News

POST TYPE

TRAVEL LOG

ဘုရင်မရင်ပြင်၊ ယိုကိုဟားမား ဖျော်ဖြေရေးဥယျာဉ် နှင့် ပင်လယ်အပျော်စီးရွက်လှေခရီးစဉ် (A visit to Queen Square, Yokohama’s Cosmo World & Miraie Yacht)
04-Feb-2020
ဘုရင်မရင်ပြင်၊ ယိုကိုဟားမား ဖျော်ဖြေရေးဥယျာဉ် နှင့် ပင်လယ်အပျော်စီးရွက်လှေခရီးစဉ်
(A visit to Queen Square, Yokohama’s Cosmo World & Miraie Yacht) 



ဘုရင်မရင်ပြင် (Queen Square)

ယိုကိုဟားမားမှာ နာမည်ကျော်ဘုရင်မတာဝါ အဆောက်အအုံသုံးလုံး ရှိပါတယ်။ ဘုရင်မတာဝါ အေ၊ ဘုရင်မတာဝါ ဘီနဲ့ ဘုရင်မတာဝါ စီတို့ဖြစ်ပြီး သူတို့ကို ၁၉၉၅ နဲ့ ၁၉၉၇ မှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။တာဝါအေ က ၃၆ ထပ် (၁၇၁.၈ မီတာ၊ ၅၆၄ ပေ)၊ တာဝါဘီက ၂၈ ထပ် (၁၃၇.၈ မီတာ၊ ၄၅၂ ပေ) နဲ့ တာဝါစီက ၂၁ ထပ် (၁၀၉.၁ မီတာ၊ ၃၅၈ ပေ) ဖြစ်ကြပါတယ်။ဘုရင်မရင်ပြင်ဆိုတာ 
ယိုကိုဟားမားမြို့ရဲ့ နာမည်ကျော်ဈေးဝယ်စင်တာတစ်ခုဖြစ်ပြီး ဘုရင်မတာဝါသုံးခုရဲ့ မြေညီထပ်များဟာ ဘုရင်မရင်ပြင် (Queen Square) ပဲ ဖြစ်ပါတယ်။ဘုရင်မရင်ပြင်တစ်ခုလုံး ကြမ်းခင်းဧရိယာ ၄၄,ဝ၀ဝ စကွဲယားမီတာ (၄၇၃,၆၁၂ စတုရန်းပေ) ရှိပြီး ဆိုင် ခန်းနဲ့ စားသောက်ဆိုင်ပေါင်း ၂၀ဝ ကျော် ရှိတယ်လို့ သိရပါတယ်။ဘုရင်မရင်ပြင်အနီးမှာ ယိုကိုဟားမားရဲ့ အမြင့်ဆုံးနဲ့ ဂျပန်မှာ
ဒုတိယအမြင့်ဆုံး Landmark Tower နဲ့ Landmark Plaza တည်ရှိပြီး ယိုကိုဟားမားရဲ့ အဓိကဘူတာရုံတစ်ခုဖြစ်တဲ့ Minato Mirai Station ဟာလည်း ဒီဘုရင်မပလာဇာရဲ့ မြေအောက်ထပ်မှာတည်ရှိပါတယ်။ 

ဘုရင်မရင်ပြင်အနီးမှာရှိတဲ့ Landmark Tower ဟာ ၂၉၆.၃ မီတာ (၉၇၂.၁၁ ပေ) အမြင့်ရှိပြီး အထပ် ၇၁ထပ် ပါရှိပါတယ်။ တာဝါရဲ့ ၆၉ ထပ်မှာ ရှုခင်းကြည့်နေရာ ၊ မိုးပျံပန်းဥယျာဉ် ၊ စားသောက်ဆိုင်
စတာတွေရှိပြီး ရာသီဥတု ကြည်လင်ချိန်များမှာ ဖူဂျီမီးတောင်ကို ထင်ရှားစွာတွေ့မြင်နိုင်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် Landmark Tower မှာ ၄၉ ထပ်ကနေ ၇၀ ထပ်အထိ အခန်းပေါင်း ၆၀၃ ခန်းပါတဲ့ ကြယ်ငါးပွင့်ဟိုတယ်ကြီး ဖွင့်လှစ်ထားပြီး တာဝါကြီးရဲ့ ဓာတ်လှေကားဟာဆိုရင် တစ်စက္ကန့်ကို ၁၂.၅ မီတာ (၄၁.ဝ၁ ပေ) အမြန်နှုန်းနဲ့ ၆၉ ထပ်ကို စက္ကန့် ၄၀ အတွင်း ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။ကမ္ဘာ့ဒုတိယ အမြန်ဆုံးဓာတ်လှေကား စာရင်းဝင်ပါတယ်။ဒါကြောင့် ဘုရင်မရင်ပြင်သွားခြင်းဟာ ဈေးဝယ်ခြင်းတင်မဟုတ်ဘဲ ဘုရင်မတာဝါများနဲ့တကွ အနီးအနား အဆောက်အအုံကြီးတွေဆီ ဝင်ရောက်လည်ပတ်ရင်း ယိုကိုဟားမားမြို့ရဲ့ ထိပ်တန်းအစားအစာတွေ ၊ အသုံးအဆောင်တွေ ၊ ဝန်ဆောင်မှုတွေကို ရယူခံစားနိုင်ပါတယ်။ပိုက်ဆံ မသုံးနိုင်ဘူးဆိုရင်တော့ စာရေးသူလို Window-Shopping ပေါ့။ 

