News

POST TYPE

TRAVEL LOG

လွိုင်ကော်-တောင်ငူ ကားလမ်းမှ နေပြည်တော်-ရန်ကုန် မီးရထားလမ်းဆီသို့
ကယန်းပြည်သစ် အာဇာနည်ဗိမာန်ဆီသို့

တောင်ကြီး၊ လွိုင်ကော်အပါအဝင် နယ်မြို့တွေရှိ လိုင်းကားငယ်တွေရဲ့ အားသာချက်ကတော့ ခရီးသည်တွေကို အိမ်တိုင်ရာရောက် လိုက်ခေါ်၊ လိုက်ပို့ပေးခြင်းပါ။ ဟိုတယ်မှာ တည်းတဲ့သူကို အရင်ဦးစားပေးခေါ်တယ် ဆိုပြီး မနက် ၇ နာရီ ၁၅ မိနစ်လောက်မှာ အဲဒီ လိုင်းကားက ကျွန်တော့်ဆီ ရောက်လာပါတယ်။ တကယ်တမ်း ကားထွက်မယ့်အချိန်က မနက် ၈ နာရီ။ ဒါပေမဲ့ မြို့တစ်ပတ်ပတ်ပြီး ခရီးသည်တွေကို လိုက်ခေါ်ရင်းနဲ့ ဂိတ်ကိုရောက်တော့ ၈ နာရီတောင်ကျော်စပြုနေပြီ။

ဓာတ်ပုံရိုက်ချင်လို့ ရှေ့ခန်းကိုအသေအချာ ပြောထားပေမယ့် ဒီတစ်ခါလည်း ကံမကောင်းပြန်ဘူး။ ဒီနေ့ခရီးစဉ်မှာ ဘုန်းတော်ကြီးတွေမပါလို့ အိုကေပြီလို့ ထင်ထားပေမယ့် ခရီးသည်တွေထဲက အမျိုးသမီးကြီး တစ်ဦးဟာ ဝလွန်းတဲ့အတွက် နောက်ခုံမှာ ထိုင်ဖို့အဆင် မပြေဖြစ်နေပါတယ်။ ဒီလိုနဲ့ သူ့ကိုဦးစားပေးရင်း ကျွန်တော်ဟာ ရှေ့ခန်းနဲ့ လွဲခဲ့ရပြန်ပါတယ်။ လွိုင်ကော်ကနေ ဒီမောဆိုအထိက တစ်နေ့က ပဒေါင်ရွာတွေဆီ သွားတဲ့လမ်းအတိုင်းပါပဲ။ ပဒေါင်ရွာတွေအလွန်မှာ လမ်းက ပိုဆိုးလာပါတယ်။

ဒီမောဆိုမြို့နယ် အလွန်မှာ ရှမ်းပြည်နယ် ဖယ်ခုံ မြို့နယ်ဆိုတဲ့ ဆိုင်းဘုတ်ကို ပြန်တွေ့ရတော့ နည်းနည်း အံ့ဩသွားပါတယ်။ ဖယ်ခုံက အတော်ကျယ်တဲ့မြို့နယ်ပဲ။ မိုးဗြဲဆည်ဘေးကနေ ကယားပြည်နယ်ကိုကျော်၊ ကရင်ပြည်နယ်နယ်စပ် အထိ ရှိနေတဲ့မြို့နယ် ဖြစ်ပါတယ်။ ဖယ်ခုံမြို့နယ်ကြီးထဲမှာမှ ဆီဘူးဆိုတဲ့ မြို့နယ် ခွဲလေးရှိပါတယ်။ အဲဒီမြို့နယ်ထဲမှာ အာဇာနည်ဗိမာန် ရှိတယ်ဆိုလို့ ဒီလမ်းကြမ်းကို ကျွန်တော်ရွေးခဲ့တာ မဟုတ်ပါလား။

ဒီမောဆိုကနေ ဆီဘူးအကြားမှာ တောင်သက်သက်။ တခြားကားလမ်းတွေလို ရွာတွေသိပ်မရှိပါ။ တောင်တွေက မြင့်မားတဲ့အပြင် လမ်းတွေကလည်း ကွေ့ကောက်သလားမမေးနဲ့။ မီတာ ၁၀၀ လောက်တောင် လမ်းဖြောင့်မရှိပါ။ ဒီတော့ ကားမူးတတ်သူတွေ မအော့မအန်ပဲ ဘယ်နေနိုင်ပါ့မလဲ။ ကားသမားက အသက် ၂၀ ကျော်သာရှိသေးတဲ့ ကယားလူငယ်။ ခရီးသည် အများစုက တောင်ငူမှာနေတဲ့ ကရင်တွေ။ တောထဲမှာ နေတုန်းက နည်းနည်းပါးပါးတတ်ခဲ့တဲ့ ‘ဝါလဲဂေး၊ နီလဲဂေး’ နဲ့နှုတ်ဆက်ရင်း အားလုံးနဲ့ မိတ်ဆွေဖွဲ့ရပါတယ်။

