိန်းမှာ ပြည့်စုံစွာအကောင်အထည်မပေါ်ဘဲ အဆိုပါ ၄၇ လမ်းမှာ မပြီးပြတ်သော ဆောက်လုပ်ရေးလုပ်ငန်းများနှင့် လမ်းကိုပိတ်ထားပါသည်။လမ်းအတွင်း ချုံနွယ်ပိတ် ပေါင်းများစွာဖြစ်ထွန်းနေပါသည်။ ထိုစဉ်က အဆိုပါ တိုက်တန်းလျားကြီးအား ဖြိုဖျက်ရာတွင် ပါဝင်သော အလုပ်သမားတစ်ဦးက အဆောက်အအုံကြီးအား မည်သို့ ခက်ခဲစွာ ဖြိုချခဲ့ရသည်၊ အဆောက်အအုံအတွင်းမှ အင်္ဂလန်သံချောင်းကြီးများ၊ သံမဏိရက်မများ မည်သို့ရရှိသည်ကို ပြောဆိုသည်များကို အမှတ်ရနေမိသည်။ ရန်ကုန်မြို့၏ သမိုင်းဝင် အုတ်တိုက်နီ အဆောက်အအုံကြီးတစ်လုံးသည် စစ်ဘေးကြောင့်လည်း မဟုတ်၊ သဘာဝ ဘေးဒဏ်ကြောင့်လည်း မဟုတ်ဘဲ မိမိနိုင်ငံသားများ လက်ချက်ဖြင့်ပင် လူမသိ၊ သူမသိပင် ပျောက်ကွယ်ခဲ့ရသည်။ ထိုစဉ်က ရန်ကုန်သာ အသက်ဝိညာဉ် ရှိခဲ့ပါလျှင် သည်းထန်စွာ ကြိတ်မှိတ်ငိုကြွေးခဲ့ပေလိမ့်မည်။ ဝမ်းနည်းဖို့ကောင်းလေစွ။ 



အိုဆန်ဘာရှီ သင်္ဘောဆိပ်ခေါင်မိုး(Osanbahi Pier’s rooftop)

ယိုကိုဟားမားမှာ နောက်ထပ်ညွန်းချင်တဲ့ လည်ပတ်စရာနေရာတစ်ခုက အိုဆန်ဘာရှီ ယိုကိုဟားမား နိုင်ငံတကာ သင်္ဘောဆိပ် (Osanbashi Yokohama International Passenger Terminal) ဖြစ်သည်။ အတိုကောက် အိုဆန်ဘာရှီ 
သင်္ဘောဆိပ် (Osanbahi Pier) ဟုခေါ်သည်။ အိုဆန်ဘာရှီ သင်္ဘောဆိပ်သည် ယိုကိုဟားမားသို့ လာရောက်သော နိုင်ငံတကာ 
အပျော်စီးသင်္ဘောကြီးများ ကျောက်ချဆိုက်ကပ်ရာ နေရာလည်းဖြစ်သည်။ သင်္ဘောဆိပ် အဆောက်အအုံမှာ ခေါင်မိုးပါရှိသော နှစ်ထပ်အဆောက်အအုံဖြစ်ပြီး ၇၀ မီတာ ၂၃၀ ပေ အမြင့်ရှိကာ ၁၅ မီတာ (၅၀ ပေ နီးပါး) အကျယ်ရှိသည်။ သင်္ဘောဆိပ်ဘေး နှစ်ဖက်လုံးကို ပင်လယ်ရေပြင်က ဝန်းရံထားပြီး ဘေးတစ်ဘက်ခြမ်းတွင် ပင်လယ်ကူးသင်္ဘောကြီးများ ဝင်ထွက် 
သွားလာဆိုက်ကပ်သည်။

