News

POST TYPE

TRAVEL LOG

ဗီယက်နမ်သို့ အလည်သွားမည်ဆိုလျှင်
19-Jan-2019
ဗီယက်နမ်နိုင်ငံကို သွားတော့မည်ဆိုလျှင် ဟနွိုင်းကို သွားရမည်လော၊ ဟိုချီမင်းမြို့ကို သွားရမည်လောဟု စိတ်ထဲတွင် ဝေခွဲမရဖြစ်တတ်သည်။ ဗီယက်နမ်တွင် ထိုမြို့ကြီးနှစ်မြို့သည် ထင်ရှားသလို စည်ကားလှသည်။ တစ်မြို့နှင့် တစ်မြို့ကလည်း ကီလိုမီတာ ထောင်ချီပြီးဝေးသည်။ တစ်မြို့ကတောင်၊ တစ်မြို့က မြောက်ဘက်မှာရှိနေသည်။ တောင်ပိုင်း ဟိုချီမင်းမြို့ကို ယခင်က ဆိုင်ဂုံမြို့ဟု ခေါ်ကြသည်။ ဗီယက်နမ်စစ်ပွဲ ကာလက အမေရိကန် စစ်အခြေစိုက်စခန်းများထားခဲ့သည့် မြို့လည်းဖြစ်သည်။ ထိုစဉ်က တောင်နှင့်မြောက်နှစ်ခြမ်းကွဲနေပြီး နောက်ပိုင်းနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းမှ မြို့တော်ဖြစ်လာရသည်။ 



ရွေးရခက်စေမည့် မြို့နှစ်မြို့

နှစ်မြို့စလုံးတွင် ပြင်သစ်ကိုလိုနီဘဝ ကျရောက်စဉ်က တည်ဆောက်ခဲ့သော ခရစ်ယာန်ဘုရားရှိခိုး ကျောင်းကြီးများရှိကြသည်။ ထို့ပြင် ရိုးရာရုပ်သေး ဖျော်ဖြေပွဲများကိုလည်း တွေ့ရသည်။

ဟိုချီမင်းမြို့တွင် ဟနွိုင်းထက် ပန်းခြံတွေပိုများသည်။ တောင်ပိုင်းတွင် ရိုလာကိုစတာစီးနိုင်သည့် ကစားကွင်းများကိုပင် ထားပေးထားသည်။ လျှောက်လည်ချင်သူများအတွက် ဟနွိုင်းကပိုပြီး သင့်လျော်သည်။ အနုပညာပြခန်း၊ ပန်းချီပြခန်းတွေ ပိုစုံသည်။

ဟနွိုင်းရှိ ပြည်သူများသည် နိုင်ငံခြားသားများနှင့် ဆက်ဆံရာတွင် အေးစက်စက်နိုင်လှသည်။ သူတို့က ရိုးရာဓလေ့ အစွဲအလမ်းအားကြီးသူများဟုဆိုရမည်။ ဟိုချီမင်းတွင် နိုင်ငံခြားဓလေ့များသည် ဟနွိုင်းထက် ပိုပြီးလွှမ်းမိုးထားနိုင်သည်။ အထူးသဖြင့် ဟိုချီမင်းမြို့ တွင် အမေရိကန်နှင့် ပြင်သစ်ဓလေ့တွေ စိုးမိုးထားသည်။ စီးပွားရေးအရလည်း အခွင့်အလမ်းနှင့် တီထွင်ကြီးပွား လိုသူတွေ ပိုများသည့်မြို့ဟု ဆိုရမည်။