“တခြားလိုင်းကားတွေလည်း မတွေ့ပါလား၊ ညဘက်စီးတဲ့လူ ပိုများလို့လား” ဆိုပြီး ကားသမားကို မေးတော့ ချက်ချင်းပြန်မဖြေပဲ ကြောင်ကြည့်နေပါ တယ်။ ပြီးတော့မှ “ဒီလမ်းမှာ ကျွန်တော်တို့တစ်လိုင်းပဲ ရှိတယ်လေ ဆရာ။ တောင်ငူက တက်လာတဲ့ကားကို သံတောင်လောက်မှာ တွေ့နိုင်ပါတယ်” လို့ သူက ဆိုပါတယ်။ သေပြီဆရာပဲ။ ဒီလမ်းမှာ လိုင်းကားပြေးနေတယ် ဆိုတော့ တခြားလမ်းတွေလိုပဲ ကားတွေအများကြီး ပြေးနေတယ်လို့ ကျွန်တော်က ထင်ထားတာ။ အခုတော့ မိုင် ၁၂၀ (ကီလိုမီတာ ၂၀၀ နီးပါး) စလုံး ကျွန်တော်တို့စီးလာတဲ့ ကားတစ်စီးတည်း။ ကိုယ်ပိုင်ကားငယ် တစ်စီးစ နှစ်စီးစ၊ (ငြိမ်း) အဖွဲ့အစည်းပိုင် လေးဘီး ရက်ကား  တစ်စီးစနှစ်စီးစ၊ တောစီး (တောင်ယာသွားတဲ့) မော်တော်ဆိုင်ကယ် တစ်စီးနှစ်စီးကို လမ်းကွေ့ တွမှာ တစ်ခါတလေတွေ့ရတာမှအပ ပတ်ဝန်းကျင်တစ်ခုလုံး တောနဲ့တောင်စွယ်ချည်း။

မတော်တဆ ကားများပျက်လို့ကတော့ မလွယ်ပါ။ ရွာကလည်းမရှိ။ တခြား အစားထိုးစီးနိုင်တဲ့ကားလည်း မရှိဆိုတော့ တောထဲမှာ ညအိပ်ရမယ့်ကိန်း။ ကံကောင်းချင်တော့ ကားက ဘာမှမဖြစ်ပါ။ ကံဆိုးချင်တော့ လမ်းတစ်လျှောက်မှာ ရွာမရှိ၊ ရှိတဲ့ရွာမှာ ဆိုင်မရှိတဲ့အတွက် ရေနဲ့မုန့် ဝယ်မရပါ။ တော်သေးတယ်။ ကျောပိုးအိတ်ထဲ ရေပုလင်း အမြဲဆောင်ထားလို့၊ နို့မို့ရင် ရေဆာတဲ့ကိစ္စက ဒုက္ခပေးနိုင်ပါတယ်။ 

ဒီလိုတွေးရင်း လှပတဲ့တောင်တန်းတွေကို ငေးရင်းနဲ့ ‘ဆီဘူးမြို့နယ်မှ ကြိုဆိုပါ၏’ ဆိုတဲ့ ဆိုင်းဘုတ် ကိုတွေ့လိုက်ရပါတယ်။ ဆိုင်းဘုတ်အလွန် နောက်ထပ် ရွာငယ်တစ်ခုဆီ ရောက်တော့ ပြောက်ကျားယူနီဖောင်းဝတ် လက်နက်ကိုင်တွေ စောင့်နေတဲ့ ဝါးတားဂိတ်တစ်ခု နဲ့တိုးပါတယ်။ ဒါဟာ ကယန်းပြည်သစ် ပါတီဌာနချုပ် ဂိတ်ပါပဲ။ လမ်းရဲ့ယာဘက်မှာ ဗဟိုရုံးခန်းနဲ့ ဆိုင်းဘုတ်တွေ အများကြီးချိတ်ထားတဲ့ အဆောက်အအုံတစ်လုံး ကိုလည်း တွေ့ရပါတယ်။ ဓာတ်ပုံရိုက်ချင်ပေမယ့် အမေးအမြန်း ထူနေမှာစိုးတာနဲ့ မရိုက်ဖြစ်လိုက်ပါဘူး။ 

အဲဒီဂိတ်ကိုကျော်၊ ဂငယ်ကွေ့ တောင်တစ်လုံးကို တက်တဲ့အခါမှာတော့ ကားကမတက်နိုင်ဘဲ နောက် ပြန်ဆုတ် ဆင်းလာပါတယ်။ အရင်ခေတ်ကဆိုရင်တော့ ကားစပယ်ယာ အမြန်ပြေးဆင်းပြီး ကျမ်းတုံးခု။ ခရီးသည်တွေအားလုံး ဆင်းပြီး ဝိုင်းတွန်းရမယ့်ကိန်းပေါ့။ အခုတော့ အဲဒီလိုမဟုတ်။ ကားတွေက အတော်ခေတ်မီသွားပြီ။ ဘယ်သူမှ ဆင်းတွန်းစရာမလိုပါ။ နည်းနည်း နောက်ပြန်ဆုတ်၊ ဂီယာချိန်း၊ နောက်တစ်ခါ ထပ်တက်တော့ အိုကေသွားပါတယ်။ အဲဒီအကွေ့အလွန် ရှိ ဗွက်အိုင်ကို ကျော်ပြီးတဲ့နောက် ကယန်းပြည်သစ် ပါတီရဲ့ အာဇာနည်ဗိမာန်ကို ဘွားခနဲမြင်လိုက်ရပါတယ်။

