News

POST TYPE

TRAVEL LOG

ဂျန်မိုင်ကောင်းသို့ တစ်ခေါက် . . .
11-Jul-2019


မြစ်ကြီးနားမြို့၊ ဒူကထောင်ရှိ “ဂျန်မိုင်ကောင်း”စစ်ဘေးရှောင်စခန်းက ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းကြီး တစ်ခုထဲမှာရှိသည်။ ကက်သလစ်ဘာသာဝင် စစ်ဘေးရှောင်တွေအတွက် တည်ဆောက်ပေးထားသော စခန်းဖြစ်ပြီး ကျူထရံကာ တန်းလျားကြီးများကို ကျောင်းဝင်းထဲမှာ ပူးပူးကပ်ကပ် တည်ဆောက်ထားသည်။ တန်းလျားတစ်ခုနှင့် တစ်ခုကြား ကျဉ်းမြောင်းသော လူသွားလမ်းလေးတွေရှိပြီး မှောင်မည်းနေသည်။ ဆယ်ပေပတ်လည်အခန်းတွေနှင့် ဖွဲ့စည်းထားသည့် တန်းလျားနံရံတစ်လျှောက်မှာ ကြိုးတန်းပြီး အဝတ်တွေလှန်းထားတာ တွေ့ရသည်။

ဂျန်မိုင်ကောင်းက ကချင်ပြည်နယ်မှာ စစ်ပွဲတွေ စဖြစ်ကတည်းက ပေါ်လာသည့် စစ်ရှောင်စခန်းတစ်ခုဖြစ်ရာ အတော်ပင် ဟောင်းနွမ်း၍ အသားကျနေပြီဖြစ်သည်။ ထုံးစံအတိုင်း အမျိုးသမီးကြီးအချို့နှင့် ကလေးအချို့ကိုပဲ တွေ့ရသည်။ ဘုရားကျောင်းဝင်းက လေးငါးဧကလောက်ကျယ်ရာ ကျောင်းဝင်းတစ်ခြမ်းကို စစ်ရှောင်စခန်းဆောက်ပေးထားပြီး အခြားတစ်ဖက်မှာ ရုံးခန်းအဆောင်ရှိသည်။ အလယ်မှာ မြေကွက်လပ်ကျယ်ရှိပြီး စစ်ရှောင်ကလေးငယ်များ ပျော်ရွှင်စွာ ဆော့ကစားနေသည်ကို တွေ့ရသည်။ ကျောင်းဝင်းအဝင်ဝမှာတော့ မယ်တော်မာရီရုပ်တုပါ ကျောက်တုံးကျောင်းဆောင်နှင့် စုဝေးခန်းမဆောင်ကြီးတစ်ခုရှိသည်။

ယခု ဂျန်မိုင်ကောင်းစခန်းမှာ စစ်ဘေးရှောင် ၅၇၅ ဦးရှိသည်ဟု စာရင်းအရသိရသည်။ ဘက်ပတစ်ဘာသာဝင်တွေချည်း နေထိုင်သည့် အခြားဂျန်မိုင်ကောင်းစခန်းတစ်ခုလည်း မလှမ်းမကမ်းမှာ ရှိသေးသည်။ ကချင်ပြည်နယ်မှာ ကေအိုင်အေနှင့် အစိုးရတပ်တွေ စစ်ပွဲစဖြစ်တော့ လုံခြုံရေးအရ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည့် စစ်ရှောင်ဒုက္ခသည် အများအပြား၏ ခိုလှုံရာမှာ ခရစ်ယာန်ဘုရားကျောင်းများဖြစ်ခဲ့သည်။ ကက်သလစ်ဘာသာဝင်များက ကက်သလစ်ကျောင်းဝင်းထဲမှာ ခိုလှုံကြပြီး ဘက်ပတစ်ဘာသာဝင်များက ဘက်ပတစ်ကျောင်းမှာ ခိုလှုံကြသည်။ အချို့ကတော့ ယူနီဆက်အထောက်အပံ့နှင့် တည်ဆောက်ထားသည့် စစ်ရှောင်စခန်း (IDP camps) တွေမှာ ခိုလှုံကြသည်။