ဘုရင်မရင်ပြင်အကြောင်း ပြန်ဆက်ရရင်Minato Mirai 21 ဆိုတာ ယိုကိုဟားမားရဲ့ အဓိကအချက်အချာ စီးပွားရေး၊ ဖျော်ဖြေရေး ဧရိယာဖြစ်ပြီး ဘုရင်မရင်ပြင်ကတော့ အဲဒီ Minato Mirai 21 ရဲ့ ဗဟိုစင်တာလို့ ပြောလို့ရပါတယ်။ယိုကိုဟားမား ဘယ် နေရာကကြည့်ကြည့် အနိမ့်၊ အမြင့် အနည်းငယ်မတူညီတဲ့ အဖြူရောင်၊ ငွေရောင်တိုက်အမြင့်ကြီး သုံးလုံးကို တွေ့ရမှာဖြစ်ပြီး အဲဒီတိုက်ကြီးသုံးလုံးဟာ ဘုရင်မရင်ပြင်တည်ရှိတဲ့ ဘုရင်မတာဝါ အဆောက်အအုံများပဲဖြစ်ပါတယ်။အနီးမှာ ယိုကိုဟားမားရဲ့အမြင့်ဆုံး Land Mark Tower  အဆောက်အအုံကြီးရှိပြီး မလှမ်းမကမ်းမှာ ယိုကိုဟားမားရဲ့ အပန်းဖြေဥယျာဉ် Yokohama Cosmo World ရှိတာပါတယ်။စာရေးသူ ယိုကိုဟားမားဆိပ်ကမ်းတစ်လျှောက် လမ်းလျှောက်ရင်း Yokohama Cosmo World ဘက်က ဖြတ်လျှောက်ရင်း ဘုရင်တာဝါတွေဆီ ရောက်သွားပါတယ်။ဈေးဝယ်စင်တာဆိုတာကတော့ ဈေးဝယ်စင်တာပါပဲ။မြေညီထပ်နဲ့ အထပ်ပေါင်းများစွာမှာ အမျိုးမျိုးသော အသုံးအဆောင်ပစ္စည်းများကို ရောင်းချနေတာပါပဲ။

စာရေးသူ အောက်ထပ်က McDonald’s စားသောက်ဆိုင်မှာ ဝင်ရောက်စားသောက်ရင်း ဘုရင်မဈေးဝယ်စင်တာဆီ လာရောက်ကြသူတွေကို ငေးမောကြည့်ရှုနေခဲ့ပါတယ်။ဘုရင်မတာဝါများအပြင် ရင်ပြင်ကွက်လပ်ငယ်မှာ တစ်ဦးချင်း ဖျော်ဖြေနေတဲ့သူတွေ ရှိသလို အဖွဲ့လိုက်သရုပ်ပြတင်ဆက်နေသူတွေလည်း ရှိပါတယ်။အနီးမှာလာရောက်တဲ့သူတွေက ဝိုင်းအုံ ကြည့်ရှုနေကြပြီး လက်ခုပ်လက်ဝါးသံတွေနဲ့ ဆူညံနေပါတယ်။တာဝါအတွင်းမှာလည်း ဂျပန်မိန်းကလေးငယ်များ တစ်ဖွဲ့ပြီးတစ်ဖွဲ့ လှပစွာဝတ်စားပြီး ဖက်ရှင်ပွဲဆန်ဆန် သီဆိုဖြေဖျော်နေကြတာ တွေ့ပါတယ်။ ဖျော်ဖြေပွဲကို အောက်ထပ်၊ အပေါ်ထပ်များမှ လူများစွာဟာ ဝိုင်းဝန်းကြည့်ရှုအားပေးနေကြပြီး တစ်ဖွဲ့ဖျော်ဖြေပြီးတိုင်း လက်ခုပ်လက်ဝါးတီး အားပေးရင်း ဆူညံနေပါတယ်။ ဒီလိုဈေးဝယ်စင်တာ မြင်ကွင်းမျိုးတွေက နိုင်ငံတကာမြို့ကြီးများက မြင်ကွင်းနဲ့ မကွာခြားလှပေမယ့် ယိုကိုဟားမားရောက်ရှိခိုက် မြို့ရဲ့ အဓိက အဆောက်အအုံများစုဝေးရာ ဒီဘုရင်မရင်ပြင်ဆီ လာရောက်လေ့လာသင့်ပါကြောင်း ညွှန်းဆိုပါရစေ။  