ကားသမားကို အတင်းရပ်ခိုင်းပြီး ဓာတ်ပုံဆင်းရိုက်မယ် ပြင်တော့ ခရီးသည်အတော်များများ ကျွန်တော့်နောက် လိုက်လာကြပါတယ်။ လှလိုက်တဲ့မြင်ကွင်း။ မြင့်မားလှတဲ့ နောက်ခံတောင်တန်းတွေပေါ် မြူခိုးတွေ ဆိုင်းနေပါတယ်။ ကြယ်နီတံဆိပ်ပါတဲ့ ဗိမာန် ဝန်းကျင်မှာတော့ ရာနဲ့ချီရှိတဲ့ အုတ်ဂူငယ်လေးတွေ အစီအရီ။ ကန်ချနပူရီ၊ သံဖြူဇရပ်တို့မှာ မြင့်ခဲ့ဖူးတဲ့ မဟာမိတ်စစ်သချုင်္ိင်းနဲ့ တူနေသလိုလို။ ‘ဗိမာန်တံခါးဝတွင် သော့ချိတ်ထားသည်’ ဆိုတဲ့ စာတန်းကိုမြင်တော့ အထဲထိ ဝင်ကြည့်ချင်စိတ် ပေါ်လာပါတယ်။

ဒါပေမဲ့ ကားသမားက ဘယ်လောက်ကြာကြာ ရပ်စောင့်နိုင်မယ်မှန်းမသိ။ ကျန်တဲ့ခရီးသည် တွေကိုလည်း အားနာတော့ ခြံထဲထိမသွားတော့ဘဲ ကားလမ်းဘေးကနေပဲ ရသမျှ ရိုက်ယူခဲ့ရပါတယ်။ ကျွန်တော်သိသလောက် ဆိုရင်တော့ သူပုန် (တော်လှန်ရေး) အဖွဲ့တွေထဲမှာ အာဇာနည်ဗိမာန်ကို ဒီလိုမျိုး သားသားနားနား လုပ်ထားတာဆိုလို့ ကယန်းပြည်သစ်တစ်ခုပဲ ရှိပါသေးတယ်။ ကျွန်တော်ပါဝင်ခဲ့ဖူးတဲ့ ကျောင်းသားတပ်မတော် ABSDF ကလည်း ဒီလိုမျိုးဗိမာန်လုပ်ပြီး ကျဆုံးသွားတဲ့ ရဲဘော် ၆၀၀ ကျော်ကို ဂုဏ်ပြု မှတ်တမ်းတင်ချင်နေပါတယ်။ ဒါပေမဲ့ စဉ်ဆက်မပြတ် လုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာတော့ ပေးဆပ်သွားတဲ့ ရဲဘော်တွေကို ဘယ်လိုဂုဏ်ပြုပေးမယ် ဆိုတဲ့  အဆိုပြုချက်၊ ဆုံးဖြတ်ချက်မျိုး အခုချိန်ထိမကြားရသေးပါ။

ရှမ်း-ကယား နယ်စပ်မှ ကရင်-ပဲခူး နယ်စပ်ဆီသို့   

ကံကောင်းတာက အာဇာနည်ဗိမာန်ကို ဓာတ်ပုံရိုက်ပြီး ကားပေါ်ပြန်တက်မှ မိုးက သဲသဲမဲမဲ ရွာချလိုက် ပါတယ်။ ကားဆရာလည်း ခေါင်းမိုးပေါ်ကအိတ်တွေ မိုးမစိုအောင် မိုးကားတွေနဲ့ အတင်းအုပ်ရင်နေပါ တယ်။ အာဇာနည်ဗိမာန် အကျော်၊ ဆီဘူးမြို့အလွန် မှာတော့ လမ်းကပိုဆိုး၊ ပိုအကောက်အကွေ့ များလာ ပါတယ်။ ရှေ့ပိုင်းအကွေ့အကောက် မှာကတည်းက ကားမူးနေသူတွေဟာ ဒီဘက်ပိုင်း ရောက်တဲ့အခါမှာ တော့ ခေါင်းတောင် မထူနိုင်တော့ပါဘူး။ 

လှုပ်လှုပ်ရှားရှားရှိနေတာ ဆိုလို့ ကားဆရာနဲ့  ကင်မရာဆရာပဲ ကျန်ပါတယ်။ များလိုက်တဲ့အကွေ့ အကောက်တွေ။ ကားဟွန်းသာ မတီးဘူးဆိုရင် တစ်ဖက်ကလာတဲ့ကား၊ အထူးသဖြင့် မော်တော်ဆိုင်ကယ်တွေနဲ့ အချိန်မရွေးထိပ်တိုက် တိုးနိုင်တဲ့ အနေအထားကြီး။ ဆီဘူးမရောက်ခင် အထိ နေရာအတော်များများမှာ  တောင်တွေကိုဖြိုပြီး လမ်းတွေပြင်နေပေမယ့် ဆီဘူးအလွန်နဲ့ ကရင်ပြည်နယ် နယ်စပ်အထိ အပိုင်းမှာတော့ ဘာမှမပြင်ဘဲ အရင်လမ်းဟောင်းအတိုင်း ဆိုးဝါးနေဆဲပါ။

ကန္တရဝတ္တီကနေ ကေတုမတီဆီ ဆင်းလာတဲ့ လမ်းဟာ ကယားနယ်ကိုဖြတ်၊ ရှမ်းနယ်ကိုကျော်ပြီး ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ဆီ ဝင်လာပါတယ်။ ဒီလောက် အကွေ့အကောက်များပြီး တောင်အတက်-အဆင်း များလှတဲ့ လမ်းမှာ ကုန်ကားတချို့ကို တွေ့ရတဲ့ အခါ လက်ဖျားခါမိပါတယ်။