၂၀၁၁ ခုနှစ်၊ ဇွန်လကတည်းက စတင်ခဲ့သော ကချင်စစ်ပွဲမှာ မပြီးဆုံးသေးသလို စစ်ရှောင်ဒုက္ခသည် အများအပြားလည်း စစ်ရှောင်စခန်းအသီးသီးမှာ ခိုလှုံနေရဆဲဖြစ်သည်။ စာရင်းများအရ ကချင်ပြည်နယ် တစ်ခုလုံးတွင် စစ်ရှောင်ဒုက္ခသည်စခန်း (IDP camps) ပေါင်း ၁၃၈ ခုရှိပြီး စုစုပေါင်းဒုက္ခသည် ၉၇,၀၈၆ ဦး ခိုလှုံနေကြသည်ဟုသိရသည်။ မြစ်ကြီးနား မြို့တစ်မြို့တည်းမှာပင် စစ်ရှောင်ဒုက္ခသည် စခန်း ၂၆ ခုရှိပြီး ဝိုင်းမော်၊ ဖားကန့်၊ ဗန်းမော်၊ ချီဖွေ၊ မန်စီ၊ မိုးကောင်း၊ မိုးညှင်း၊ မိုးမောက်၊ ပူတာအို၊ ရွှေဂူ၊ ဆွမ်ပရာဘွမ်၊ တနိုင်းအထိ စစ်ဘေးရှောင်စခန်းတွေ ပြည်နယ်တစ်ခုလုံးမှာ ပြန့်ကျဲတည်ရှိနေသည်။

စိန့်ပေါလ်ဘုရားကျောင်းရှေ့ကွက်လပ်မှာ ကလေးငယ်တစ်စု ဆော့ကစားနေသည်ကလွဲပြီး ဂျန်မိုင်ကောင်း စစ်ရှောင်တန်းလျားတစ်ခုလုံး တိတ်ဆိတ်နေသည်။ မနေ့ကရောက်ခဲ့သော ပလနစခန်းနှင့် မတူသည်မှာ ဒီက စခန်းအဆောင်တွေက ပူးကပ်ပြီး မှောင်မည်းနေခြင်းဖြစ်သည်။ အမျိုးသမီးကြီးတစ်ဦး ဆိုင်ကယ်ဖြင့်ထွက်လာသဖြင့် ဘယ်သွားမလဲမေးကြည့်ရာ “ဆုတောင်းသွားမလို့”ဟုဖြေသည်။ ယနေ့ တနင်္ဂနွေနေ့ဖြစ်သဖြင့် ဘုရားကျောင်းမှာ သွားဆုတောင်းခြင်းဖြစ်သည်။ “နေရတာအဆင်ပြေရဲ့လား”ဟုမေးကြည့်တော့ “ဘယ်လိုပြောမလဲ။ ကိုယ့်အိမ် ကိုယ့်ရာမှမဟုတ်ဘဲ”ဟုဖြေသည်။ သူတို့ ဒီကိုပြေးလာတာ ခြောက်နှစ်၊ ခုနစ်နှစ်မကတော့ပြီ။ အိမ်ခန်းတွေကျဉ်းသော်လည်း လုံလုံခြုံခြုံ နေခွင့်ရကြသည်။ စားဝတ်နေရေးအတွက် ဘယ်လိုဖြေရှင်းကြသည် မသိပါ။ စစ်ရှောင်စခန်းတွေမှာ အမျိုးသားတွေ မတွေ့ရခြင်းမှာ တစ်နေရာရာသို့ သွားရောက်အလုပ်လုပ်နေကြပုံရသည်။ အချို့က အနီးအနားရပ်ကွက်တွေမှာ ပန်းရန်လက်သမားလုပ်နေကြသည်ဟုသိရသည်။

အန်ဂျီအိုတွေ၏ အထောက်အပံ့တစ်ခုတည်းကိုသာ မျှော်ကိုးနေရလျှင်တော့ သူတို့ ငတ်သွားနိုင်သည်။ အန်ဂျီအို အထောက်အပံ့တွေကလည်း လုံလောက်စရာမရှိ။

ကချင်ပြည်နယ်မှာ ဟိုအရင်တုန်းက ခုလို အိုင်ဒီပီ စစ်ရှောင်ဒုက္ခသည်စခန်းတွေမရှိခဲ့။ အစိုးရတပ်နှင့် ကေအိုင်အေတို့ တိုက်ပွဲများစတင် ဖြစ်ပွားသည့် ၂၀၁၁ခုနှစ်နောက်ပိုင်းကစလို့ အိုင်ဒီပီ ဒုက္ခသည်စခန်းတွေ ပေါ်လာခြင်းဖြစ်သည်။ စစ်ကြောင့် ကချင်တိုင်းရင်းသားဒုက္ခသည်များစွာတို့ မိမိတို့ရပ်ရွာ အိုးအိမ်များကို စွန့်ခွာထွက်ပြေးလျက် စစ်ဘေးရှောင်စခန်းတွေမှာ လာပြီးခိုလှုံနေကြရသည်။ ဘယ်နေ့၊ ဘယ်အချိန် မိမိတို့ရပ်ရွာဒေသများကို ပြန်ကြရလေမလဲ မသိသေးပါ။ သက်တမ်းရှည်ကြာလာခဲ့ပြီဖြစ်သော ဒုက္ခသည်စခန်းအချို့မှာ နေသားတကျပင်ရှိလာခဲ့ပြီ။ ပြန်ပါဆိုလျှင်တောင် ပြန်ဖို့ စဉ်းစားနေရသည့် အခြေအနေမျိုး။

