News

POST TYPE

TRAVEL LOG

ဆန်ဆိုးဂျိဘုရားကျောင်းလေ့လာရေး
14-Jan-2020

ဆန်ဆိုးဂျိဘုရားကျောင်း(Sensoji Tem ple)ဟာ တိုကျိုမြို့ရဲ့ အထူးထင်ရှားတဲ့ ရှေးဟောင်းဗုဒ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓဘာသာဘုရားကျောင်းတစ်ခုဖြစ်ပြီး တိုကျိုမြို့ရဲ့ ရပ်ကွက်ကြီးတစ်ခုဖြစ်တဲ့ အဆာကူဆာ(Asakusa) မှာတည်ရှိပါတယ်။ဘုရားကျောင်း တရားဝင်ဝက်ဘ်ဆိုက် အဆိုကတော့ ဒီဆန်ဆိုးဂျိဟာ တိုကျိုမြို့ရဲ့ ရှေးအကျဆုံးဘုရားကျောင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။စာရေးသူ အဲဒီအဆာကူဆာက တည်းခိုခန်းမှာ ငါးညလောက်တည်းခိုခဲ့တာဆိုတော့ ဒီဆန်းဆိုးဂျိဘုရား ကျောင်းအနားလမ်းမပေါ်မကြာခဏ ဖြတ်လျှောက်ဖြစ် ပါတယ်။

ဘုရားကျောင်းအဝင်မုခ်ဦးမှာ အင်မတန်ကြီးမားတဲ့ အနီရောင်မီးပုံးကြီး ချိတ်ဆွဲထားပြီး အဲဒီအနားမှာ နေ့၊ ညမပြတ် လူတွေဟာ မီးပုံးကြီးအနားမှာ စုဝေးဓာတ်ပုံရိုက်နေကြပါတယ်။အဲဒီလိုမီးပုံးကြီးနဲ့ မုခ်ဦးကြီးကို တခမ်းတနားလမ်းမပေါ်ကတွေ့ရပေမယ့် အတွင်းက ဘုရားကျောင်းကိုတော့ မတွေ့ရပါဘူး။ကိုယ်တည်းခိုနေတဲ့ အနီးအနားမှာလည်းဖြစ်၊ တစ်နေ့က အခြားဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခုဖြစ်တဲ့ ဇိုဂျိုးဂျိဘုရားကျောင်းလည်းရောက်ခဲ့ပြီးပြီမို့ ဘုရားကျောင်းမဟုတ်တဲ့ အခြားလည်ပတ်စရာနေရာတွေကိုပဲ အာရုံရောက်နေခဲ့ပါတယ်။တိုကျိုက ပြန်လည်ထွက်ခွာဖို့အချိန်က နီးကပ်လာနေပါပြီ။နောက်ဆုံး တစ်ရက်၊ နှစ်ရက်ပဲ ကျန်ပါတော့တယ်။ နောက်ဆုံး ဆန်ဆိုးဂျိကို တိုကျိုမှမပြန်ခင် တစ်ညအလိုမှ ညဘက်ဝင်ရောက်ဖြစ်ခဲ့ပါတော့တယ်။ 


ဆန်ဆိုးဂျိဘုရားကျောင်း(Sensoji Temple)