ကရင်ပြည်နယ်ထဲ ရောက်ပြီး သိပ်မကြာခင်မှာ နေ့လယ်စာစားဖို့ တစ်ခုတည်းသော ထမင်းဆိုင်ကို တွေ့ရပါတယ်။ ကားသမား ကြိုပြောထားတဲ့အတိုင်း တောင်ငူက တက်လာတဲ့ကားနဲ့ လွိုင်ကော်ကဆင်း လာတဲ့ကား အဲဒီဆိုင်မှာဆုံပြီး ခရီးသည်အားလုံး ထမင်းစားကြပါတယ်။ မနက်စာကောင်းကောင်း မစားခဲ့ရ၊ လမ်းမှာလည်း မုန့်ဝယ်စားခွင့် မရတဲ့အပြင် လမ်းဆိုးပြီး ကားဆောင့်ထားတော့ ဗိုက်ကအတော်ဆာ နေပါတယ်။ ဒါပေမဲ့ ဒီရွာက ထမင်းဆိုင်မှာက ဆန်ကြမ်း နဲ့ချက်ထားတဲ့ ထမင်းရယ်၊ အမဲခြောက်ဟင်းရယ်၊ အသီးအရွက်ဟင်းရယ် မှအပ တခြား ဘာမှရွေးချယ် စရာမရှိ။ ကိတ်မုန့်တွေ၊ ပေါင်မုန့်တွေလည်းမရှိ။ 

ဒီတော့ ရှိတာကိုပဲ အောင့်ပြီးကြိတ်ပေါ့။ ကျွန်တော်တို့စီးလာတဲ့ လိုင်းကားငယ်တွေအပြင် ခပ်ကြီးကြီးကားတစ်စီး အဲဒီထမင်းဆိုင်ရှေ့မှာ ပျက်လို့ ကားသမားတွေ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ပြင်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဘေးနားမှာတော့ NLD ပါတီ ကျေးလက်ရုံးခန်းတစ်ခု။ အဲဒီနဲ့မျက်နှာချင်း ဆိုင်မှာ ကြီးမားတဲ့ ခရစ်ယာန် ဘုရားကျောင်းတစ်ခုကို တွေ့ရပါတယ်။ ဒီရွာကိုကျော်ပြီး ကရင်ပြည်နယ် ထဲရောက်လာကတည်းက တောင်ယာတွေ၊ ကွမ်းသီး ပင်ခြံတွေကို တွေ့လာရပါတယ်။

ရန်ကုန်နဲ့ မြို့ကြီးဒေသတွေမှာ ကွမ်းမစားရေး လှုံ့ဆော်မှုတွေ လုပ်နေတယ်ဆိုပေမယ့် ဒီလမ်းတစ် လျှောက်မှာတော့ အဲဒီသတင်းကို ဘယ်သူမှသိပုံမရသေးပါ။ ကျွန်တော်မှအပ ကားတစ်စီးလုံးမှာ ကွမ်းစားသူ တွေချည်း။ ကွမ်းသွေးရော၊ ရှိသမျှ ပလတ်စတစ်၊ စက္ကူ အမှိုက်အားလုံးကို လမ်းတစ်လျှောက် ကားပြတင်း ပေါက်ကနေ ပစ်ချနေလိုက်ပုံများ သဘာဝအလှ တောတောင်တွေကိုမှ အားမနာ။ NLD ပါတီဝင်တွေများ ဒီလမ်းကြောင်းမှာ ကားစီးမိမယ် ဆိုရင်တော့ လမ်းဘေးဝဲယာမှာ အမှိုက်ပစ်တာတွေ၊ ကားပေါ်ကနေ အမှိုက်ပစ်ချတာတွေ တဖြည်းဖြည်း နည်းသွားမယ် ထင်ပါရဲ့။

သံတောင်ကြီးမြို့နယ်က အထွက်မှာတော့ လိပ်သိုမြို့နယ်ထဲ ရောက်လာပါတယ်။ မြေပြန့်နဲ့ နည်းနည်းနီးလာတယ် ပြောရမလား။ ရွာတွေ၊ ဆိုင်တွေ ပိုများလာပါတယ်။ ဒူးရင်း၊ ကြက်မောက် စသဖြင့် ဒေသထွက် ရာသီသီးနှံတွေ တင်ရောင်းနေတဲ့ လမ်းဘေးဆိုင်တွေကို တွေ့ရပါတယ်။ တစ်ခါတလေ ဖြတ်သွားတဲ့ အဖွဲ့အစည်းပိုင်ကား တွေရဲ့ တံဆိပ်တွေလည်း ပြောင်းလာတာ တွေ့ရပြီး ရှမ်း-ကယား နယ်စပ်က ငြိမ်းတံဆိပ်တွေ အစား KNU တံဆိပ်တပ်ကားတွေကို မြင်လာရပါတယ်။