ယိုကိုဟားမား ဘုရင်မဈေးဝယ်စင်တာရင်ပြင်၏ လိပ်စာမှာ  2-3 Minatomirai, Nishi-ku, Yokohama-shi, Kanagawa-ken ဖြစ်ပြီး အနီးဆုံးရောက်ရှိနိုင်သည့် ဘူတာမှာ Minatomirai Station (Minatomirai Line) ဖြစ်ပါတယ်။ဘုရင်မရင်ပြင်၊ ဘုရင်မစင်တာများနှင့် ပတ်သက်ပြီး ပိုမိုသိရှိလိုပါက https://www.qsy-tqc.jp/english/ ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။ 



ယိုကိုဟားမား ဖျော်ဖြေရေးဥယျာဉ် (Yokohama’s Cosmo World)

ယိုကိုဟားမားဖျော်ဖြေရေးဥယျာဉ်ဆိုတာ ယိုကိုဟားမားကော့စ်မိုကမ္ဘာ (Yokohama’s Cosmo World) ကိုဆိုလိုတာဖြစ်ပါတယ်။ ဒီကော့စ်မိုကမ္ဘာက အဓိက ကလေးများအတွက် ဖြစ်ပါတယ်။မြို့ရဲ့ ပင်လယ်ကမ်းနားတစ်လျှောက်မှာ အကာအကွယ်အတားအဆီးမရှိ တည်ရှိတဲ့ ကြီးမားလှတဲ့ ချားရဟတ်ကြီးများ၊ ရိုလာကိုစတာများ၊ ကလေးစီးမော်တော်ယာဉ်များပါဝင်တဲ့ ခေတ်မီကလေးကစားကွင်းကြီးပဲ ဖြစ်ပါတယ်။အဲဒီကြီးမားလှတဲ့ ကော့စ်မိုကမ္ဘာဖျော်ဖြေရေး ဥယျာဉ်ကြီးကို ယိုကိုဟားမား ဘယ်နေရာကကြည့်ကြည့် မြင်တွေ့ရမှာဖြစ်ပြီး အဲဒီကဖျော်ဖြေရေး စက်ယန္တရားတွေပေါ်က ကလေးတွေ၊ လူငယ်တွေရဲ့ ပျော်ရွှင်ကြည်နူး အော်ဟစ်သံတွေဟာ တစ်ခါတစ်ရံ ပင်လယ်ဝအထိတိုင်ပျံ့နှံ့ပြီး အနီးအဝေးကနေ အတိုင်းသားကြားနေရတတ်ပါတယ်။ 