ဆန်ဆိုးဂျိဘုရားကျောင်းသမိုင်းအရ ၆၂၈ ခုနှစ်လောက်မှာ Hinokuma Hamanari နဲ့ Hinokuma Takenari လို့ခေါ်တဲ့ ဂျပန်ညီအစ်ကိုနှစ်ဦးဟာ တစ်နေ့ဆူမိဒမြစ(Sumida River) အတွင်းလှေတစ်စင်းနဲ့ အတူငါးမျှားရင်း ဘယ်ငါးတစ်ကောင်မှမမိဘဲ သူတို့ရဲ့ငါးဖမ်းပိုက်မှာ ရွှေရောင်ရုပ်တုလေးတစ်ခု ငြိတွယ်ပါလာတာတွေ့ရပါတယ်။ညီအစ်ကိုနှစ်ဦးဟာ ငါးကိုသာစိတ်ဝင်စားတာမို့ အဲဒီရုပ်တုလေးကို ရေထဲပြန်ပစ်လိုက်ပြီး လှေကိုနောက်တစ်နေရာရွှေ့၊ ငါးထပ်ရှာပါတယ်။ငါးမတွေ့ဘဲ နောက်တစ်ကြိမ် ဒီရုပ်တုလေးပဲ ပိုက်ထဲပြန်ပါလာပါတယ်။ဒီလိုနဲ့ အဲဒီရုပ်တုကိုရေထဲပြန်ပစ်၊ နောက်တစ်ခါ ပိုက်မှာ ပြန်ပါလာနဲ့ နောက်ဆုံးဒီရုပ်တုလေးကိုယူပြီး ရွာပြန်ကာ ရွာသူကြီး Hajino Matsuchi ကိုပြပါတယ်။Matsuchi ကဒါရုပ်တုဟာ ကရုဏာနတ်သမီးရုပ်တု(Kannon the goddess of mercy)ဖြစ်တယ်ဆိုပြီး သူတို့သုံးဦးသား ဒီရုပ်တုလေးကိုပူဇော်ကိုးကွယ်ဖို့ မြက်တဲလေးတစ်လုံး ယာယီဆောက်လုပ်ကြပါတယ်။ နောက်တော့ ရွာသူကြီးက ရုပ်တုလေးကို သူ့အိမ်ဆီရွှေ့လာပြီး အိမ်ကိုလည်းဘုရားကျောင်းအဖြစ် ပြောင်းလဲလိုက်ပါတယ်။ဒါကတော့ ဒီနေ့ဆန်ဆိုးဂျိဘုရားကျောင်းလို့ စတင်ဖြစ်ပေါ်လာခဲ့တဲ့ ဒဏ္ဍာရီသမိုင်းဖြစ်ပါတယ်။တချို့ကလည်း ဘုရားကျောင်းသမိုင်းကို  ရွှေရောင်နဂါးကြီးတစ်ကောင်နဲ့ ဆက်စပ်ပြောဆိုကြပါတယ်။ 

ဆန်ဆိုးဂျိဘုရားကျောင်းဟာ သမိုင်းတစ်လျှောက် မီးဘေးနဲ့သဘာဝအန္တရာယ်အမျိုးမျိုးကြောင့် ပျက်စီးခဲ့ရပေမယ့် နောက်ဆုံး ပြန်လည်တည်ဆောက်တဲ့ ၁၆၄၉ ကစလို့ နောက်နှစ်ပေါင်း ၃၀ဝ နီးပါး တည်တံ့ခဲ့ပြီး တိုကျိုမြို့တော်ကြီး အကြီးအကျယ်ပျက်စီးခဲ့ရတဲ့ ၁၉၂၃ ဂရိတ်ကန်တို မြေငလျင်ကြီးဒဏ်ကတောင်  လွတ်ကင်းခဲ့တယ်လို့သိရပါတယ်။သို့သော် ၁၉၄၅ ဒုတိယကမ္ဘာစစ်ကာလမှာတော့ ဘုရားကျောင်းကြီးအများစုဟာ မဟာမိတ်ဗုံးဒဏ်ကြောင့် အကြီးအကျယ်ပျက်စီးခဲ့ရပါတယ်။စစ်ပြီးကာလ ၁၉၅၁ ကစလို့ တဖြည်းဖြည်းချင်း ပြန်လည်တည်ဆောက်လာခဲ့တာ ၁၉၅၈ မှာ ပင်မခန်းမဆောင်ကြီး ပြန်လည်တည်ဆောက်ပြီးစီးခဲ့ပါတယ်။၁၉၇၃ မှာ ငါးထပ်ဘုရားကို တည်ဆောက်ပြီးစီးခဲ့ပြီး ဘုရားကျောင်းဆောက်လုပ်ရေးလုပ်ငန်းတွေ အဆုံးသတ်နိုင်ခဲ့ပါတယ်။ဒီနေ့အချိန်မှာ ဆန်ဆိုးဂျိဘုရားကျောင်းဟာ တစ်နှစ်ကိုလာရောက်လည်ပတ်သူ သန်း ၃၀ နီးပါး လက်ခံရရှိနေပါတယ်။ 