‘နှုတ်ခွန်းဆက်သပါ၏ ကရင်ပြည်နယ်’ ဆိုတဲ့ ဆိုင်းဘုတ်အလွန်မှာတော့ ပဲခူးတိုင်း တောင်ငူခရိုင်ဆီ ဝင်လာပါတယ်။ ၆ နာရီလောက်သာ ကြာမယ်လို့မှန်းခဲ့ ပေမယ့် မနက် ၈ နာရီမှ စထွက်ခဲ့တဲ့ကားဟာ ၄ နာရီခွဲမှ တောင်ငူမြို့ထဲ ဝင်နိုင်ပါတယ်။ ဒါပေမဲ့ ဘာဖြစ်ဖြစ်၊ ၁၂၀၀ ကျပ်ပေးစီးရုံနဲ့ ကိုယ်မြင်ဖူးချင်တဲ့ အာဇာနည်ဗိမာန်ကို မြင်ခွင့်ရခဲ့တဲ့အတွက် ဒီခရီးစဉ်ကိုတန်တယ်လို့ ပြောရမှာပါ။ 

မြန်မာ့မီးရထား ဘာတွေမှားခဲ့သလဲ

တောင်ငူရောက်တော့ ဘယ်မှာတည်းရမှန်းမသိ။ တောင်ငူမှာ ကိုယ်နဲ့သိတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်က ဘလော့ဂါ ဒေါက်တာလွဏ်းဆွေ။ သူ့ဆီ အကြံတောင်းတော့ ကျုံးဟောင်းဘေးနားရှိ ဟိုတယ်တစ်ခုကို ညွန်းပါတယ်။ ‘အသစ်တုန်းကပဲကောင်းပြီး ဟောင်းသွားရင် မကောင်းတော့တာ မြန်မာတွေရဲ့ သဘာဝပဲလေ’ ဆိုတဲ့အတိုင်း ဦးသိန်းစိန် အစိုးရခေတ်ကမှ ဆောက်တယ်ဆိုတဲ့ ဒီဟိုတယ်ဟာ ထိန်းသိမ်းမှုအားနည်း လို့ထင်ပါရဲ့။ နည်းနည်း ယိုယွင်းစပြုနေပါပြီ။ 
ဒါပေမဲ့ ကိုယ်က တစ်ညပဲအိပ်မှာဆိုတော့ ပြဿနာမရှိပါ။ 

ကိုလွဏ်းဆွေနဲ့ ညစာစားပြီးအပြန် ဟိုတယ်ဝရန်တာမှာထိုင်ပြီး ကျုံးပတ်လည်ကို ငေးနေတုန်း ရထားတစ်စီးဖြတ်သွားတာ မြင်လိုက်မိပါတယ်။ ‘တစ်ခါမှမစီးဖူးသေးတဲ့ ရထားကို စီးကြည့်ဦးမှ’ ဆိုပြီး စိတ်ကူးပေါ်လာပါတယ်။ ပြည်တော်ပြန် ပထမခရီးစဉ်တုန်းက ရန်ကုန်မြို့ပတ်ရထားကို ခဏတက်စီးဖူးရုံမှ တစ်ပါး အဝေးပြေးရထားတွေကို တစ်ခါမှမစီးဖူးသေးပါ။ ရန်ကုန်-ထားဝယ် ရထားကိုစီးမယ် ဆိုပြီး ပြင်ခဲ့ပေမယ့် မိတ်ဆွေတွေက ကန့်ကွက်တာကြောင့် မစီးဖြစ်သေးပါ။

အခုက တောင်ငူ-ရန်ကုန် ဆိုတော့ သိပ်မဝေးဘူးမို့လား။ ကားနဲ့သွားရင် ၄ နာရီပဲကြာတဲ့ ခရီးဆိုတော့ ရထားလည်း ကြာလှ ၅ နာရီ ၆ နာရီပေါ့။ မနက်ဖြန် နေ့လယ်ထွက်သွားရင် ညနေ နေမဝင်ခင် ရန်ကုန်ဘူတာကြီးဆီ ရောက်ပြီပေါ့။  စိတ်ကူးပေါ်တုန်း အမြန်အကောင် အထည်ဖော်မှဆိုပြီး ဟိုတယ်ကောင်တာမှာ သတင်းသွားမေးတော့ ကောင်တာမှာ ထိုင်နေတဲ့လူငယ်က ကျွန်တော်ကိုအထူးအဆန်းသဖွယ် ကြောင်ကြည့်နေပါတယ်။ ပြီးတော့မှ “ရထားလက်မှတ်တော့ ကျွန်တော်တို့လည်း မသိဘူးဗျ။ ခရီးသည်အားလုံးက အမြန်ကားတွေနဲ့ပဲ သွားနေတာဆိုတော့ ဆရာလည်း အမြန်ကားပဲ စီးပါလား၊ ရထားက မသေချာဘူး” ဆိုပြီး အကြံပေးပါတယ်။

အဲဒါမှ ဒုက္ခ။ ဒါပေမဲ့ သူ အဲဒီလိုပြောမှ လူတွေ ဘာကြောင့်ရထားမစီးကြတာလဲ ဆိုတာကို သိချင်တဲ့ စိတ်က ပိုများလာပါတယ်။။ ဒီလိုနဲ့ နောက်တစ်နေ့မနက် ၁၀ နာရီလောက်မှာ တက္ကစီဆိုင်ကယ်ငှားပြီး တောင်ငူဘူတာဆီ ထွက်လာခဲ့ပါတယ်။ တက္ကစီဆိုင်ကယ် ဆိုလို့ ပြောရဦးမယ်။ တောင်ငူက တက္ကစီဆိုင်ကယ်သမားတွေက မော်လမြိုင်၊ ထားဝယ်ဘက်မှာလို သီးခြားဝတ်စုံ မဝတ်ကြပါ။ ဒီတော့ အခကြေးငွေယူပြီး ခရီးသည်ပို့နေတဲ့ တက္ကစီသမားလား၊ ရိုးရိုးဆိုင်ကယ်သမားလား ဆိုတာ ခွဲရ အတော်ခက်ပါတယ်။