အဲဒီကော့စ်မိုကမ္ဘာမှာရှိတဲ့ ဖျော်ဖြေရေးနေရာတွေက ကြီးမားမြင့်မားလှတဲ့ ချားရဟတ်ကြီး (Cosmo Clock 21) (ယန်း ၈၀ဝ)၊ 
အပေါ်၊ အောက်၊ အနိမ့် ၊ အမြင့် ကောင်းကင်သံလမ်းများတစ်လျှောက် ခုတ်မောင်းရင်း နောက်ဆုံးရေကန်အတွင်းက အပေါက်ကြီးထဲ အရှိန်နဲ့ ထိုးစိုက်ဆင်းပျောက်ကွယ်သွားတဲ့ရထား (Diving Coaster ‘Vanish’) (ယန်း ၇၀ဝ)၊ ရေမြောင်းတစ်လျှောက် အနိမ့်၊ 
အမြင့် လှေစီးရင်း အပေါ်ကနေအောက် ရေကန်ရေပြင်အတွင်း ထိုးစိုက်ဆင်းတဲ့လှေ (Cliff Drop) (ယန်း ၇၀ဝ)၊ သံလမ်းတစ်လျှောက် ပြေးလွှားရင်း စက်ဝိုင်းလိုလည်လိုက်၊ ကွေ့ကောက် သွားလိုက်၊ နိမ့်ချည်၊ မြင့်ချည်ဖြစ်လိုက်သွားတဲ့ယာဉ် (Spinning Coaster) (ယန်း ၆၀ဝ)၊ သရဲခြောက်တဲ့ အိမ်ကြီး (Haunted House) (ယန်း ၆၀ဝ)၊ အမြင့် သံလမ်းတစ်လျှောက် စက်ဘီးစီးနင်းခြင်း (Cycle Monorail) (ယန်း ၃၀ဝ)၊ ပုံစံအမျိုးမျိုးနှင့်ဖြစ်သော ထိုင်ခုံများတွင်လိုက်ပါရင်း အပေါ်အောက် အနိ်မ့်၊ အမြင့် တိုင်များနှင့် စက်ဝိုင်းသဏ္ဌာန် လည်ပတ်နေသည့် ကစားနည်း (Merry-go-round) (ယန်း ၃၀ဝ)၊ 'ပ' ပုံသဏ္ဌာန် စက်ဝိုင်းခြမ်းပြေးလမ်းအတွင်း ဟိုဘက်ထိပ်အစွန်း၊ ဒီဘက်ထိပ်အစွန်း လည်ပတ်ရင်း ရွေ့လျားနေသည့်ယာဉ် (Disk o) (ယန်း ၅၀ဝ)၊ အလယ်မှ စက်ဖြင့်ထိန်းချုပ်ကာ ရေဘဝဲသဖွယ် လက်တံအရှည်ကြီးများဖြင့် လက်တံရှည်များထိပ် လူစီးနင်းသည့်ယာဉ်များအား ဘယ်၊ ညာ၊ အနိမ့်၊ အမြင့် ဆွဲမွေ့လှုပ်ယမ်းသည့် ကစားနည်း (Galaxy) (ယန်း ၅၀ဝ)၊ မြေပြင်တွင် ချားရဟတ်စက်ဝိုင်းကြီးအား လှဲချထားသည့် သဖွယ်အနေအထားမှ တဖြည်းဖြည်း ထောင်မတ်လာကာ စောင်းလျက် ဒီဂရီပေါင်းစုံ အနိမ့်အမြင့်မှ အပေါ်တွင် ဆွဲမွေ့လှည့်လည်လှုပ်ယမ်းသည့် ကစားနည်း (Super Planet) (ယန်း ၆၀ဝ) စသဖြင့် ကစားနည်းတွေလည်း ရှိပါတယ်။ကော့စ်မိုကမ္ဘာ ကြော်ငြာများမှာ ကော့စ်မို ကမ္ဘာကို Wonder Amuse Zone, Brano Street Zone Kids Carnival Zone, ဆိုပြီး သုံးဇုန်ခွဲခြားထားပြီး စုစုပေါင်း ကစားနည်း ၃၂ မျိုးရှိတယ်လို့ သိရပါတယ်။ 

စာရေးသူက အဲဒီဇုန်သုံးခုစလုံးဆီသွားခဲ့ပြီး တစ်နေရာနဲ့တစ်နေရာက အဝေးကြီးမဟုတ်လှပါဘူး။ ၁၅ မိနစ်လောက်တော့ 
လျှောက်ရပါတယ်။ပထမဆုံး ရောက်သွားတာ Wonder Amuse Zone ပါ။ အဲဒီမှာ ယိုကိုဟားမားမြို့ရဲ့ သင်္ကေတလို့ ပြောရမယ့်၊ ယိုကို ဟားမားရဲ့ မျက်စိလို့လည်းတင်စားကြတဲ့ ချားရဟတ်ကြီး (Cosmo Clock 21) ရှိပါတယ်။ချားရဟတ်ကြီးဆိုပေမယ့် မြန်မာနိုင်ငံ သီတင်းကျွတ်ပွဲတော်တွေကလို အမြန်ချာချာလည်နေတဲ့ ရဟတ်ကြီးမဟုတ်ပါဘူး။တဖြည်းဖြည်းချင်း လည်နေတာဖြစ်ပြီး သူ့အမြင့်က ၁၁၂.၅ မီတာ (၃၇၀ ပေ)၊ အကျယ် ၁၀ဝ မီတာ (၃၂၈ ပေ)၊ တစ်တွဲမှာ ခုံ ၈ ခုံပါတဲ့ တွဲ ၆၀ (တစ်ကြိမ်လည်ရင် လူအပြည့်ဆို လူပေါင်း ၄၈၀ စီးနင်းနိုင်ပါတယ်) ရှိပါတယ်။ ဆိုတော့ကာ တစ်ထပ်ကို ၁၀ ပေနဲ့ အမြင့်နဲ့တွက်ရင် အထပ် ၃၇ ထပ်လောက်ရှိတဲ့ တိုက်ကြီးအမြင့်နဲ့ သွားညီမျှပါတယ်။တစ်ကြိမ်လည်ရင် ၁၅ မိနစ်ကြာပါတယ်။ရဟတ်ကြီးရဲ့ အလယ်ဗဟိုမှာ ဂဏန်းနဲ့ပြတဲ့ ကြီးမားတဲ့ ဒစ်ဂျစ်တယ်နာရီကြီး ရှိပါတယ်။စာရေးသူ အဲဒီရဟတ်ကြီး အနားတိုးကပ်သွားတဲ့အခါ ရဟတ်ကြီးအနီး ခေါင်းပေါ်မှာ ရှုပ်ထွေး မြင့်မားလှတဲ့ မီးရထားသံလမ်းပေါင်းများစွာရှိနေပြီး အဲဒီသံကွန်ရက်ကြီးအတွင်းမှာ  Diving Coaster တွေ Spinning Coaster တွေ 
Cliff Drop တွေဟာ နိမ့်ချည်မြင့်ချည် အရှိန်အဟုန်နဲ့ သွားလာနေကြပါတယ်။ ရဟတ်ကြီးအောက်ခြေအနီးက ရေပြင်ဆီကိုလည်း 
အမြင့်ရေလွှာလျှောပေါ်ကနေ အပျော်စီးလှေများဟာ တစ်စင်းပြီးတစ်စင်း မိနစ်ပိုင်းပုံမှန်ထိုးကျလာနေပြီး သံလမ်းပေါ်က ရထားတွဲများ ဟာလည်း ၁၅ မိနစ်တစ်ကြိမ်လောက် ကောင်းကင်သံလမ်းများမှာ နှေးလိုက်မြန်လိုက် ကွေ့ကောက်သွားလာနေကြပြီး 
သူတို့ခရီးစဉ်အဆုံးမှာ ရဟတ်ကြီးရှေ့သံလမ်းတစ်နေရာကနေ အရှိန်နဲ့ထိုးတက်လာပြီး အမြင့်ဆုံးနေရာအရောက်မှာ အရှိန်ပြင်းစွာနဲ့ ရေပြင်အတွင်းက အပေါက်ကြီးထဲကျယ်လောင်တဲ့ အသံကြီးနဲ့အတူ ထိုးဝင်ပျောက်ကွယ်သွားပါတယ်။စာရေးသူလည်း ဒီလို 
ရဟတ်ကြီးတွေကို အခြားနိုင်ငံတွေ ခရီးသွားရင် မြင်တွေ့ခဲ့ဖူးပေမယ့် ဒီ Diving Coaster လို လူစီး ရထားတွဲက အမြင့်ကနေ ရေကန်ထဲဆီ အရှိန်နဲ့ထိုးစိုက် ဆင်းပြီး ရထားတွဲပေါ်မှာ ပါလာတဲ့ စီးနင်းသူများရဲ့ အော်ဟစ်သံနဲ့အတူ ပျောက်ကွယ်သွားတာကို အနီး 
ကပ် မြင်တွေ့တာတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။အဲဒီရဟတ်ကြီးအနီးမှာပဲ ဓာတ်ပုံပေါင်း၊ ဗီဒီယိုပေါင်းများစွာ ရိုက်ကူးခဲ့ပြီး ကော့စ်မိုကမ္ဘာရဲ့ နောက်ဇုန်တစ်ခုဖြစ်တဲ့ Brano Street Zone ဘက်ဆီ ထွက်လာခဲ့ပါတယ်။ 

