News

POST TYPE

TRAVEL LOG

ကမ္ဘာ့အထူးဆန်းဆုံး လမ်းများ
02-Feb-2019



ကမ္ဘာ့အမတ်စောက်ဆုံးလမ်း

နယူးဇီလန်နိုင်ငံ Dunedin မြို့ရှိ Baldwin လမ်းသည် ကမ္ဘာ့အမတ်စောက်ဆုံးလမ်းအဖြစ် တည်ရှိနေသည်။ နယူးဇီလန်နိုင်ငံရှိ မြို့ကြီးများသည် တောင်ကုန်းများပတ်လည်တွင် တည်ဆောက်ထားသောကြောင့် လမ်းတွေကလည်း အနိမ့်အမြင့်တွေကများသည်။ ဘော်ဒွင်လမ်းကို ဗြိတိသျှဒီဇိုင်းဆရာများက ဤမြို့တွင် အခြားမည်သည့် နေရာတွင်မှ မရှိနိုင်သည့် လမ်းတစ်လမ်းအဖြစ် တီထွင်ဖောက်လုပ်ခဲ့ကြခြင်းဖြစ်သည်။ သူတို့က လမ်းဖောက်ရန် မြေပုံဆွဲစဉ် ဤနေရာကို မည်သည့်နေရာနှင့်မှ မတူညီအောင် စီစဉ်ရန် စိတ်ကူးရပြီး လမ်းကို မတ်စောက်စွာ ဖောက်ခဲ့ကြသည်။ လမ်း၏စောက်မှာ ၃၅ ရာခိုင်နှုန်းအထိ မတ်စောက်သည်။ လမ်းကို မတ်စောက်လွန်းသောကြောင့် ကွန်ကရစ်လမ်းအတိုင်း ထားကြရသည်။ အဘယ်ကြောင့် ဆိုသော် ကတ္တရာခင်းလိုက်လျှင် နွေအချိန်တွင် အပူရှိန်ဖြင့် အရည်ပျော်ကျကုန်သောကြောင့်ဖြစ်သည်။



အင်္ဂလန်၏ အထူးဆန်းဆုံးလမ်း

ဗြိတိန်နိုင်ငံတွင် ယာဉ်မောင်းစနစ်သည် ဥရောပ၊ အမေရိကန်ပြည်ထောင်စုတို့နှင့် ကွာခြားသည်။ ယာဉ်များသည် လက်ဝဲကပ်မောင်းစနစ်ကို ကျင့်သုံးကြရသည်။ Savoy Court ဆိုသည့် လမ်းတွင်တော့ တစ်နိုင်ငံလုံး လက်ဝဲကပ်မောင်းစနစ်နှင့် ဆန့်ကျင်ပြီး လက်ယာ ကပ်မောင်းစနစ်ကို ကျင့်သုံးကြရသည်။ ထိုလမ်းတွင် လက်ယာကပ်မောင်းကို ဥပဒေနှင့် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ ထိုသို့ကားများကို တစ်လမ်းတည်းတွင် စနစ်ပြောင်းပေးထားရခြင်းမှာ Hackney Cab ဆိုသည့် တက္ကစီများခေတ်ကတည်းက လက်ယာမောင်းအဖြစ် စီစဉ်ထားကြသောကြောင့်ဖြစ်သည်။ ကားမောင်းသူက ကားထဲက မထွက်ဘဲ ကားတံခါးကို ဖွင့်ပေးပြီး ခရီးသည်များကို ပလက်ဖောင်းပေါ်တွင် အသင့် လျှောက်နိုင်စေရန်ဖြစ်သည်။ ပါလီမန်တွင် ထိုတစ်လမ်းတည်းကို လက်ယာကပ်မောင်းအဖြစ် ပြဋ္ဌာန်းပေးထားခြင်းက ထူးခြားသည်ဟု ဆိုရမည်။ 



အချိုးအကွေ့အများဆုံးလမ်း

အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့ရှိ၊ လမ်းဘတ် (Lombard) လမ်းသည် ကမ္ဘာပေါ်တွင် အချိုးအကွေ့ အကောက်အကွေ့အများဆုံးလမ်း များရှိရာ နေရာအဖြစ် ထင်ရှားသည်။ ကွေ့ ၈ ကွေ့ရှိသည်။ လွန်းထိုးလမ်းများဟုခေါ်ပြီး ကမ္ဘာ့အကောက် ကွေ့ဆုံးလမ်းအဖြစ်လည်း စံချိန်တင်တည်ရှိနေသည်။ ကွေ့ကြောကြီးပေါင်းများစွာနှင့် မတ်စောက်စွာ မောင်းတက်ရသည်မှာ နယူးဇီလန်ရှိ ဘော်ဒွင်လမ်းနီးပါးခန့် မောင်းတက်ကြရသည်။ အကွေ့အကောက်များသောကြောင့်လည်း တစ်လမ်းမောင်းအဖြစ်သာ ခွင့်ပြုထားသည်။ လမ်းခရီးတွင် ကားရပ်နားရန် နေရာများကိုလည်း သီးခြားထားပေးရသည်။