“ရိုးရိုးတန်းက ၂၀၀၀ ကျပါတယ်။ ဒါ အသက်အာမခံ ပါပြီးသားပါ” ဆိုပြီး လက်မှတ်ရောင်းသူက ပြောတော့ နည်းနည်းလန့်သွားပါတယ်။ သူထုတ်ပေးလိုက်တဲ့ လက်မှတ်က လက်တစ်လုံးစာလောက်သာ ရှိတဲ့ စက္ကူထူပြား သေးသေးလေး။ ၁၉၈၈ မတိုင်မီက အခြေအနေကိုတောင် လွမ်းမိပါရဲ့။ ဒါပေမဲ့ လွမ်းနေဖို့ အချိန်မရလိုက်။ ဆိုက်လာတဲ့ ရထားပေါ် အမြန်ပြေးတက်ရပါတယ်။ စီးတဲ့သူ မရှိသလောက် နည်းနေလိမ့်မယ်လို့  ထင်ထားပေမယ့် အဲဒီလိုမဟုတ်ပါ။ ထိုင်စရာမပြောနဲ့ ခြေချစရာနေရာတောင် မရှိပါ။

ဒါပေမဲ့ လက်မှတ်မှာ ထိုင်ခုံနံပါတ်ပါတယ် ဆိုတော့ လူကြားထဲတိုးပြီး ထိုင်ခုံနံပါတ် လိုက်ရှာပါတယ်။ ဒါပေမဲ့ ကိုယ့်ထက်ဦးသူက ထိုင်ထားပြီးသား။ ကိုယ့်မှာက အထုပ်အပိုးလည်းပါတယ်။ ဘေးမှာကလည်း ခြေချစရာတောင် မရှိဘူးဆိုတော့ ဒီတိုင်းရပ်လိုက်ဖို့ မလွယ်။ ဒီတော့ အရဲစွန့်ပြီး လက်မှတ်ကိုထုတ်ပြ၊ နေရာ ဖယ်ပေးဖို့ပြောရပါတယ်။ သိပ်တော့မလွယ်ပါ။

ကျောချင်းကပ် နှစ်ယောက်ထိုင်သစ်သားခုံမှာ ကိုယ်နဲ့တွဲကျသူက ကလေးနို့တိုက်နေတဲ့ အမျိုးသမီး တစ်ဦး။ မျက်နှာချင်းဆိုင်မှာလည်း ကလေးတွဲလောင်းနဲ့ အမျိုးသမီးတစ်ဦးနဲ့ ပြတင်းပေါက်ကနေ မကြာခဏ ကွမ်းသွေးထွေးနေတဲ့ လူငယ်တစ်ဦး။ ကျွန်တော်ရတဲ့ ခုံက ရထားဦးတည်ရာကို ကျောပေးထားရတဲ့အတွက်  အပြင်လေကို တိုက်ရိုက်မရပါ။ ဓာတ်ပုံရိုက်ဖို့လည်း မြင်ကွင်းကမကောင်းပါ။ နေရာ လဲပေးနိုင်မလားဆိုပြီး မျက်နှာချင်းဆိုင်က သားအမိကိုညှိတော့ သူတို့ကလည်း လေမရရင် မူးတတ်တဲ့အတွက် လဲမပေးနိုင်ဘူးလို့ ဆိုပါတယ်။ အပေါ်မှာ ပန်ကာတွေရှိနေပေမယ့် ဘာကြောင့် ဖွင့်မပေးမှန်း မသိပါ။ ဘယ်သူကမှလည်း ပန်ကာဖွင့်ပေးဖို့ တောင်းဆိုတာ မတွေ့မိပါ။ 

လေကောင်းလေသန့်လည်း မရ၊ အိုက်ကလည်း အိုက်လို့ စိတ်ညစ်နေရတဲ့အထဲ ‘ကွမ်းယာ၊ ဆေးလိပ်၊ နေကြာစေ့’ လို့ အော်ပြီးဈေးရောင်းသူတွေ ကျွန်တော့်ရှေ့ ရောက်လာပါတယ်။ ‘နန်းကြီးသုပ်၊ ခေါက်ဆွဲသုပ်၊ လက်ဖက်သုပ်’လို့ အော်တဲ့လူတွေ၊ ‘သောက်ရေသန့်တွေ ရမယ်၊ လက်ဖက်ရည်၊ ကော်ဖီရမယ်’ လို့ အော်တဲ့လူတွေ စသဖြင့် တစ်သုတ်ပြီးတစ်သုတ် ဈေးသည်တွေက နည်းတာမဟုတ်။ မနေ့က တောလမ်းမှာတော့ ဈေးဆိုင်မရှိလို့စိတ်ညစ်ခဲ့ရ။ ဒီနေ့ ရထားပေါ်မှာတော့ ဈေးသည်များလွန်းလို့ စိတ်ညစ်ခဲ့ရပြန်ပေါ့။

