News

POST TYPE

TRAVEL LOG

ထူးဆန်း လျှို့ဝှက်သော ကျွန်းများ
09-Feb-2019



ဆိုရော့ကျွန်း (တောင်ကိုရီးယား)

ပတ်ဆွန်ဂျီသည် ကိုရီးယားနိုင်ငံတောင်ပိုင်း ဂျိုလာရှိ ခြံထဲတွင် အလုပ်လုပ်နေသည်။ တစ်နေ့ သူ့ကို အာဏာပိုင်များက ဖမ်းဆီးပြီး လှေတစ်စင်းပေါ်သို့ အတင်းခေါ်သွားကာ ဆိုရော့ကျွန်း (Sorok Island) သို့ ပို့လိုက်ကြသည်။ သူကျွန်းပေါ်သို့ ရောက်လာပြီး ပထမဆုံးလုပ်ရသည့် အလုပ်မှာ ခွဲစိတ်ခန်းကို သန့်ရှင်းပေးရခြင်းဖြစ်သည်။ ခွဲစိတ်ခန်း ခုတင်ပေါ်တွင် ချုပ်ထားသော လူများမှာ သွေးအလိမ်းလိမ်းနှင့် ဖြစ်နေကြသည်။ ဤကျွန်းသို့ ရောက်လာသူများမှာ အနာကြီး ရောဂါသည်များအဖြစ် သတ်မှတ်ခြင်းခံထားရသူများ ဖြစ်ပြီး ဂျပန်ခေတ်ကတည်းက ကိုရီးယားကျွန်းဆွယ်အနီးရှိ ကျွန်းလေးတွင် အနာကြီးရောဂါသည်များကို ထားရှိရာ ကျွန်းလည်းဖြစ်သည်။

ထိုကျွန်းသည် လှပသည့် ကျွန်းတစ်ကျွန်း ဖြစ်ခဲ့သော်လည်း မျက်ရည်နှင့် သွေးများဖုံးလွှမ်းခဲ့ရသည့် ကျွန်းတစ်ကျွန်းဖြစ်ခဲ့ပြီး နာကြည်းစရာအတိတ် ဇာတ်လမ်းပေါင်းများစွာ ရှိခဲ့ပါသည်။ ဆိုရော့ကျွန်းသည် အနာကြီးရောဂါသည်များထားရှိရာ (အနူကျွန်း) အဖြစ် နာမည်ဆိုးနှင့် တည်ရှိခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ပြီဖြစ်သည်။ ဂျပန်တွေ ထိုကျွန်းကို သိမ်းပိုက် ထားစဉ်ကတည်းက အနာကြီးရောဂါသည်များကိုထားသည့် ကျွန်းဖြစ်ခဲ့သည်။ တစ်နည်းအားဖြင့် အနာကြီး ရောဂါသည်များ ကြီးစိုးသိမ်းပိုက်ထားသည့် ကျွန်းဟူ၍လည်း ကျော်ကြားသည်။

ထိုကျွန်းတွင် ရောဂါရှိသူများ တဖြည်းဖြည်း သေကုန်ပြီး နောက်ပိုင်းတွင် အပြစ်သားများကို တစ်ကျွန်း ပို့ရာ ကျွန်းအဖြစ်လည်း သတ်မှတ်ခဲ့ကြသေးသည်။ ကျွန်းပေါ်တွင် အနာကြီးရောဂါ ပျောက်ကင်းပြီး ရောဂါ မရှိသူများနှင့် ပေါင်းသင်းနေထိုင်သူတွေလည်း ရှိလာကာ လူဦးရေတိုးပွားလာသည်။ ဤကျွန်းကို လာပြီး ဆရာဝန်များက သုတေသနလုပ်နေသည် များလည်းရှိသည်။ အရွယ်ရောက်သည့် ကလေးများကို ရောဂါမရှိလျှင် ကျွန်းမကြီးကိုပြန်ပို့ပြီး ကျောင်းတက်ခိုင်းခြင်းများကို လုပ်ခိုင်းသည်။ အကယ်၍ မည်သူနှင့် ကိုယ်ဝန်ရှိကြောင်း သက်သေအတိအကျ မပြနိုင်လျှင်လည်း အမျိုးသမီးများကို ကိုယ်ဝန်ဖျက်ချခိုင်းလေ့ရှိသည်။ 