အမှန်က ဒီသင်္ဘောဆိပ်အကြောင်း ရေးချင်တာမဟုတ်ပါ။ သင်္ဘောဆိပ်ခေါင်မိုးပေါ်က 'ဝေလငါး၏ ကျောပြင်' Kujira no Senaka (Whale’s back) ဟု ကဗျာဆန်ဆန် အမည်ပေးထားသော ရှုခင်းကြည့်နေရာကို ညွှန်းဆိုလိုခြင်းဖြစ်သည်။သို့သော် ယိုကိုဟားမား လည်ပတ်စရာနေရာများ ညွှန်းဆိုရာတွင် ထိုရှုခင်းကြည့်နေရာကို 'အိုဆန်ဘာရှီ သင်္ဘောဆိပ်ခေါင်မိုး' (Osanbahi Pier’s rooftop)  ဟုသာ ဖော်ပြကြသည်။သင်္ဘောဆိပ်ခေါင်မိုးပေါ်သို့ အဆောက်အအုံအတွင်း ပထမထပ်မှတစ်ဆင့် သွားရောက်နိုင်သလို အဆောက်အအုံ အပြင်ဘက် လူကူးလမ်းများမှလည်း တိုက်ရိုက်ဝင်ထွက်သွားလာနိုင်ပါသည်။ ခေါင်မိုးအပေါ်တွင် ကျယ်ဝန်းရှည်လျားလှသော သစ်သားကြမ်းခင်းနှင့် ဘေးဘက်များတွင် ထူထဲသိပ်သည်းလှသော အဝါရောင် လူလုပ်ကောက်ရိုး မြက်ခင်းများ၊ အပင်များ၊ ထိုင်ခုံတန်းများ တွေ့ရှိရသည်။ စာရေးသူဘဝတွင် ဤမျှ ကျယ်ပြောရှည်လျားလှသော သစ်သားကြမ်းခင်းပြင်ကြီးကို မတွေ့ဖူးခဲ့ပါချေ။ ဥယျာဉ်ဟုသုံးနိုင်ရအောင်လည်း နေရာအများစုမှာ မြက်ခင်း၊ ပန်းပင်များ မဟုတ်ဘဲ သစ်သား ဆိပ်ခံတံတားအရှည်ကြီးကဲ့သို့ ဖြစ်လေရာ မည်သို့ပင် ဖော်ပြရမည်မသိတော့ပါ။ 

စာရေးသူရောက်ရှိချိန်၌ သင်္ဘောဆိပ်တွင် ၉ ထပ် အပျော်စီးသင်္ဘောကြီးတစ်စင်း ဆိုက်ကပ်ထားသည်ကို တွေ့ရပြီး သင်္ဘောကြီးအား 
ခေါင်မိုးပေါ်မှ အနီးကပ်မြင်တွေ့ခဲ့ရသည်။ ခေါင်မိုးပေါ်မှ အုတ်တိုက်နီကြီးများအပါအဝင် မီနာတိုမီရိုင်း ၂၁ ဧရိယာတစ်ခုလုံးနှင့် ယိုကိုဟားမားမြို့ပတ်လည်အား အနီးကပ် မြင်ကွင်းကျယ်သဖွယ် တွေ့မြင်ရပြီး ပင်လယ်ဘက် အဝေးတစ်နေရာမှ အရှည် ၈၆၀ မီတာ 
(၂၈၂၀ ပေ) ရှိသော နာမည်ကျော် ယိုကိုဟားမား ပင်လယ်အော်ကြိုးဆိုင်းတံတားကြီး (Yokohama Bay Bridge) ကိုလည်း မြင်တွေ့နိုင်ပါသည်။ ခေါင်မိုးပေါ်တွင် အပြေးလေ့ကျင့်နေကြသူများ၊ ရှုခင်း ကြည့်လေညင်းခံနေကြသူများ၊ အလှဓာတ်ပုံရိုက်ကူး နေကြသူ အချို့တွေ့ခဲ့ရသည်။ ယိုကိုဟားမားသို့ လည်ပတ်သည့် ပထမနေ့နှင့် ဒုတိယနေ့များက စာရေးသူ ထိုသင်္ဘောဆိပ်အနီး
မှ လမ်းလျှောက် ဖြတ်သန်းသွားသော်လည်း သင်္ဘောဆိပ်ဆီ အတွင်းသို့ အတန်ငယ်ဝင်ရသဖြင့် မသွားရောက်ခဲ့ဘဲ ထိုသင်္ဘောဆိပ်သည် သင်္ဘောစီးမည့် ခရီးသည်များ အတွက်သာဟု နားလည်ခဲ့ပါသည်။နောက်မှ ယိုကိုဟားမားမှမပြန်မီ တစ်ညတွင် တည်းခိုခန်းပိုင်ရှင်နှင့် 
စကားလက်ဆုံကျရင်း ထိုသင်္ဘောဆိပ်ခေါင်မိုးသို့ ရောက်ပြီးပြီလား၊ သွားကြည့်ပါ၊ သာယာတယ်ဟုဆိုသဖြင့် ရောက်ရှိသွားခဲ့ခြင်း ဖြစ်ပါသည်။ထို 'ဝေလငါး၏ ကျောပြင်' ခေါ်  'အိုဆန်ဘာရှီ သင်္ဘောဆိပ်ခေါင်မိုး' သည် ယိုကိုဟားမားတွင် အကောင်းဆုံး 
ရှုခင်းကြည့်နေရာ၊ သို့မဟုတ် ထိုသို့နေရာများအနက်မှတစ်ခုဟု ညွှန်းဆိုလိုပါသည်။ခေါင်မိုးပေါ်သို့ မည်သူမဆို တက်ရောက်နိုင်ပြီး ဝင်ကြေးမရှိပါ။

ခင်မင်စွာဖြင့်
အောင်အောင် (IR)
(ခေတ္တ ကျိုတိုမြို့)