ကိုယ်တွေ့ ဆန်ဆိုးဂျိဘုရားကျောင်း

ဆန်ဆိုးဂျိဘုရားကျောင်းနဲ့အတူ အထူးထင်ရှားတဲ့အမှတ်အသားတစ်ခုက ဒီဆန်ဆိုးဂျိဘုရားကျောင်း ပင်မဝင်ပေါက်ဂိတ်(The Kaminarimon) ဖြစ်ပါတယ်။အပြင်ဂိတ်လို့လည်း ခေါ်ပါတယ်။ ဒီဂိတ်ကြီးကို ၉၄၂ မှ တည်ဆောက်ခဲ့ပြီး မီးဘေးကြောင့် ပျက်စီး ခဲ့ပါတယ်။၁၉၆၀ မှ မူလအတိုင်းပြန်လည်ဆောက်လုပ်ခဲ့တယ်လို့ သိရပါတယ်။ဂိတ်ရဲ့ဘေး ဘယ်၊ ညာမှာ ဘုရားစောင့်နတ်သဘောမျိုး Tenryu နဲ့ Kinryu ဆိုပြီး ရုပ်တုနှစ်ခုရှိပါတယ်။ပင်မဂိတ်ကြီးဟာ ၁၁.၇ မီတာ (၃၈ ပေ)အမြင့်ရှိပြီး ၁၁.၄ မီတာ (၃၇ ပေ) အကျယ်ရှိပါတယ်။တကယ်တော့ ဒီပင်မဂိတ်ကြီး(အပြင်ဂိတ်) က ထင်ရှားတာမဟုတ်ဘဲ သူ့ကိုထင်ရှားစေတာက အဲဒီအဝမှာ ချိတ်ဆွဲထားတဲ့ အင်မတန်ကြီးမားလှတဲ့ အနီရောင်စက္ကူမီးပုံးအနီကြီးကြောင့် ဖြစ်ပါတယ်။မီးပုံးအနီကြီးမှာ မိုးကြိုးဂိတ(Thunder Gate) လို့ အဓိပ္ပာယ်ရတဲ့ ကြီးမားလှတဲ့အမည်းရောင်ဂျပန်စာလုံးကြီးနှစ်လုံး ရေးခြစ်ထားပါတယ်။မီးပုံးကြီးဟာ ၃.၉ မီတာ (၁၃ ပေ) အမြင့်ရှိပြီး ၃.၃ မီတာ (၁၁ ပေ) အကျယ်ရှိပါတယ်။အလေးချိန်ကတော့ ၇၀ဝ ကီလိုဂရမ် (၁၅၄၃ ပေါင်) ရှိပါတယ်။မီးပုံးကြီးအောက်ဝင်ပြီး အောက်ခြေကို ပင့်မော့ကြည့်မယ်ဆိုရင် လက်ရာမြောက်လှတဲ့ နဂါးကြီးတစ်ကောင်ပုံကို သစ်သားနဲ့ထွင်းထုထားတာ တွေ့ 
မြင်ရမှာ ဖြစ်ပါတယ်။စာရေးသူလည်း အဲဒီမီးပုံးအောက်ခြေက နဂါးပုံနဲ့ဟိုဘက်လမ်း၊ ဒီဘက်လမ်း ကားတွေ၊ လူတွေပါအောင် ခက်ခက်ခဲခဲ ဓာတ်ပုံမှတ်တမ်းရယူခဲ့ပါတယ်။အဲဒီမီးပုံးအနီကြီးဟာ ဘုရားကျောင်းတည်ရှိတဲ့ အဆာကူဆာရပ်ကွက်ရဲ့ ထင်ရှားတဲ့ အမှတ်အသားတစ်ခုလည်းဖြစ်ပြီး တိုကျို မြို့နဲ့ပတ်သက်တဲ့ ဓာတ်ပုံများမှာ အမြင်တွေ့ရဆုံး အမှတ်အသားများထဲမှာ တစ်ခုလည်း ဖြစ်ပါတယ်။ 