ထိုကျွန်းကို သီးခြားအာဏာပိုင်အဖွဲ့ဖြင့် အုပ်ချုပ်သည်။ ထိုအုပ်ချုပ်ခွင့်ရသူသည် ကျွန်းပေါ်တွင် ဘုရင် တစ်ပါးသဖွယ်အာဏာရှိသူလည်းဖြစ်သည်။ ကျွန်းတွင် နေထိုင်သူများကို နေ့စဉ် သူ့ရုပ်တုအား ရှိခိုးပြီးမှ ထမင်းစားသောက်ခွင့်ပြုသည်။ ကျွန်းတွင် ဘုရင်သဖွယ် စိုးမိုးခဲ့သူမှာ ၁၉၄၂ ခုနှစ်တွင် ဓားထိုးခံရပြီး သေဆုံးခဲ့သည်။ သူ့ကိုသတ်သူအားလည်း ကွပ်မျက်လိုက်ကြသည်။ 

ယနေ့ခေတ်တွင် ထိုကျွန်းကို ကျွန်းမကြီးက တစ်ဆင့် တံတားတစ်စင်းဖြင့် ဆက်သွယ်ထားပြီးဖြစ်သည်။ သို့သော် ထိုကျွန်းတွင် နေထိုင်သူများနှင့် ကျွန်းမကြီးရှိ ပြည်သူများကြားတွင် စိတ်ထဲ၌ အဖုအထစ်လေးတွေ ယနေ့တိုင် ရှိနေဆဲဖြစ်သည်။ အနာကြီးရောဂါမှာ ပျောက်သလောက်ဖြစ်နေသော်လည်း ထိုကျွန်းသား ဆိုလျှင် ရွံရှာသလို ဆက်ဆံတတ်ကြသည်။ ထိုကျွန်းမှ ငယ်စဉ်ကတည်းက ကျွန်းမကြီးသို့ ပြောင်းရွှေ့နေထိုင် ကြသူများသည် ယနေ့ဆိုလျှင် ၈၀ ဝန်းကျင်ပင် ရှိနေကြပြီဖြစ်သည်။ ထိုသူများက ၂၀၀၇ ခုနှစ်တွင် တံတား ဆောက်ခဲ့ကြခြင်းဖြစ်သည်။



ဆန် ဆာဗိုလိုကျွန်း

ဆန် ဆာဗိုလိုကျွန်း (San Servolo) ကို အရူး ကျွန်းဟူ၍လည်း ခေါ်ကြသည်။ တစ်ခေတ်က စိတ်မနှံ့သူများကို ပို့သည့်ကျွန်းဖြစ်ပြီး အီတလီ ကမ်းရိုးတန်းအနီးတွင်ရှိသည်။ ယနေ့ခေတ်တွင် ထိုကျွန်း၌ တစ်ချိန်က အရူးထောင်အဖြစ်ထားခဲ့သော အဆောက်အအုံများကို ပြတိုက်အဖြစ် လုပ်ထားသည်။ ထိုပြတိုက်အဖြစ် လုပ်ထားသည့် နေရာများသည် တစ်ချိန်က ဆေးရုံ ဖြစ်သည်။ ၁၈ ရာစုခေတ်ကတည်းက တည်ဆောက်ထားပြီး ရှေးက ဒဏ်ရာရသည့် စစ်သားများကို ဆေးကုသပေးခဲ့သည့် နေရာလည်းဖြစ်သည်။ ၁၉ ရာစုတွင်မှ စိတ်မနှံ့သူများကိုပို့သည့် ဆေးရုံတစ်ရုံဖြစ်လာသည်။

ထိုစိတ်ရောဂါကုဆေးရုံတွင် ဘာသာရေးဆိုင်ရာ အဆောင်အယောင်များကို ပြည့်စုံစွာ ထားရှိပေးသည်။ ယခင်က ထိုဆေးရုံကို ဘာသာရေးဂိုဏ်းကြီး တစ်ခုဖြစ်သည့် San Giovanni di Dio က အုပ်ချုပ်ကြီးကြပ်ပြီး စိတ်ရောဂါကုကျွမ်းကျင်သည့် သမားတော်ကြီးများကိုလည်း သူတို့ခေါ်လာပေးကာ ကုသပေးခဲ့ကြသည်။ 