Brano Street Zone မှာလည်း ဒီလိုပါပဲ။ကစားနည်း အမျိုးမျိုးပေါ့။ အဲဒီမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးကတော့ 
Super Planet နဲ့ Galaxy လို့ထင်ပါတယ်။ အနိမ့်၊ အမြင့် လက်တံများနဲ့ အပေါ်မှာ ဆွဲမွေ့ယမ်းနေစဉ် ဆူညံအော်ဟစ်နေကြတာ ကြည့်ပြီး ကိုယ်တောင်ကလေးဖြစ်ချင်စိတ်ပေါက်လာခဲ့ပါတယ်။ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်က ကိုယ့်အိမ်ရှေ့မှာ နှစ်စဉ် ရေကျော်သီတင်းကျွတ်ပွဲတော် အကြီးအကျယ်ကျင်းပတာမို့ ဒီကော့စ်မိုကမ္ဘာကလည်း ဒီသဘောပါပဲ။ဆိုလိုတာက ဝင်ကြေးမရှိပါဘူး။ အနီးကပ်သွားမော့ကြည့်နေလို့ ရပါတယ်။တကယ်စီးရင်တော့ ကျသင့်သလောက် ပေးပေါ့။ထင်သလောက်လည်း ဈေးမကြီးလှပါဘူး။ တစ်ခါစီး ၁၅ မိနစ်ဝန်းကျင်ကို ပျမ်းမျှ ကျပ် ၁၀ဝ၀ဝ ဝန်းကျင်လေ။ကျွန်တော် မစီးခဲ့ဘူးဆိုတာ တစ်ယောက်တည်းမို့ပါ။ အဖော်ပါရင်တော့ စီးဖြစ်ကောင်းစီးဖြစ်ခဲ့မှာပါ။ 

ဒီယိုကိုဟားမားဖျော်ဖြေရေးဥယျာဉ် ကော့စမိုကမ္ဘာ၏ လိပ်စာမှာ 2 Chome-8-1 Shinko, Naka-ku, Yokohama-shi, Kanagawa-ken  ဖြစ်ပြီး အနီးဆုံးရောက်ရှိနိုင်သည့် ဘူတာမှာMinato Mirai Station (Minatomirai Line) တို့ဖြစ်ကြပါသည် ။ကော့စ်မိုကမ္ဘာနှင့်ပတ်သက်ပြီး  ပိုမိုသိရှိလိုပါက http://goyokohama.jp/topics/44456 တွင်ဝင်ရောက် 
ဖတ်ရှုလေ့လာနိုင်ပါသည်။ 