လမ်းမကြီးကနေ ဂိတ်ပေါက်ထဲဝင်လိုက်ပြီးရင် မီတာ ၂၅၀ (၈၂၀ ပေ) လောက်ရှည်တဲ့ ဟိုဘက်၊ ဒီဘက် မျက်နှာချင်းဆိုင် ဈေးဆိုင်ခန်းများ တန်းစီတည်ရှိတဲ့ ဈေးလမ်း(Nakamise shopping street)လေးတစ်ခု တွေ့ပါမယ်။အဲဒီဈေးလမ်းလေးဟာ ဆန်ဆိုးဂျိဘုရားကျောင်း ပင်မကျောင်းဆောင်ကြီးဆီသွားတဲ့လမ်းပဲဖြစ်ပါတယ်။ဈေးဝယ်လမ်းလေးအတိုင်းလျှောက်သွားရင် ပင်မကျောင်းဆောင်ကြီးဆီ မရောက်မီနောက်ထပ်ဂိတ်ကြီး(The Hozomon)တစ်ခုကို ထပ်တွေ့ရပါလိမ့်မယ်။အဲဒီဂိတ်ကြီးက အတွင်းဂိတ်ပါ။အမိုးနှစ်ထပ်နဲ့ ဒီအတွင်းဂိတ်က အပြင်ဂိတ်ထက်နှစ်ဆနီးပါး ပိုပြီးကြီးမားပါတယ်။၂၃ မီတာနီးပါး (၇၅ ပေ) အမြင့် ရှိပြီး ၂၁ မီတာ (၆၉ ပေ) အကျယ်ရှိပါတယ်။ဒီအတွင်းဂိတ်ကိုလည်း ၉၄၂ မှာ တည်ဆောက်ခဲ့ပြီး မီးဘေးကြောင့် ပျက်စီးခဲ့ပါတယ်။၁၉၆၄ မှ မူလအတိုင်း ပြန်လည်ဆောက်လုပ်ခဲ့တယ်လို့ သိရပါတယ်။အတွင်းဂိတ်ကြီးဘေးတစ်ဖက်တစ်ချက်မှာ ကြောက်မက်ဖွယ် မျက်နှာအသွင်အပြင်နဲ့ ဘုရားစောင့်လို့ သုံးနှုန်းတဲ့သစ်သားနတ်ရုပ်တုကြီးတစ်ရုပ်စီရှိပါတယ်။အင်မတန်လည်း လက်ရာမြောက်ပါတယ်။ အတွင်းဂိတ်မှာလည်း ကြီးမားတဲ့မီးအိမ်ကြီးသုံးလုံးချိတ်ဆွဲထားပြီး အပြင်ဂိတ်မီးပုံးကြီးထက်စာရင်တော့ အရွယ်အစားသေးငယ်ပါတယ်။ ဒီဂိတ်အဝမှာလည်း လူအများအပြား နောက်ခံဂိတ်ကြီးနဲ့အတူ အမှတ်တရဓာတ်ပုံများ ရိုက်ယူနေကြပါတယ်။ 

အတွင်းဂိတ်ကိုကျော်ပြီးဆိုတာနဲ့ ပင်မကျောင်းဆောင်ကြီးဆီရောက်ပါပြီ။စာရေးသူရောက်ချိန် ညဘက်မို့ ကျောင်းဆောင်ကြီးကတော့ ပိတ်ထားပါတယ်။ပင်မကျောင်းဆောင်ကြီးဟာ ၆၂၈ က ဆူမိဒါ မြစ်ထဲက ဆယ်ယူရရှိတဲ့ ကရုဏာနတ်သမီးရုပ်တု (Kannon the goddess of mercy) ကိန်းဝပ်ရာ နေရာဖြစ်လို့ Kannon-do လို့ခေါ်ပါတယ်။ဒီရုပ်တုတော်ဟာ ကျောင်းဆောင်ကြီးမှာ အမှန်ရှိပေမယ့် ၆၄၅ ကတည်းက လူထုကိုမပြသဘဲ ကွယ်ဝှက်ထားခဲ့တယ်လို့ သမိုင်းမှတ်တမ်းများကဖော်ပြပါတယ်။အကြောင်းက ဒီရုပ်တုကို သေချာရှုမြင်တဲ့သူတွေဟာ ကံဆိုးခြင်းတွေကြုံတွေ့ရတတ်လို့ သိမ်းဆည်းထားတာလို့ ဆိုပါတယ်။အဲဒီရုပ်တုအစစ်ကို သိမ်းဆည်း ထားပြီး ရုပ်တုအစစ်အစားပုံတူရုပ်တုကို ၈၅၇ မှာ ဘုန်းတော်ကြီး Ennin က ထုဆစ်ခဲ့ပြီး နှစ်စဉ်ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီမှာ အများပြည်သူကို ပြသအပူဇော်ခံတယ်လို့ သိရပါတယ်။စစ်ကာလ ၁၉၄၅ မှာ တိုကျိုဗုံးကြဲခံရတော့ ဘုရားကျောင်းကြီး အကြီးအကျယ် ပျက်စီးခဲ့ပေမယ့် ရုပ်တုနှစ်ခုစလုံးက မပျက်မစီးအကောင်းအတိုင်း ကျန်ရှိခဲ့တယ်လို့ဆိုပါတယ်။