ထိုကျွန်းရှိ ဆေးကုသဆောင်၏ ကုထုံးမှာ စိတ်ဝေဒနာခံစားနေရသူများကို အားလုံးနှင့်ခွဲပြီး တစ်ဦးတည်းထားလိုက်ခြင်းသာဖြစ်သည်။ ထိုကုသနည်းကို အထိရောက်ဆုံးနည်းဟုယူဆကာ စိတ်မနှံ့သူများကို အခန်းပိတ်ထားလေ့ရှိကြသည်။ ယင်းကုသနည်းကိုပင် ကိုယ်ကျင့်တရားကုထုံးဟု ခေါ်ကြသည်။ ယနေ့ စံနှုန်းအတိုင်းဆိုလျှင် အလွန်ရက်စက်သည့်နည်းဖြစ်သည်။

ယနေ့ ထိုဆေးရုံကို ပြတိုက်အဖြစ် လုပ်ထားရာတွင် ယခင် အရူးကုစဉ်က ဖမ်းချုပ်သည့် ပစ္စည်းများကို ပြသထားသည်။ သံကြိုးများ၊ နှောင်ချုပ်သည့် အင်္ကျီများ၊ လက်ထိတ်များကိုပြထားသည်။ ထိုပစ္စည်းများသည် တစ်ချိန်က အမှန်တကယ် အသုံးပြုခဲ့သော ပစ္စည်းများလည်းဖြစ်သည်။

လူနာများကို လျှပ်စစ်ဓာတ်ဖြင့် ရှော့ရိုက် သည့်နည်းကိုလည်း အသုံးပြုသည်။ ရှော့ရိုက်သည့် ခုံတွေကိုလည်း ပြထားသည်။ ထိုခေတ်က ကုထုံးများနှင့် ပစ္စည်းများကို ပြသထားသည်မှာပင် ထိတ်လန့်စရာကောင်းသဖြင့် သွားရောက်ကြည့်ရှုသူများသည် ကြောက်ရွံ့စိတ်ဖြင့် သွားကြသည်ကများသည်။



သီလာဖူရှီ အမှိုက်ကျွန်း

မော်လ်ဒိုက်ကျွန်းသည် အပူပိုင်းဒေသကျွန်းတစ်ကျွန်းဖြစ်ပြီး ကမ်းခြေများမှာဖြူဖွေးပြီး ရေများလည်း သန့်ရှင်းနေတတ်သည်။ ထို့ကြောင့်လည်း ထိုကျွန်းကို သွားရောက်လည်ပတ်ရန် ခရီးသည်များ စိတ်ဝင်စားကြသည်။

သီလာဖူရှီကျွန်း (Thilafushi Island) သည် လူလုပ်ဖန်တီးထားသည့် ကျွန်းတစ်ကျွန်းဖြစ်ပြီး တောင်ပြိုမြေများဖြင့် ဖန်တီးထားသော ကျွန်းလည်း ဖြစ်သည်။ ယခုအခါ ထိုကျွန်းပေါ်တွင် ကြီးမားသော အမှိုက်ပုံကြီးရှိနေသဖြင့် ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားမှုလည်း လျော့နည်းလာသည်။ ထို့ကြောင့်လည်း အမှိုက်ကျွန်းဟု လူတွေက သတ်မှတ်ခေါ်ခဲ့ကြခြင်းဖြစ်သည်။ 

အမှိုက်ကျွန်းတွင် လူပေါင်း ၁၅၀ ခန့်သာ နေထိုင်ကြသည်။ လာရောက်နေထိုင်သူများကလည်း အမှိုက်ကတစ်ဆင့် ပစ္စည်းများပြန်ထုတ်သည့် အလုပ်များနှင့် အမှိုက်များကို မီးရှို့သည့် လုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ထိုကျွန်းတွင် အခြားနိုင်ငံက ပို့လာသည့် အမှိုက်များကိုလည်း လက်ခံပေးတတ်သည်။ 