ပင်လယ် အပျော်စီးရွက်လှေခရီးစဉ် (Miraie Yacht)

မနက်ဘက် ယိုကိုဟားမားကမ်းခြေတစ်လျှောက် လမ်းလျှောက်ရင်း ရွက်တိုင်တွေ အများကြီးနဲ့ ရွက်လှေကြီးတစ်စင်းတွေ့ပါတယ်။ လူအချို့ ရွက်တိုင်တွေပေါ်တက်ပြီး ရွက်တွေချည်နေတာ တွေ့ပါတယ်။ ရွက်လှေကြီး အနီးမှာလည်း လူတချို့တန်းစီစောင့်နေတာတွေ့ ပါတယ်။ဒါနဲ့ ခဏစောင့်ကြည့်တော့ ရွက်လှေထဲက ဝန်ထမ်းတစ်ယောက် ထွက်လာပြီး ခုံတစ်ခုခင်း၊ လက်မှတ်များ စတင်ရောင်းပါတော့တယ်။ဒါနဲ့ မေးကြည့်တော့ ဒီရွက်လှေက ပင်လယ်ကိုထွက်မယ်၊ ပင်လယ်ဝအထိရောက်မယ်၊ အဲဒီကနေ ယိုကိုဟားမားမြို့ကြီးကို ကြည့်မယ်၊ ပင်လယ်ထဲမှာ မိနစ် ၉၀ လောက် နာရီကြာမယ်၊ ယန်း ၂၀ဝ၀ ကျမယ်လို့သိရပါတယ်။ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ အစီအစဉ်တစ်ခုပါ။ရွက်သင်္ဘောကြီးကလည်း အကြီးကြီး၊ ရွက်တိုင်တွေကလည်း အများကြီး၊ တစ်ခါမှလည်း ပင်လယ်ပြင်ထွက် ရွက်လှေမစီးဖူးသေးတော့ အသစ်အဆန်းဆို စိတ်ဝင်စားတတ်တဲ့စာရေးသူနဲ့ ရေကန်အသင့်၊ ကြာအသင့် ဖြစ်နေပါတယ်။ပင်လယ်အသင့်၊ ရွက်လှေအသင့်ပေါ့။ဒါနဲ့ လူတန်းနောက်က ဝင်တန်းစီ၊ လက်မှတ်တစ်စောင်ဝယ်ပြီး အနားဝန်းကျင်လျှောက်သွား၊ နောက်ရွက်လှေထွက်မယ့် မွန်းလွဲ ၁ နာရီပြန်လာပြီး ရွက်လှေစီးတာပေါ့။ 