စာရေးသူ ပင်မကျောင်းဆောင်ကြီးဆီ ရောက်ရှိချိန်မှာ ည ၈ နာရီကျော်ပြီဖြစ်ပါတယ်။သို့တိုင် လူပေါင်းများစွာဟာ တန်းစီးပြီး ပင်မကျောင်းဆောင်ကြီး ရှေ့လှေကားထစ်တွေပေါ် တစ်ထစ်ချင်းတက်ရင်း  ကျောင်းရှေ့အလှူခံပုံးအတွင်း အလှူငွေအကြွေစေ့များထည့်ဝင်ကာ လက်အုပ်ချီဆုတောင်းနေကြတာ တွေ့ရပါတယ်။အဲဒီအလှူခံပုံးအနီး မျက်နှာကြက် အပေါ်မှာလည်း ကြီးမားလှတဲ့ မီးပုံးအနီကြီးတစ်လုံး ချိတ်ဆွဲထားတာသတိပြုမိပါတယ်။အခုလို ညဘက် ဘုရားကျောင်းပိတ်ချိန်မှာတောင် လူတွေအဆက်မပြတ်တန်းစီနေရင် နေ့ဘက်ဆိုဘယ်လောက်များ လူများလိုက်မလဲ တွေးဆကြည့်နေမိပါတယ်။ဒါနဲ့ စာရေးသူလည်းရောက်တုန်း ဝင်တန်းစီပြီး အကြွေစေ့ထည့် လက်အုပ်ချီဂါရဝပြုခဲ့ပါတယ်။ 

ညဘက်မို့ မီးတွေထိန်ထိန်ညီးနေပြီး ပင်မကျောင်းဆောင်ဘယ်ဘက်မှာ အတန်အသင့်မြင့်မားလှတဲ့ အနီရောင်အမိုးငါးရွက်နှင့် ထိပ်ချွန် ငါးထပ်ဘုရားကိုလည်းတွေ့ခဲ့ပါတယ်။ဒီငါးထပ်ဘုရားကို ၉၄၂ မှာ စတင်တည်ဆောက်ခဲ့ပြီး အကြိမ်ကြိမ်ပျက်စီးမှုများနဲ့ ကြုံတွေ့ခဲ့ရပါတယ်။၁၆၄၈ မှာ ငါးထပ်ဘုရားကို စစ်ဘုရင်Tokugawa Iemitsu က ပြန်လည်တည်ဆောက်ခဲ့ပြီး ၁၉၄၅ မှာ ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ရပြန်ပါတယ်။အခုလက်ရှိမြင်တွေ့နေရတဲ့ ငါးထပ်ဘုရားက ၁၉၇၃ မှာ နဂိုမူလလက်ရာအတိုင်း ပြန်လည်တည်ဆောက်တာ ဖြစ်ပြီး ၅၃.၃၂ မီတာ (၁၇၅ ပေ) အမြင့်ရှိတယ်လို့ သိရပါတယ်။ညဘက်ဆိုပေမယ့် ဆိုင်အချို့က ဖွင့်ထားဆဲ ဖြစ်ပါတယ်။ဆန်ဆိုးဂျိဘုရားကျောင်းမှာ တစ်နာရီလောက် အချိန်ဖြုန်းပြီး အနားကတည်းခိုခန်းဆီ ပြန်လာတော့ ည ၉ နာရီကျော်နေပါပြီ။ဆန်ဆိုးဂျိဘုရားကျောင်းကို အချိန်မရွေးလွတ်လပ်စွာဝင်ထွက်သွားလာနိုင်ပြီး ဘုရားကျောင်းဝင်ကြေးပေးစရာ မလိုပါဘူး။ 

ဆန်ဆိုးဂျိဘုရားကျောင်းဆီသွားမယ်ဆိုရင် လိပ်စာက 2 Chome-3-1 Asakusa, Taito City, Tokyo 111-0032 ဖြစ်ပြီး အနီးဆုံးရောက်ရှိနိုင်တဲ့ ဘူတာရုံကတော့ Asakusa Station (Ginza Subway Line) (Asakusa Subway Line) (Tobu Railways) ဖြစ်ပါတယ်။ဘုရားကျောင်းနဲ့ပတ်သက်ပြီး ပိုမိုသိရှိလိုတယ်ဆိုရင် http://www.sensojitemple.com/ မှာ သွားရောက်လေ့လာဖတ်ရှု နိုင်ပါတယ်။ 

ခင်မင်စွာဖြင့်
အောင်အောင် (IR)
ခေတ္တ တိုကျိုမြို့