နေ့စဉ် ထိုကျွန်းသို့ ရောက်လာသည့် အမှိုက်မှာ တန် ၃၃၀ ကျော်ရှိသည်။ ကျွန်းလာသည့် ဧည့်သည်များ မမြင်နိုင်သည့် နေရာများတွင် ဖုံးကွယ်ထားပြီး ဖျောက်ဖျက်နေကြရသည်။ ကျွန်းပေါ်တွင် အမှိုက်တွေက များသည်ထက်များလာပြီး အမှိုက်ကို ဖျောက်ဖျက်ပေးမည့် ဝန်ထမ်းဦးရေက ရှားသည်ထက် ရှားလာသည်။ အမှိုက်များကို နည်းမျိုးစုံဖြင့် မီးရှို့နေပြီး ညှော်နံ့နှင့် မီးခိုးများ ဖုံးလွှမ်းလာသောကြောင့် အနာဂတ်အတွက် လေထုညစ်ညမ်းမှုနှင့် ကျွန်းအလှကို ဖျက်ဆီးမည်အား စိုးရိမ်စရာဖြစ်နေသည်။



တီဘူရွန်ကျွန်း

မက္ကဆီကိုနိုင်ငံရှိ အကြီးဆုံး ကျွန်းတစ်ကျွန်း ဖြစ်သည့် တီဘူရွန်ကျွန်း (Tiburon Island) သည် ပူပြင်းခြောက်သွေ့ပြီး ကျတ်တီးမြေများဖြင့် အတိပြီးသော ကျွန်းဖြစ်သည်။ ကျွန်းပေါ်တွင် အဆိပ်ရှိသော တိရစ္ဆာန်များ ပေါများပြီး ဆီရီ (Seri) ခေါ် လူမျိုးစုများ နေထိုင်ကြသည်။ ထိုလူမျိုးများကို ရိုင်းစိုင်းပြီး လူသားစားသူများဟု သတ်မှတ်ကြသည်။ သို့သော် ထိုကျွန်းတွင် ရွှေအစရှိသည့် တန်ဖိုးရှိသော တွင်းထွက်ပစ္စည်းများ ထွက်သည်ဆိုသောကြောင့်လည်း လူတိုင်း စိတ်ဝင်စားစရာကျွန်းဖြစ်နေသည်။

ထိုကျွန်းကို အရီဇိုးနားမှ ရွှေရှာသူ တွမ်ဂရင်းဒဲလ်သည် ၁၉၀၃ ခုနှစ်က ပထမဆုံး ရောက်ရှိခဲ့သည်။ ထိုစဉ်က ကျွန်းပေါ်သို့ ခြေချသည့် နေရာလောက်မှာပင် ရွှေများကို တူးဖော်ရရှိသဖြင့် အကျိုးအမြတ်များစွာ ရခဲ့ကြသည်။ ထို့ကြောင့် တွမ်သည် အရီဇိုးနား သို့ပြန်ပြီး လူများစုကာ ထပ်ခေါ်လာသည်။ နောက်ဆုံးတွင် သူခေါ်ခဲ့သော လူသုံးယောက်သာကျန်ပြီး သူလည်း ၁၉၀၅ ခုနှစ်တွင် တပ်ပြန်ခေါက်လာခဲ့ရသည်။ ထိုဒေသတွင် သောက်သုံးရန် ရေရှားပါးသောကြောင့် ဖြစ်သည်။ သူတို့ နောက်တစ်ခေါက်ပြန်လာရန် စီစဉ်သော်လည်း ပြန်မရောက်တော့ပေ။ သူ့ညီ အက်ဒ်ဝပ်သည် လူစုလူဝေးနှင့် ထပ်မံရောက်ရှိလာသော်လည်း ဆီရီလူမျိုးစုတို့၏ ဖမ်းဆီးသတ်ဖြတ်ကာ စားသောက်ခြင်းခံလိုက်ရသည်ဟု ဆိုသည်။ 

ယနေ့ မက္ကဆီကိုအစိုးရက ထိုကျွန်းကို ထိန်းချုပ်ထားပြီး လူသားစားခြင်းကို ပြင်းထန်စွာတားမြစ်ခဲ့သည်။ ကျွန်းပေါ်သို့ သွားရောက်ခြင်းကိုလည်း ကန့်သတ်ချက်များရှိသည်။ သို့သော် တားမြစ်ထားသည်ကို မလိုက်နာဘဲ သွားသူများကလည်း ပျောက်ဆုံးသွားမှုများရှိနေကြောင်း သိရသည်။

မိုးစက်

(Ref: Travel Mysterious Islands)