ရွက်လှေစီးတဲ့အတွေ့အကြုံနည်းနည်းရေးရမယ်ဆိုရင် စာရေးသူတို့ ခရီးသည် ၁၅ ဦး ဝန်းကျင်ရှိပါတယ်။ နိုင်ငံခြားသားဆိုလို့ စာရေးသူပဲ ရှိမယ်ထင်ပါတယ်။ နောက်တစ်ယောက်က ကိုရီးယားလားမသေချာပါ။ အများစုက ဂျပန်လူမျိုးတွေပါ။ ရွက်လှေခရီးစဉ် အတွင်းမှာလည်း ဂျပန်ဘာသာနဲ့ပဲ ရှင်းလင်းပြောကြားပါတယ်။ရွက်လှေက ထွက်စမှာ ရွက်တွေလွှင့်မထားပါဘူး။ ပင်လယ်ထဲရောက်မှ ဝန်ထမ်းတစ်ဦးက ကမ်းကပ်ကတည်းက တိုင်မှာချည်ထားတဲ့ရွက်ကို အောက်ကစာရေးသူတို့ ခရီးသည် ၁၅ ဦးက ဟိုဘက်ဒီဘက် လူ ၂ စုခွဲပြီး အားလုံးညီညီညာညာနဲ့ ကြိုးကိုဝိုင်းဆွဲပြီးရွက်ကြီးကို ဖွင့်ရတာပါ။ကြိုးကိုအတူဆွဲကြရင်း ခေါင်းပေါ်မှာ ပင်လယ်လေတလူလူနဲ့ ကြီးမားတဲ့ရွက်စကြီး တဖြည်းဖြည်း ပြန့်ကားလာပြီး ရွက်လှေကြီးကို စီးမိုးသွားတဲ့အခါ စိတ်ထဲမှာ ဒီရွက်လှေဟာ ငါတို့ကိုယ်တိုင် မောင်းနှင်နေတာပါလားလို့ ခံစားလာခဲ့ရပါတယ်။ရွက်တိုင်ကတော့ တိုင်သုံးတိုင်မှာ တစ်တိုင်ပဲဖွင့်ပါတယ်။ ရွက်လှေအနှံ့လည်း သွားလာလို့ရပြီး သိပ်အေးလာရင် ရွက်လှေအတွင်းထဲဝင်ပြီး စီးနင်းလို့လည်းရပါတယ်။ အတွင်းမှာတော့ သင်္ဘောသားအိပ်စင်တွေ၊ စားသောက်ခန်းတွေ အိမ်သာ၊ မီးဖိုခန်း စတာတွေ ရှိပါတယ်။သင်္ဘောမောင်းနှင်တဲ့အခန်းထဲအထိ လွတ်လပ်စွာဝင်ထွက်လို့ရပြီး မောင်းနှင်သူနေရာနားအထိ ပူးကပ်မတ်တတ်ရပ်ရင်း လေ့လာလို့ရပါတယ်။ အဲဒီလောက် လွတ်လပ်စွာ လေ့လာခွင့်ရတာ စာရေးသူအဖို့တော့ နည်းနည်းထူးဆန်းနေပါတယ်။ဒီယိုကိုဟားမားမှာ ပင်လယ်ကိုထွက်တဲ့ တခြားသင်္ဘောတွေလည်း ရှိပါတယ်။ ၁၀ ထပ်၊ ၁၁ ထပ် သင်္ဘောကြီးတွေလည်း ရှိပါတယ်။အခြားသင်္ဘောအသေးလေးတွေလည်း ရှိပါတယ်။သို့သော် ဒီသင်္ဘောခရီးစဉ်ကတော့ ကိုယ်တိုင်ရွက် တိုင်ဖွင့်လုပ်ဆောင်ရတာမို့လို့၊ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သင်္ဘောတာဝန်ရှိသူတွေက လမ်းညွှန်ပြသတာဖြစ်လို့ ရွက်သင်္ဘောစီးရုံတင် မဟုတ်ဘဲ ရေကြောင်းဆိုင်ရာသင်တန်း နာရီပိုင်းသဘောတက်ရခြင်းလည်းမည်ပါတယ်။ ပင်လယ်တွင်းက ရှုခင်းတွေ၊ နောက်ဘက်မှာ တဖြည်းဖြည်းဝေးပြီး ကျန်ခဲ့တဲ့ ယိုကိုဟားမား မြို့ကြီး၊ ယိုကိုဟားမားကြိုးတံတားကြီး စတာတွေ ကြည့်ရှုငေးမောခံစားရင်း ယိုကိုဟားမားဆိပ်ကမ်းဘက်ဆီ ရွက်လှေကြီးဟာ ပြန်လည်ချင်းနင်း ဝင်ရောက်လာပါတော့တယ်။ ရွက်လှေခရီးစဉ်ပြီးတော့ စီးနင်းတဲ့ခရီးသည်တိုင်းကို Miraie Boarding Certificate ဆိုပြီး စီးခဲ့တဲ့ရွက်လှေပုံနဲ့ ရက်စွဲပါဝင်တဲ့ အမှတ်တရ ပို့စ်ကတ်လေးတစ်ခုဆီ လက်ဆောင်အဖြစ်ပေးပါတယ်။ 

စာရေးသူစီးခဲ့တဲ့ ရွက်လှေနာမည်က မီရိုင်း (Miraie) ဖြစ်ပါတယ်။ မီရိုင်းနဲ့ပတ်သက်ပြီးရေးချင်လို့ အင်တာနက်မှာ အချက်အလက်တွေ ရှာဖွေတော့ ရွက်လှေကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ဂျပန်လိုတွေပဲ ရေးထားတာတွေ့ပါတယ်။ဒါနဲ့ ကုမ္ပဏီကို အီးမေးလ်လှမ်းပို့ပြီး အင်္ဂလိပ်လို အချက်အလက်ရနိုင်မလားမေးတဲ့အခါမှာ နာရီပိုင်းအတွင်း ရွက်လှေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပို့လာပါတယ်။ မီရိုင်း ရွက်လှေဟာ ရွက်တိုင်သုံးခုပါတဲ့ သုံးပင်တိုင်ရွက်လှေ (Three masted topsail schooner) အမျိုးအစား ဖြစ်ပြီး ရွက်လှေအရှည်က ၅၂.၁၆ မီတာ (၁၇၁.၁၃ ပေ) ရှိကာ ရွက်တိုင်တစ်တိုင်အမြင့် ၃၀ မီတာ (၉၈ ပေ) ရှိကြောင်းသိရပါတယ်။
 