ဒါပေမဲ့ စိတ်ညစ်နေရုံနဲ့မပြီး။ ရထားပြတင်းပေါက် ကနေ မြင်နေရတဲ့ ထွန်ယက်ဆဲ လယ်ကွင်းပြင် တွေ၊ ကောက်စိုက်သမလေးတွေ၊ စိမ်းစိုစပြုနေတဲ့ စပါးပင်တွေ၊ ခပ်ဝေးဝေးက စေတီပုထိုးတွေကို လှမ်းပြီး ဓာတ်ပုံရိုက်ရပါသေးတယ်။ တောင်ငူကထွက်တော့ ကျွဲပွဲမြို့တဲ့။ ပြီးတော့ ဇေယျဝတီ၊ ဖြူး၊ ညောင်ပင်သာ ဘူတာတွေ။ အဲဒီမှာ ထပ်တက်လာတဲ့ ခရီးသည်တွေထဲ ဆေးရောင်းတဲ့ ကြော်ငြာသမားတွေ ပါလာပါတယ်။ သူတို့က အရင်ဈေးသည်တွေလို ပါးစပ်နဲ့ အော်ပြောရုံ နဲ့မကျေနပ်။ လက်ကိုင်လော်စပီကာ ကိုင်ပြီး ဆေးရောင်းနေ ပါတော့တယ်။

‘တော်တော်လေးများစားရင် မော်တောလေးများ သွားသလို’ ဆိုတဲ့ ၁၉၈၈ မတိုင်မီကာလ မြို့ပတ် ရထားပေါ်က ကြော်ငြာတွေကိုတောင် ပြန်လွမ်းမိပါရဲ့။ မော်တော်လေးများ သွားသလိုဆိုမှ နာမည်ကြီးလှတဲ့ မြန်မာ့မီးရထားတွဲက အိမ်သာတွေကို သတိရလာပါတယ်။ အခုလည်း အိမ်သာတွေက ပိုးလိုးပက်လက်ပဲလား ဆိုပြီး ဘေးကလူတွေကို မေးကြည့်တော့ မဟုတ်တော့ဘူး။ ဘိုထိုင်တွေနဲ့ ဖြစ်နေပြီလို့ ပြောပါတယ်။ ကိုယ်တိုင် သွားကြည့်ချင်ပေမယ့် ကွန်ပျူတာအိတ် အပါအဝင် ပစ္စည်းတွေက ဒီတိုင်းထားခဲ့လို့မဖြစ်။

ဒါပေမဲ့ အရဲစွန့်ပြီး တစ်ချက်တော့ သွားကြည့်လိုက်ပါတယ်။ အိမ်သာမီးက ဖွင့်မရတော့ မှောင်မှောင် မည်းမည်းနဲ့ ဘာမှကောင်းကောင်းမမြင်ရ။ သေချာတာကတော့ အရင်လို ပက်လက်အိမ်သာမျိုး မဟုတ်တော့ပါ။ ဒါပေမဲ့ စနစ်တကျ ပြုပြင်ထိန်းသိမ်းမှု လုပ်မထားတဲ့အတွက် သေးစော်၊ ချေးစော်နံပြီး တစ်ခန်းလုံး စိုစွတ်လဲချော်နိုင်တဲ့ အနေအထားဖြစ်နေပါတယ်။ အဲဒီ အိမ်သာကို ကျော်ပြီးကြည့်လိုက်တော့ အထူးတန်း အတွဲ၊ အစိမ်းရောင်၊ အဖြူရောင်ပိတ်စတွေ၊ ဆိုဖာခုံ တွေနဲ့ဆိုတော့ အထူးတန်းကတော့ မဆိုးလောက်ဘူး ထင်ပါတယ်။ အဲဒီဘက် ဆက်သွားကြည့်နေရင် ကိုယ့်အထုပ် ပျောက်သွားမှာစိုးတာနဲ့ အသေအချာသွား မကြည့်ဖြစ်လိုက်ပါ။

နေပြည်တော်-ရန်ကုန် အမြန်ရထားဆိုပေမယ့် ရှိသမျှဘူတာ အကုန်ရပ်တဲ့အပြင် ရထားတစ်စင်းနဲ့ တစ်စင်း စောင့်ရတာကြောင့် (အသွားအပြန် တစ်လမ်းစီ မရှိသေးဘဲ တစ်လမ်းတည်းကို အသွားအပြန်မောင်း နေရလို့ ဘူတာမှာ ရပ်ရပ်ပြီးစောင့်နေရဆဲ) ခန့်မှန်းထား တာထက် အချိန်အများကြီး နောက်ကျသွားပါတယ်။ ပြွန်တန်ဆာ စက်ခေါင်းရုံဆိုတဲ့နေရာမှာ ရပ်ကတည်းက ညနေ ၄ နာရီကျော်နေပြီ။ ကားနဲ့သွားမယ်ဆိုရင် ရန်ကုန်မြို့ထဲ ရောက်နေလောက်ပြီပေါ့။

ပဲခူးဘူတာရောက်တော့ ညနေ ၆ နာရီကျော်လို့ မှောင်စပြုနေပြီ။ ခရီးသည်တွေရော၊ ဈေးရောင်း သူတွေပါ အတော်များများ ပဲခူးမှာဆင်းသွားတာ သတိထားမိပါတယ်။ ပဲခူးနဲ့ ရန်ကုန်က မိုင် ၅၀ ဆိုတော့ သွားပါပြီ။ ၈ နာရီထိုးရင်တောင် ဘူတာကြီး ရောက်ပါ့မလား မသိပါ။ ဒါပေမဲ့ ဇွဲတော့ လျှော့လို့မဖြစ်။ ညောင်လေးပင်၊ ဇေယျဝတီ လောက်မှာကတည်းက ရထားပေါ်က ဆင်းပြေးချင်စိတ် ပေါက်နေတဲ့ကျွန်တော်ဟာ ပန်းတိုင်မရောက်မှာ စိုးတာနဲ့ ကိုယ့်ဘာသာ အတင်းအားပေးပြီး ဘူတာကြီးရောက်တဲ့အထိ သည်းခံစီးမယ်လို့ သန္နိဋ္ဌာန်ချထားရပါတယ်။

