News

POST TYPE

TRAVEL LOG

ကမ္ဘာ့ထူးဆန်းသော သင်္ချိုင်းများဆီသို့
22-Dec-2018



တွဲလောင်းချိတ်ထားသော အခေါင်းများ

ဖိလစ်ပိုင်နိုင်ငံ ဆာဂါဒါအရပ်သည် တောင်ကုန်း ထူထပ်သည့်ဒေသတစ်ခုဖြစ်သည်။ ထိုဒေသတွင် နေထိုင်သူများအနေနှင့် သေဆုံးလျှင် ကျောက်တောင်များထဲ တွင်းတူးပြီးထည့်၍မရပေ။ ထို့ကြောင့် အခေါင်းများထဲကို အလောင်းများထည့်ပြီး တောင်စောင်းများတွင် ချိတ်ဆွဲထားလိုက်ရန်သာ ဖြစ်သည်။ အလောင်းများက အခေါင်းများအတွင်း ခြောက်ပြီး အရိုးကျသည်အထိ နှစ်ပေါင်းများစွာ စီမံထားခဲ့ကြသည်။

ထိုအရပ်တွင် လူများသေပါက ပထမဆုံး အိမ်ထဲတွင် လူသေကုလားထိုင်များဖြင့် စီရင်ထားသည်။ လူသေကို ကုလားထိုင်ပေါ်တွင် ထိုင်ခိုင်းထားပြီး အပေါက်ဝတည့်တည့်ကို မျက်နှာချင်းဆိုင်ခိုင်းထားသည်။ သို့မှသာ တက်လာသူများက ထင်ရှားစွာမြင် တွေ့နိုင်မည်ဖြစ်သည်။ ဧည့်သည်များကို ကြိုဆိုရသည့် သဘောဖြစ်သည်။

ထို့နောက် အလောင်းကို ကြိမ်များ သစ်ရွက်များနှင့်ပတ်ပြီး မီးဖုတ်ရသည်။ မီးကျပ်တိုက်ရခြင်းမှာ အလောင်းကို မပုပ်ရန်နှင့် ကြာရှည်စွာထားနိုင်ရန် ဖြစ်သည်။ အလောင်းကို ကျပ်တိုက်ပြီး ကုလားထိုင်ပေါ်တွင် ရက်ရှည်လများထားသည်။ သူ့ကို နောက်ဆုံးခရီး မပို့ဆောင်မီ အိမ်တွင် စိတ်ကြိုက်နေခိုင်းထားသည့် သဘောဖြစ်သည်။

အလောင်းကိုပြင်ဆင်ရာတွင် အမိဝမ်းတွင်းနေသည့်ပုံစံဖြင့် ဒူးကိုကွေးပြီး မေးနှင့်ထိထားရသည်။ ခြေတံ၊ လက်တံများကိုလိုအပ်လျှင်ချိုးထားရသည်။ သို့သော် ထိုဓလေ့ကို ခေတ်လူတွေက သိပ်လက်မခံကြတော့ကြောင်းလည်း တွေ့ရသည်။ 

နောက်ဆုံး အလောင်းကို သစ်ရွက်စိမ်းများဖြင့် ရစ်ပတ်ပြီး စောင်များဖြင့် တစ်ထပ်ထုပ်သည်။ ထို့နောက်တွင်မှ အလောင်းကို သင်္ချိုင်းရှိရာ ကျောက်နံရံများဆီသို့ ယူဆောင်လာကြသည်။ အလောင်းကိုထမ်းစင်ဖြင့် ထမ်းလာပြီး အသုဘပို့သူတွေနှင့် စည်ကားစွာလာကြသည်။ အလောင်းကအရည်များ စီးထွက်လာပြီး သစ်ရွက်ကိုဖြတ်ကာ အလောင်းထမ်းလာသူ ကိုယ်ပေါ်ကျလျှင် ကံကောင်းသည်ဟု ယူဆကြသည်။ 

အလောင်းကို ကျောက်တောင်စောင်းနံရံရှိ အံဝင်မည့်အခေါင်းထဲတွင်ထည့်ကြသည်။ အခေါင်းကို ပြုတ်မကျစေရန် တောင်စောင်းတွင် သံရိုက်ထားတတ်ကြသည်။ အမြင့်ဆုံးနေရာတွင် ထားခြင်းခံရသည့် အခေါင်းသည် လူမျိုးစုတွင် အဆင့်အတန်းကို ဖော်ပြနေသည်။ မြင့်လေ ရာထူး၊ အဆင့်၊ ဂုဏ်ကြီးလေ ဖြစ်သည်။ အမြင့်တွင် အခေါင်းများကိုထားခြင်းဖြင့် ဘိုးဘေးတို့၏ ဝိညာဉ်နှင့်ပိုနီးသည်ဟု ယူဆကြသည်။

ပိတ်ထားသည့်အခေါင်းများကို ခေတ်အဆက်ဆက် ဖွင့်ကြသည့်ထုံးစံများ မရှိကြပေ။ ငယ်ရွယ်စဉ် သေဆုံးလျှင် ကံဆိုးသောကြောင့်ဟု ယူဆကြသည်။ လူမျိုးစုခေါင်းဆောင်များအတွက် အခေါင်းများကို သီးသန့်ကြိုပြီး စီစဉ်ထားလေ့ရှိသည်။ 