ရွက်လှေကြီးကို သဘာဝပတ်ဝန်းကျင်သုတေသန နဲ့ လေ့ကျင့်ရေးသင်္ဘောအဖြစ် ဂျပန်နိုင်ငံ၊ ကိုဘေးဆိပ်ကမ်းမှာ မှတ်ပုံတင်ထားတယ်လို့ သိရပါတယ်။ ရွက်လှေရဲ့ အမြန်ဆုံးနှုန်းက 8.5 Kt ဖြစ်ပြီး ပုံမှန်အမြန်နှုန်းကတော့ 6.0 Kt ဖြစ်ပါတယ်။ ရွက်လှေဝန်ထမ်း ၁၃ ဦးနှင့် လူ ၄၀ (ညအိပ်) လိုက်ပါစီးနင်းနိုင်ပြီး လက်ရှိမှာရွက်လှေကြီးကို အပျော်စီးလေ့လာဖို့နဲ့ ပင်လယ်ရေကြောင်း သင်တန်းပို့ချရာမှာ အသုံးချတယ်လို့ သိရပါတယ်။ ရွက်လှေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ရှိပါသေးတယ်။ ဆောင်းပါးသိပ်ရှည်သွားမှာစိုးလို့နဲ့ ရွက်လှေဆိုင်ရာ အသုံးအနှုန်းတွေ နားမလည်တဲ့အတွက် မဖော်ပြတော့ပါဘူး။

စာရေးသူစီးနင်းခဲ့သည့် မီရိုင်းအပျော်စီး ရွက်လှေသည် ကိုဘေးမြို့ အခြေစိုက်ဖြစ်ပြီး ယိုကိုဟားမားတွင် ပုံမှန်ရှိမနေတတ်ဟု နားလည်ပါတယ်။အကယ်၍ ယိုကိုဟားမားရောက်ခိုက် အဆိုပါမီရိုင်းရွက်လှေကြီးကိုမှ ရွေးချယ်စီးနင်းလိုပါမူ [email protected] နှင့် [email protected] တို့ထံ ကြိုတင်အီးမေးလ်ပို့ မေးမြန်းနိုင်ပြီး ရွက်လှေနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များ ပိုမို သိရှိလိုပါက http://miraie.org/ တွင် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။ 

စာရေးသူဆီ ကုမ္ပဏီကဆောင်းပါးရေးမယ်ဆိုတာသိလို့ ဒီရွက်လှေနဲ့ပတ်သက်တဲ့ သင်တန်းအစီအစဉ်တစ်ခု ပေးပို့ရာမှာလာမယ့် မေလ ၂ ရက်ကနေ မေလ ၆ ရက်နေ့အထိSeto Inland Sea Course (Young Mariner Tall Ship Program) ဆိုတာ ပြုလုပ်မယ်။
ဒီ မီရိုင်းရွက်သင်္ဘောကြီးနဲ့ ဟီရိုရှီးမားမြို့ ကိုဘေးမြို့အကြား ၄ ည၊ ၅ ရက် ရွက်လွှင့်ခရီးသွားရင်း သင်တန်းသားတွေဟာ ပင်လယ်ရေကြောင်း ခရီးထွက်ရာမှာ လိုအပ်တဲ့ခေါင်းဆောင်မှုတွေ (Leadership Skills) ၊ စဉ်းစားတွေးခေါ်မှုတွေ (Critical Thinking) ၊ ဆုံးဖြတ်ချက်တွေ (Decision Making) ကို ရွက်တိုင်တက်ခြင်း (Climbing The Masts) ၊ ကြိုးဆွဲရွက်ဖွင့်ခြင်း (Rope Work) ၊ ရွက်လွှင့်ခြင်းနည်းပညာ (Sailing Technique) မှတစ်ဆင့် အသင်းအဖွဲ့လုပ်ဆောင်မှု (Team Work) နဲ့ လေ့လာသင်ယူရမယ် ဆိုပါတယ်။ ဒီသင်တန်းတက်မယ့်သူတွေဟာ အသက် ၁၅ နှစ်နဲ့ ၂၅ နှစ်အကြားရှိရမှာဖြစ်ပြီး ဂျပန်လူမျိုး ၁၅ ဦး၊ နိုင်ငံခြားသား ၁၅ ဦးကို သင်တန်းသားအဖြစ်လက်ခံပြီး သင်တန်းကာလ အင်္ဂလိပ်ဘာသာနဲ့ ပို့ချသွားမယ်လို့ သိရပါတယ်။သင်တန်းခက ယန်း ၁၀ဝ,ဝ၀ဝ ကျင့်မှာဖြစ်ပြီး အခွန်၊ စားစရိတ်၊ နေစရိတ် ပါဝင်တယ်လို့ဆိုပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် www.ispa.jp မှာ ဝင်ရောက်ဖတ်ရှုနိုင်ပြီး [email protected] သို့လည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။ 
                      
ခင်မင်စွာဖြင့်
အောင်အောင် (IR)၊ (ခေတ္တ ကျိုတိုမြို့)