ကချင်စစ်ပွဲလား . . . ။ သယံဇာတစစ်ပွဲလား . . .။

ကချင်က ဗိုလ်ချုပ်အောင်းဆန်းတို့နှင့်အတူ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရယူခဲ့ရာတွင် ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့သည်။ ကချင်၊ ချင်း၊ ရှမ်း အစရှိသည့် နယ်စပ်နှင့် တောင်တန်းဒေသတွေပါ ပြည်မနှင့်တစ်ပေါင်းတည်း လွတ်လပ်ရေးရယူဖို့ သဘောတူခဲ့ပြီး ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ရာတွင်လည်း ပါဝင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကို ကချင်တို့ ယုံကြည်ခဲ့ကြသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးချိန်မှ ၁၉၆၀ ပြည့်နှစ်အထိ ကချင်ပြည်နယ်မှာ ဘာပြဿနာမျှမရှိ။ အေးချမ်းနေခဲ့သည်။ အစိုးရကို တော်လှန်ပုန်ကန်သည့် လက်နက်ကိုင်အဖွဲ့ ကချင်ပြည်နယ်မှာမရှိ။ ကချင်တိုင်းရင်းသားတွေ မြန်မာ့တပ်မတော်ထဲမှာ အဆင့်မြင့် ရာထူးတွေအထိ တာဝန်ထမ်းဆောင်ကြတာတွေ ရှိခဲ့သည်။

လွတ်လပ်ရေးရပြီးကတည်းက အစိုးရနှင့် ထိပ်တိုက်ရင်ဆိုင်သည့် အဓိကလက်နက်ကိုင်အဖွဲ့က “ကရင်”တစ်ဖွဲ့ပဲ ရှိသည်။ ကချင်နှင့် ပြဿနာမရှိ။ ရှမ်းနှင့် ပြဿနာမရှိ။ ၁၉၆၀ပြည့်နှစ်ကျတော့ တိုင်းရင်းသားတွေဘက်က အသံတွေ စထွက်လာသည်။ ဖက်ဒရယ် အရေးဆိုလာကြသည်။ စစ်အစိုးရခေတ်တစ်လျှောက်လုံး ထို “ဖက်ဒရယ်”ကို ခွဲထွက်ရေးအဖြစ် ခြောက်လှန့်မှိုင်းတိုက်ထားခဲ့သဖြင့် ထိုအသံကြားရုံနှင့် ကြောက်လန့်နေသူတွေ ရှိခဲ့သည်။ ၁၉၆၂ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းတော့ ထိုဖက်ဒရယ်ကြောင့် တိုင်းပြည်ချောက်ထဲကျရန် လက်နှစ်လုံးအလိုမှာ ကယ်တင်ခဲ့ရသည်ဟု အကြောင်းပြသည်။ နိုင်ငံရေးပြဿနာကို လက်နက်ဖြင့်ဖြေရှင်းခဲ့ရာ ယခုချိန်ထိ မီးခိုးမဆုံး မိုးမဆုံးတော့။