မံမီသန်းချီရှိသောသင်္ချိုင်း

အီဂျစ်နိုင်ငံတွင် ထူးဆန်းစွာဖြင့် တည်ရှိနေသည့် ရှေးဟောင်းသင်္ချိုင်းတစ်ခုဖြစ်သည်။ သင်္ချိုင်းအမည်ကို “ကျွဲလမ်း” ဟု အမည်ပေးထားသည်။ အမည်ကိုက ထူးဆန်းစွာဖြင့်တည်ရှိနေခြင်းဖြစ်သည်။ ထိုဒေသတွင် သန်းနှင့်ချီသော မံမီရုပ်အလောင်းများကို တူးဖော်တွေ့ရှိခဲ့ကြသည်။ 

အလောင်းများကို မံမီအသွင်စီရင်ပြီး မြှုပ်ခဲ့ကြခြင်းမှာ ၇ ရာစုနှစ်ကဖြစ်မည်ဟု ခန့်မှန်းရသည်။ အလောင်းများကို အခေါင်းများနှင့်မထည့်ဘဲ မံမီအသွင် စီရင်မြှုပ်ခဲ့သော်လည်း မပျက်မစီးရှိနေသည့် အလောင်းပေါင်းများစွာကို တွေ့ရသည်။ ထိုသင်္ချိုင်းသည် ရှေးခေတ်က ဆင်းရဲသားများအတွက် သီးသန့်မြှုပ်နှံရန် စီစဉ်ပေးထားသည့် နေရာဖြစ်မည်ဟုယူဆရသည်။ ရောမအင်ပါယာလက်အတွင်း ကျရောက် စဉ်ခေတ်က အီဂျစ်အရပ်သားသင်္ချိုင်းဟု ဆိုကြသည်။

ထိုခေတ်က ကြီးကျယ်မြင့်မြတ်သူတို့သည် ခမ်းနားသော အဆောင်အယောင် အဆင်အပြင်များဖြင့် ပိရမစ်ကြီးများအသွင် တည်ဆောက်ကာ မြှုပ်နှံခဲ့ကြသော်လည်း ဆင်းရဲသားများသည် ဖြစ်သလို မြှုပ်နှံခြင်းခံကြရသည်။ သို့သော် ဤနေရာတွင် အဘယ်ကြောင့် အလောင်းတွေကို သန်းချီပြီး တွေ့မြင်ရသနည်းဆိုခြင်းကိုမူ အဖြေရှာနေဆဲဖြစ်သည်။

အလောင်းများကို တူးဖော်ကြည့်ရာတွင် အချို့သော အလောင်းများ၏ အရပ်သည် ၇ ပေခန့်ရှည်သည့် အနေအထားတွင်ရှိနေသည်။ အလောင်းများတွင် ခါးကိုထက်ဝက်ချိုးထည့်ထားသည့် အလောင်းများ၊ ဆံပင် အနီရောင်အလောင်းများကိုလည်း တွေ့ရသည်။ ဆံပင်အနီနှင့် ဆံပင်ရွှေရောင်တို့ကို သီးခြားစီ ခွဲမြှုပ်ထားသည်ကိုလည်း တွေ့ရသည်။ မိသားစုလိုက်ဖြစ်မည်ထင်ရသော အစုအဝေးလိုက် မြှုပ်ထားသည်လည်းရှိသည်။



ပလိပ်သင်္ချိုင်း

၁၆၆၅ ခုနှစ်က အင်္ဂလန် အိုင်ရမ်ဒေသရှိ ကျေးရွာလေးတစ်ခုတွင် အပ်ချုပ်သမားတစ်ဦးရှိသည်။ သူက လန်ဒန်မှ အထည်ထုပ်ကြီးတစ်ထုပ်ကို မှာလိုက်သည်။ ထိုအထည်ထုပ်ကြီး ရွာကို ရောက်လာချိန်တွင် အထည်ထုပ်က စိုနေကြောင်းတွေ့လိုက်ရသည်။ ထို့ကြောင့် သူကပိတ်စတွေကိုထုတ်ပြီး မီးကင်လေသည်။ အဝတ်တွေကိုထုတ်ပြီး မီးကင်စဉ် အဝတ်များထဲက ပိုးတွေက ခုန်ထွက်ကုန်ကြသည်။ ပလိပ်ရောဂါ ဖြစ်စေမည့် ပိုးတွေက လေသင့်ရာတစ်ရွာလုံးကို ပျံ့နှံ့ကုန်ကြတော့သည်။