မည်သည့်မြို့က အစားအသောက်ပိုကောင်း

နှစ်မြို့စလုံးတွင် ဈေးပေါပေါနှင့် စားသောက်နိုင်မည့် နေရာများစွာရှိသည်။ လမ်းဘေးဆိုင်များ နေရာအနှံ့ရှိသည်။ ကြည့်လိုက်လျှင် စားချင်စရာ၊ သွားရည်ကျချင်စရာများဖြစ်သည်။ ဟနွိုင်းမြို့တွင် ဖိုဟုခေါ်သည့် ခေါက်ဆွဲပြုတ် နာမည်ကြီးသည်။ လမ်းဘေးနေရာတိုင်း ဖိုခေါက်ဆွဲပြုတ်ကို တစ်ဒေါ်လာ လောက်ပေးပြီး ကောင်းကောင်းစားနိုင်သည်။ 

ဟိုချီမင်းမြို့တွင် မြောက်ပိုင်း၌ အသင့်စား အစားအသောက်များ ရောင်းချသည့်ဆိုင်များရှိသည်။ အချိုလွန်ကဲသဖြင့် စားရသည်မှာ တစ်မျိုးဖြစ်သည်။ လမ်းဘေးတစ်လျှောက် ဖွင့်ထားသည့် စားသောက်တန်းများမှ ထွက်လာသည့် ရနံ့များက စားချင်အောင်ဆွဲဆောင်မည်မှာ သေချာသည်။ 

မြို့နှစ်မြို့စလုံးတွင် ပြင်သစ်တို့ထံက လွှဲပြောင်း ရယူလိုက်ပြီးကတည်းက ကော်ဖီသောက်သည့် ဓလေ့ များကျန်ခဲ့သည်။ ဟိုချီမင်းမြို့ရှိ ကော်ဖီဆိုင်တွေက ပိုချိုသည်။ ဟနွိုင်းကော်ဖီမှာ အမွှေးနံ့သာတွေထည့်ပြီး ဘီယာပုံ ပေါက်နေသည်။ နှစ်မြို့စလုံးတွင် နိုင်ငံတကာ စားသောက်ဆိုင်များရှိသည်။ အစားအသောက်တွင်တော့ ဟိုချီမင်းက ပိုသာသည်။ ဟိုချီမင်းတွင် အလွန်ကောင်းသော စားသောက်ဆိုင်ကြီးများရှိသည်။

ညဘက်မှာ လည်စရာ

ဗီယက်နမ်အစိုးရသည် ညဉ့်နက်ချိန်အထိ လမ်းပေါ်တွင် လူစုလူဝေးနှင့် သောက်စားပျော်ပါးခြင်း ကို အားမပေးတတ်ပေ။ သို့ဖြစ်ရာ ဆိုင်တိုင်းလိုလို ညဉ့်မနက်မီ ပိတ်ကြရသည်။ 

ဟိုချီမင်းမြို့က ဟနွိုင်းထက် ညဉ့်နက်သည့်အထိ ဆိုင်များကို ဖွင့်ခွင့်ရကြသည်။ သို့သော် ဟနွိုင်းတွင် ဘားဆိုင်များသည် လူကုန်သည်အထိ ဖွင့်ပေးထားတတ်သည်။ ဟနွိုင်းရှိ ရှေးဟောင်းရပ်ကွက်များတွင် ညအချိန် နိုင်ငံခြားသားများရော၊ ပြည်တွင်း နိုင်ငံသားများနှင့်ပါ စည်ကားတတ်သည်။ ပလတ်စတစ်ခုံသေးသေး လေးများတွင် ထိုင်ရင်း ဝက်သားကင်၊ ကြက်သား ကင်၊ ကြက်ခြေထောက်၊ မုန့်နှင့် အခြားအစားအစာများကို ထိုင်စားနေသူတွေ ပေါလှသည်။ လမ်းဘေးတွင် ဘီယာထိုင်သောက်နေသည့် နိုင်ငံခြားသားများ ကိုလည်းတွေ့နိုင်သည်။

ဟိုချီမင်းရှိ ဘားဆိုင်အတော်များများတွင် ဂီတပွဲလေးများကို စနေ၊ တနင်္ဂနွေလို နေ့များတွင် ပြုလုပ်ပေးတတ်သည်။ ကောက်တေးအရက်ရောင်းသော ဆိုင်များလည်းရှိသည်။ လေအေးပေးစက် အပြည့်နှင့် ဇိမ်ကျကျ အနားယူပြီး သောက်စားလိုလျှင် ဟိုချီမင်းမြို့က အကောင်းဆုံးဖြစ်သည်။