လွတ်လပ်ရေးရပြီး ဆယ်စုနှစ်တစ်ခုကျော်သည်အထိ လက်နက်စွဲကိုင်ခြင်း မရှိခဲ့သည့် ကချင်က ၁၉၆၁ ခုနှစ်တွင် KIO ကိုစတင်ဖွဲ့စည်းပြီး လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းပေါ် ရောက်သွားသည်။ ဦးနုအစိုးရက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ရမည်ဟု လေသံပစ်သောအခါ ခရစ်ယာန်ဘာသာဝင်အများစုဖြစ်သည့် ကချင်က မကျေနပ်။ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ထိပါးသည်ဟု ယူဆသည်။ ထိုကာလအတွင်း ကချင်ပြည်နယ်ထဲက ဖီမော်၊ ဂေါ်လန်၊ ကန်ဖန်ဒေသတွေကို တရုတ်-မြန်မာ နယ်နိမိတ်သဘောတူစာချုပ်အရ တရုတ်ပြည်ကို ပေးလိုက်ရသည်။ KIA တော်လှန်ရေးစလုပ်တော့ လူ ၂၇ ယောက်ပဲ ရှိသည်။ တဖြည်းဖြည်းအင်အား ကောင်းလာပြီး ၁၉၆၃ မှာ အင်အား ၁၀၀၀ ထိရှိလာသည်။ တရုတ်နယ်စပ်ဒေသမှာ ကျောက်စိမ်းနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသည်။ ဧရာဝတီ မြစ်အနောက်ဘက်ခြမ်းအထိ လှုပ်ရှားပြီး ကာမိုင်းအထိ ကေအိုင်အေက ခြေကုပ်ယူလာသည်။ ၁၉၆၃ ခုနှစ်မှာ ဦးနေဝင်း၏ တော်လှန်ရေးကောင်စီက ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့သည်။ သို့သော် အောင်မြင်မှုမရခဲ့။

၁၉၆၁ ခုနှစ်မှ နဝတအစိုးရနှင့် အပစ်အခတ်ရပ်စဲသည့် ၁၉၉၄ ခုနှစ်အထိ မီးရထားလမ်းတစ်လျှောက် မြို့ကြီးတွေကလွဲလျှင် ကချင်ပြည်နယ်၏ ဝေးလံသီခေါင်သော ဒေသအတော်များများမှာ ကေအိုင်အေ၏ ထိန်းချုပ်မှုအောက်တွင်ရှိခဲ့သည်။ ကေအိုင်အေက အင်အားကြီးမားသော ဗကပ နှင့် မဟာမိတ်ဖြစ်လိုက်၊ ရန်ဖြစ်လိုက်ရပ်တည်ခဲ့သည်။ ၁၉၈၉ ခုနှစ်မှာ ဗကပ ပြိုကွဲတော့ MNDAA, UWSA, NDAA, NDA (K) ဆိုပြီး ကိုးကန့်၊ ဝ ၊ မိုင်းလား၊ ကချင်အဖွဲ့တွေ ပေါ်လာသည်။ ထိုအဖွဲ့တွေက နဝတအစိုးရနှင့် ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုကြသည်။ NDA(K) မှာ ကေအိုင်အေ တပ်မဟာ (၄) မှခွဲထွက်ပြီး နဝတ အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည့် ကချင်အဖွဲ့ဖြစ်သည်။ ကေအိုင်အေက ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမှုတွင် မပါဝင်သေး။ ၁၉၉၁ ခုနှစ်မှစ၍ အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနှင့် တွေ့ဆုံစကားပြောလာခဲ့ရာ ၁၉၉၃ခုနှစ် နှစ်ကုန်ပိုင်းတွင် ငြိမ်းချမ်းရေး သဘောတူညီမှုရခဲ့ပြီး ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ငြိမ်းချမ်းရေး သဘောတူညီချက် (Ceasefire Agreement) ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

အပစ်အခတ်ရပ်စဲထားသည့် ၁၉၉၄ခုနှစ်မှ ပြန်လည်ကျိုးပေါက်သွားသည့် ၂၀၁၁ခုနှစ် ဇွန်လအထိ ၁၇ နှစ်တာကာလအတွင်း ကချင်ပြည်နယ်မှာ သေနတ်သံတိတ်သွားခဲ့သည်။ သေနတ်သံတွေ တိတ်သွားသလို ကချင်ပြည်နယ်၏ အဓိကသယံဇာတတွေလည်း ကိုယ်စီကိုယ်ကျိုးစီးပွားအတွက် ထုတ်ယူခဲ့ကြရာ စစ်အစိုးရခေါင်းဆောင်ပိုင်းနှင့် နီးစပ်သော ခရိုနီတွေ အလွန်အမင်း ကြွယ်ဝချမ်းသာသွားကြသလို ကေအိုင်အေသည်လည်း စီးပွားရေးအင်အား တောင့်တင်းလာခဲ့သည်။ အပစ်အခတ်ရပ်စဲထားသည့် ကာလအတွင်း ကျောက်စိမ်း၊ ကျွန်းသစ်၊ ရွှေ အစရှိသည့် ကချင်ပြည်နယ်၏ အဖိုးတန် သယံဇာတတွေ တရားမဝင် နည်းမျိုးစုံဖြင့် ပြည်ပသို့ရောက်ရှိသွားသည်။