ကမ္ဘာ့အကျဉ်းဆုံးလမ်း

ဗြိတိန်နိုင်ငံ၊ အင်္ဂလန်ရှိ Exeter အရပ်တွင် ရှိသော ပါလီမန်လမ်း (Parliament Street) သည် ကမ္ဘာ့အကျဉ်းဆုံးလမ်းအဖြစ် သတ်မှတ်ထားခြင်းခံရသော လမ်းဖြစ်သည်။ အကျဉ်းဆုံးအပိုင်းတွင် ၂၅ လက်မရှိသည်။ ၂ ပေခန့်လမ်းလေးထဲတွင် နှစ်ယောက် ယှဉ်လျှောက်ရန် မဖြစ်နိုင်ပေ။ ယခင်က ဤလမ်းကို လမ်းသေးလေး (Small Street) ဟူ၍ ခေါ်ကြသည်။ ထိုလမ်းကို ပါလီမန်လမ်းဟူ၍ ခေါ်ရန် ပါလီမန်တွင် ဥပဒေဖြင့် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀ ကျော်ကတည်းက ရှိခဲ့သည့် လမ်းဖြစ်ပြီး အရှည်မှာ မီတာ ၅၀ ခန့်ဖြစ်သည်။ 



ဆွဲအားလမ်း (Gravity Hill) 

သံလိုက်လမ်းဟူ၍လည်း ခေါ်ကြသည်။ ကမ္ဘာပေါ်တွင် ထိုကဲ့သို့ ဆွဲငင်အားကောင်းသော လမ်းပေါင်းများစွာ ရှိတတ်ပါသည်။ ဘေးနားတွင်ရှိသော တောင်များကြောင့်ဖြစ်စေ၊ လမ်းအောက်တွင် ရှိသည့် သံလိုက်ဆွဲအားများကြောင့်ဖြစ်စေ ကားများသည် မမောင်းဘဲနှင့် ရွေ့လျားသွားနိုင်သည့် အစွမ်းများဖြစ် လာသည့်လမ်းများကို ခေါ်ဆိုပါသည်။ ထိုနေရာကို ရောက်လျှင် တောင်ကုန်းအတက်ဖြစ်လည်း ကားကို အလိုလို ဆွဲတင်သွားနိုင်သည်။ အဆင်းကိုလည်း အလိုအလျောက် ရွေ့လျားသွားနိုင်သည်။ ပတ်ဝန်းကျင် အနေအထားတွင် သံလိုက်စွမ်းအားတစ်ခုခုကြောင့်ဟူ၍ ပညာရှင်များက သုံးသပ်ကြသည်။ 



မှော်ပတ်လမ်း

အင်္ဂလန်ရှိ လမ်းဆုံလမ်းခွတစ်နေရာဖြစ်သော လမ်းဆုံကို မှော်ပတ်လမ်း (Magic Roundabout) ဟူ၍ ခေါ်ကြသည်။ အင်္ဂလန်ရှိ ဆွင်းဒန်းမြို့တွင် ထိုလမ်းဆုံအဝိုင်းကြီးရှိသည်။ ၁၉၇၂ ခုနှစ်ကတည်းက အဝိုင်းကြီးကို တည်ဆောက်ခဲ့သည်။ အရံလမ်းဆုံအဝိုင်း ငါးခုပါဝင်သည်။ နာရီလက်တံပြောင်းပြန်အတိုင်း မောင်းကြရသည်။ ကမ္ဘာပေါ်တွင် အခက်ဆုံး၊ အရှုပ်ထွေးဆုံး လမ်းဆုံလမ်းခွအဖြစ်လည်း ထင်ရှားသည်။ ပတ်ဝင် ပတ်ထွက်လမ်းတွေမှာ စိတ်ပျက်စရာကောင်းလောက်အောင် နားလည်ရခက်သည်။

မိုးစက်

(Ref: Most Amazing Streets In The World)