ဈေးဝယ်ရန်အကောင်းဆုံးနေရာ

ဟနွိုင်းတွင် ပန်းပုရုပ်တုများဝယ်ရန် အကောင်းဆုံး ဖြစ်သည်။ ပိုးထည်နှင့် လက်လုပ်အနုပညာပစ္စည်းများလည်း ရနိုင်သည်။ ပန်းပုလက်ရာ အများစုသည် သစ်သားနှင့် ကျောက်ဆစ်လက်ရာများဖြစ်သည်။ ယွန်းထည်များလည်း ရနိုင်သည်။ ရှေးဟောင်း ရပ်ကွက်များတွင် အနုပညာလက်ရာပစ္စည်းများကို ခင်းကျင်းရောင်းချသည့်ဆိုင်များ ရှိသည်။

ဟိုချီမင်းမြို့တွင် အမှတ်တရလက်ဆောင်ပစ္စည်း အရောင်းဆိုင်တွေများသည်။ ဘန်သန်းရပ်ကွက်နှင့် ဒွန်ခွိုင်းရပ်ကွက်တို့တွင် ပစ္စည်းအရောင်းတွေ ပေါများလှသည်။ တောင်ပိုင်းသည် ဆူပါမားကက်ကြီးများ ဖွင့်ထားသည်။ နေရာက ကျယ်ဝန်းပြီး လေအေးပေးစက် အပြည့်စီစဉ်ထားသောကြောင့် ခေတ်မီစွာဖြင့် ခင်းကျင်းထားသည့် ဆိုင်ခန်းများတွင် အေးဆေးစွာ ဈေးဝယ်နိုင်သည်။ အလွန်ပူသော နိုင်ငံဖြစ်သောကြောင့် အေးဆေးစွာ ဈေးဝယ်လိုလျှင် ဟိုချီမင်းမြို့က ပိုကောင်းသည်။



အပန်းဖြေရန်အကောင်းဆုံးနေရာ

ဟနွိုင်းမြို့သည် လျင်မြန်စွာ တိုးတက်နေသည့် မြို့တစ်မြို့ဖြစ်သည်။ မြို့အတွင်း မိုးမျှော်တိုက်ကြီးများကို ရှေးဟောင်းရပ်ကွက်များ အလွန်တွင် စတင်တွေ့မြင်လာကြရသည်။ မြို့နှစ်မြို့တွင် လူဦးရေက ၈ သန်းခန့်ရှိကြသည်။ သို့သော် ဟိုချီမင်းက ပိုကျဉ်း သောကြောင့် လူဦးရေ ပိုထူထပ်ပြီး ပိုကျပ်သည်။ ဟနွိုင်းမြို့တွင်လည်း လူထူထပ်ချိန်တွင် လမ်းလျှောက် သွားရသည်မှာ သိပ်ပြီးမလွယ်ပေ။ အထူးသဖြင့် ရှေးဟောင်းရပ်ကွက်များ အတွင်း၌ဖြစ်သည်။ လူသံ၊ ဆိုင်ကယ်သံ ဆူညံသည့်အထဲတွင် ရှေ့တိုးမရ၊ နောက်ဆုတ်မရ လူပင်လယ်အတွင်း စီးဆင်းမျောပါ သွားနိုင်ပေသည်။

နှစ်မြို့စလုံးတွင် ယာဉ်ကြောတွေပိတ်သည်။ မော်တော်ဆိုင်ကယ်များ နေရာအနှံ့ရှိပြီး ဟိုကတွန်း၊ သည်ကထွက် ရှုပ်ယှက်ခတ်နေသည်။ ဟိုချီမင်းမြို့ လမ်းတွေက နည်းနည်းပိုကျယ်သောကြောင့် ဟနွိုင်းထက်တော်သေးသည်။ အေးချမ်းစွာ လမ်းလျှောက်ရန် ထိုနှစ်မြို့စလုံးတွင် မဖြစ်နိုင်ဟု ဆိုရမည်။