တိုးကြောင်ကလေးရောက်တော့ ဘေးနားက  ကလေးအမေ အမျိုးသမီး ဆင်းသွားပါတယ်။ မဆင်း ခင် သူနဲ့ပြောကြည့်သလောက်က သူဟာ တောင်ငူကနေ မြောက်ဒဂုံဆီ သွားမယ့်သူဖြစ်ကြောင်း၊ ရထားခ  ၂၀၀၀ သာပေးရတဲ့ အပြင် တိုးကြောင်ကလေးကနေ မြောက်ဒဂုံဆီ ဘတ်စ်ကားစီးရင် ၂၀၀ နဲ့ရတယ်။ ဒါကြောင့် ၂၂၀၀ နဲ့ တောင်ငူကနေ မြောက်ဒဂုံအထိ ရောက်တယ်။ ကားနဲ့ဆို မလွယ်ဘူး။ မတတ်နိုင်ဘူးလို့ ပြောပါတယ်။ သူပြောမှ ရထားစီးတဲ့ ခရီးသည်တွေကို အသေချာကြည့်မိပါတယ်။ အမြန်ကားစီးတဲ့ ခရီးသည်တွေလို တောက်တောက်ပြောင်ပြောင် မရှိကြပါ။ တချို့ ဆို ၁၉၈၈ မတိုင်ခင်က စတိုင်နဲ့ သံသေတ္တာကြီးထမ်းပြီး သွားနေကြတုန်း။

တစ်နည်းအားဖြင့်ပြောမယ်ဆိုရင်တော့ မရှိဆင်းရဲသား အများစုဟာ ဈေးသက်သာပြီး မြို့လယ်အထိ ရောက်တဲ့ မီးရထားကို အားကိုးနေရဆဲပါ။ ဒါပေမဲ့ ဒီနေ့မီးရထားတွေ ဘာကြောင့် ဒီလောက်ဆုတ်ယုတ် သွားမှန်းမသိ။ ၁၉၈၈ ကျွန်တော်တို့ကျောင်းသား ဘဝကဆို ရန်ကုန်ဘူတာကြီးမှာ ရထားလက်မှတ် မှောင်ခိုတိုးရတာ အမော။ ခရီးသွားမယ့်လူ အားလုံး ရထားမှရထား။ မန္တလေးသွားမလား၊ မော်လမြိုင် (မုတ္တမ) သွားမလား။ အားလုံးရထားချည်း။ ဘယ်သူမှ ကားမစီးကြပါ။

အခုတော့ ဘယ်သူမှ ရထားမစီးတော့ပါ။ အားလုံးက အမြန်ကားမှ အမြန်ကား ဖြစ်နေပါတယ်။ ဘာကြောင့် ဒီလိုပြောင်းသွားတာလဲ။ ကားလမ်းတွေက ရထားလမ်းတွေထက် ပိုကောင်းသွားလို့လား။ ကားတွေက ရထားတွေထက် ပိုမြန်ပြီး ပိုအချိန်မှန်လို့လား။ ဒါမှမဟုတ် ကားလိုင်းတွေကို ပုဂ္ဂလိကပိုင်ပေးပြီး ရထားတွေကို အစိုးရပိုင် ဆက်လုပ်ထားလို့လား။ တစ်နည်းအားဖြင့် ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းတွေက အစိုးရဝန်ထမ်းတွေထက် လုပ်ရည်ကိုင်ရည် ပိုရှိနေလို့လား။

ဒီလိုပြောဖို့လည်း ခက်နေပြန်ပါတယ်။ ဘာကြောင့်လဲဆို နိုင်ငံတကာရှိ ရထားလိုင်းအားလုံးကို သက်ဆိုင်ရာ အစိုးရတွေကပဲ ထိန်းချုပ်ထားတယ် မဟုတ်ပါလား။ ဒါပေမဲ့ တခြားနိုင်ငံက မီးရထားတွေ ခေတ်မီတိုးတက်နေချိန်မှာ မြန်မာ့မီးရထား အခုလိုဖြစ်နေတာ ကတော့ တစ်ခုခု မှားယွင်းနေတယ်လို့ ထင်ပါတယ်။ အရှုံးခံပြီး ပြေးနေရလို့ဆိုပြီး ပြည်နယ်-တိုင်း တချို့က ရထားလမ်းတွေ ပိတ်လိုက်ပြီလို့လည်း သတင်းတွေ ထွက်နေပါတယ်။ သေချာတာကတော့ မြန်မာ့မီးရထား ဝန်ဆောင်မှုလုပ်ငန်းကို အမြန်ဆုံးပြုပြင်ပြောင်းလဲဖို့ လိုနေပြီဖြစ်ပါတယ်။ 

ထက်အောင်ကျော်


ABOUT AUTHOR

(ထက်အောင်ကျော်)