ကေအိုင်အေက လိုင်ဇာကို ဗဟိုပြုပြီး နယ်စပ်ကုန်သွယ်ရေးလုပ်ဆောင်ခဲ့ရာ လိုင်ဇာသည် ကေအိုင်အေ၏ အသက်သွေးကြောဖြစ်လာခဲ့သည်။ ၂၀၀၅ ခုနှစ်သည် လိုင်ဇာ၏ အစည်ကားဆုံးကာလဟု ဆိုသည်။ မြန်မာနှင့် တရုတ် လိုင်ဇာ နယ်စပ်ဂိတ်မှာ တရားမဝင် သစ်တင်ကားတွေ ရာချီတန်းစီနေသည်။ ကချင်ပြည်နယ်၏ သယံဇာတတွေကို စစ်အစိုးရခေါင်းဆောင်တွေ တရားမဝင် ထုတ်ယူသလို ကေအိုင်အေကလည်း ဝေမျှယူသည်။ ကေအိုင်အေ၏ ဘူးဂါးကုမ္ပဏီသည် မလိရေအားလျှပ်စစ်နှင့် ဒဘတ်ရေအား လျှပ်စစ်စက်ရုံမှထွက်သော ဓာတ်အားကို နှစ် ၂၀ စာချုပ်ဖြင့် အစိုးရသို့ ရောင်းသည်။ မြစ်ကြီးနားသည် ကေအိုင်အေက ပေးထားသော လျှပ်စစ်ဓာတ်အားကို ယနေ့တိုင်ရရှိနေသည်။ စီးပွားရေးကောင်းလာ၍ ကေအိုင်အေလည်း အင်အားတောင့်တင်းလာသည်။ တပ်အင်အားကို ရရှိသော အခွန်အကောက်နှင့် တိုးချဲ့လာသည်။

ပြဿနာက ၂၀၀၉ ခုနှစ်လောက်မှာစသည်။ အပစ်အခတ်ရပ်စဲမှု မကျိုးပေါက်သေးသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းအပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို နယ်ခြားစောင့်တပ်များ (BGF) အဖြစ် အသွင်ပြောင်းပေးဖို့ စစ်အစိုးရက ဖိအားပေးလာချိန်ဖြစ်သည်။ ထိုအစီအစဉ်ကို အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ လက်မခံ။ ကေအိုင်အေကလည်း လက်မခံ။

ကချင်စစ်ပွဲက ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှာ ပြန်စသည်ဟုဆိုရမည်။ တာပိန်ရေအားလျှပ်စစ်စက်ရုံ စီမံကိန်းဒေသမှာ တိုက်ပွဲတွေစဖြစ်သည်။ နောက်ပိုင်းမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာသည်။ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းမှာဖြစ်သည်။ ဆွမ်ပရာဘွမ်မှာဖြစ်သည်။ ဖားကန့်မှာဖြစ်သည်။ တစ်ဖက်ကစစ်ပွဲ။ တစ်ဖက်က မပြီးဆုံးသေးသော ငြိမ်းချမ်းရေးဆွေးနွေပွဲ။ ကချင်ပြည်နယ်မှာက အစိုးရတပ်အတွက်ရော ကေအိုင်အေအတွက်ပါ အကျိုးစီးပွားကိုယ်စီ ရှိနေကြသည်။ သယံဇာတတွေကို လုယူနေကြသည်။ ၁၇ နှစ်ကြာ သေနတ်သံ တိတ်နေသော၊ ငြိမ်းချမ်းနေခဲ့သော ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ စဖြစ်ချိန်မှစ၍ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ဒုက္ခသည်တွေ တိုးပွားလာခဲ့သည်။ ယနေ့အချိန်တွင် စစ်ဘေးရှောင် ကချင်ဒုက္ခသည် တစ်သိန်းနီးပါးခန့် စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရဆဲဖြစ်သည်။ ယခု လတ်တလောမှာတော့ အစိုးရတပ်ဘက်က အပစ်အခတ် ရပ်စဲပေးထား၍ သေနတ်သံတိတ်ကာ ငြိမ်သက်နေသည်။ သည်လိုငြိမ်သက်မှုတွေ သက်ဆိုးရှည်နေဖို့လိုသည်။ ငြိမ်းချမ်းရေးကို အားလုံးက လိုလားနေကြသည်။

ချစ်ဝင်းမောင် (၉-၇-၂၀၁၉)