ဟနွိုင်း၌ ဇန်နဝါရီလတွင် အပူချိန်မှာ ၁၇ ဒီဂရီ စင်တီဂရိတ်အောက်ကျသဖြင့် အေးသောလဖြစ်သည်။ ဟိုချီမင်းမြို့တွင် ၂၀ ဒီဂရီစင်တီဂရိတ်အောက် ကျချိန်မရှိပေ။ သို့ဖြစ်ရာ ဘယ်သွားသွား ချွေးပြန်မည်ကတော့ သေချာသည်။

တောင်ပိုင်းဒေသ အပူကို ရှောင်လိုလျှင် ဟိုချီမင်းမြို့ရှိ Cong Vien Van Hoa Park ပန်းခြံသို့ သွားရောက်လည်ပတ်သင့်သည်။ ထိုနေရာတွင် တစ်ချိန်က နိုင်ငံခြားသားတို့ အပန်းဖြေသည့် အားကစားကလပ်များ၊ အဆောက်အအုံများရှိသည်။ အားကစားဝါသနာပါသူများ သွားရောက်လည်ပတ်သင့်သည်။



တစ်နေ့တာလည်ပတ်လိုလျှင်

ဟနွိုင်းမှ တစ်ရက်တာခရီးအလည်ထွက်ချင်သူများသည် Ha Long Bay ဟု ခေါ်သည့် ပင်လယ်ကို ရှုမြင်ရပြီး လှပသည့် ကျောက်ဆောင်တန်းကြီးများ ရှိသည့်နေရာကို သွားသင့်သည်။ ပင်လယ်ဘက်ထွက်သည့်ခရီးဖြစ်ပြီး အသွားအပြန် ၈ နာရီခန့်ကြာနိုင်သည့် ခရီးဖြစ်သည်။

ဟိုချီမင်းမြို့မှ ၂ နာရီခန့် ကားဖြင့်ထွက်လိုက်လျှင် Cu Chi Tunnels သို့ရောက်သည်။ ထိုနေရာသည် ဗီယက်နမ်စစ်ပွဲခေတ် ဗီယက်ကောင်းတို့ မြေအောက်လိုဏ်ခေါင်းများဖြင့် စစ်ဆင်ခဲ့သည့် နေရာဖြစ်သည်။ ထိုနေရာတွင် တစ်ခေတ်က ဗီယက်နမ်ကွန်မြူနစ်များ အမေရိကန်တို့ကို အဘယ်ကြောင့် အနိုင်တိုက်နိုင်ခဲ့သနည်းဆိုသည့် ပြကွက်များကိုတွေ့မြင်ရမည်။ ထိုနေရာသို့ ဝင်ကြည့်ရန်အတွက် ဗီယက်နမ်ဒေါင် နှစ်သိန်းနီးပါးပေးရသည်။ 

ဟိုချီမင်းမြို့သည် စီးပွားရေးမြို့တော်ကြီးဖြစ်နေပြီး ရင်းနှီးမြှုပ်နှံသော နိုင်ငံခြားသားများ၊ ဟိုတယ် ကြီးများ၊ စားသောက်ဆိုင်ကောင်းကောင်းများ ပိုပြီးပေါများသည်။ ပြတိုက်များ၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ အစားအသောက်ကောင်းများ၊ လည်ပတ်စရာများ ပေါများသောကြောင့် ဟနွိုင်းနှင့် ဟိုချီမင်းမည်သည့် မြို့ကို ရွေးရမည်နည်းဆိုသော် ဟိုချီမင်းကို ရွေးရန်သာဖြစ်သည်ဟု ဆိုချင်ပါသည်။ 

မိုးစက်

(Ref: VietsenseTravel)