နှစ်လအတွင်း အပ်ချုပ်သမားသေသည်။ နောက်ပိုင်း ရွာထဲက ၄၂ ဦး ထပ်သေသည်။ ဘုရားကျောင်းမှ ဘုန်းတော်ကြီးက အနီးအနားရှိရွာများသို့ ပလိပ်ရောဂါပိုးများ မကူးစက်စေရန် ကြံဆောင်သည်။ ထို့ကြောင့် သူတို့တစ်ရွာလုံးကို သီးသန့်အခြားရွာများနှင့် အဆက်အစပ်မလုပ်ရန် ခွဲထားလိုက်သည်။ ဘုန်းတော်ကြီးက သူ့ကို ယုံကြည်လျှင် တစ်ရွာလုံး ဘယ်မှမသွားဘဲ ရွာထဲတွင်သာနေကြရန် ပြောသည်။ ရွာပြင်ကိုထွက်လျှင် သေဒဏ်ပေးမည်ဟု အုပ်ချုပ်သူများကို ကြေညာခိုင်းသည်။

တစ်ရွာလုံးကိုလည်း သူက ခြံစည်းရိုးခတ်လိုက်သည်။ မည်သူမျှ ရွာပြင်မထွက်ရဘဲ ပိတ်ပင်ထားသဖြင့် သေနှုန်းကလည်း များလာသည်။ အချို့ဆိုလျှင် မိသားစုလိုက် အကုန်သေသည်။ မိန်းမတွေက ယောကျာ်းနှင့် ကလေးတွေအတွက် ကျင်းတူးရသည်။ ကျင်းတူးသည့် မိန်းမကလည်း နောက်တစ်နေ့ သေချင်သေသည်။ 

ရွာထဲမှ မာရှယ်ဟိုဝီးဆိုသူသည် ရောဂါအစောဆုံးဖြစ်သူဖြစ်သည်။ သို့သော် သူက မသေပေ။ သူ့ကို ရောဂါပြီးသူအဖြစ် သတ်မှတ်ကြသည်။ သူကသေဆုံး သူများထံမှ ပစ္စည်းများကို သိမ်းယူထားသည်။ ထို ပစ္စည်းတွေက တစ်ဆင့် သူ့ဇနီးနှင့်သားကိုကူးပြီး သေကြပြန်သည်။ 

တစ်ရွာလုံးသေဆုံးသမျှကို ဘုရားကျောင်း သင်္ချိုင်းအတွင်း မြှုပ်ကြသည်။ မာရှယ်ဟိုဝီးကိုယ်တိုင် နောက်ပိုင်း ဘုန်းတော်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ ရွာမှ ထက်ဝက်ခန့်သေဆုံးခဲ့ရသည်။ ဘေးနားရှိ ရွာတွေမှာ ဘုန်းတော်ကြီးကျေးဇူးကြောင့် ကူးစက်ခြင်းမရှိ ချမ်းသာရာရကြသည်။ ယနေ့အထိ ထိုရွာတွင် ဘုရားကျောင်းအတွင်းရှိ သင်္ချိုင်းမှတ်တိုင်ပေါင်းများစွာက ထူးဆန်းစွာဖြင့် သမိုင်းကို ဖော်ပြနေကြသည်။ 



နှစ်သိန်းတစ်ယောက် သင်္ချိုင်း

ဂျပန်နိုင်ငံတွင် ၂၀၀,၀၀၀ နှင့် ၁ ဆိုသည့် အိုကူ နိုအင်သင်္ချိုင်းသည် ထင်ရှားသည်။ ထိုသင်္ချိုင်းတွင် အထိမ်းအမှတ် အုတ်ဂူပေါင်း ၂ သိန်းကျော်ရှိသည်။ သို့သော် အရေးပါသည့်သင်္ချိုင်းကတော့ တစ်ခုသာဖြစ်သည်။ 

ထိုသင်္ချိုင်းကို ကိုဘိုဒိုင်ရှီဆိုသည့် ဘုန်းတော်ကြီးအား မြှုပ်နှံရန် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ကိုဘိုဒိုင်ရှီသည် ရှင်ကျိုဗုဒ္ဓဘာသာဂိုဏ်းကို ထူထောင်သည့် ဘုန်းတော်ကြီးတစ်ပါးဖြစ်သည်။ ဂျပန်ဘာသာရေး သမိုင်းတွင် ထင်ရှားသူတစ်ဦးလည်း ဖြစ်သည်။ သူသည် အနာဂတ်တွင် သူ့ကိုယ်သူ ဘုရားဖြစ်စေရန် လေ့ကျင့်အားထုတ်နေသူဖြစ်သည်ဟု ကြေညာထားသူဖြစ်သည်။

ဂျပန်နိုင်ငံမှ သူ့ကိုယုံကြည်သူများက အနယ်နယ်အရပ်ရပ်မှ သူ့ထံလာပြီး ဖူးကြသည်။ သူတို့က သူတို့ သေဆုံးလျှင် ဘုန်းတော်ကြီးနှင့် အနီးဆုံးနေရာ၌ မြှုပ်နှံစေလိုကြသည်။ ဤသို့ဖြင့် သင်္ချိုင်းနေရာကြီး ဖြစ်မှန်းမသိဖြစ်လာသည်။ 

လူတို့ကို မြှုပ်နှံသည့် အုတ်ဂူတိုင်း၏ရှေ့တွင် မီးအိမ်သဏ္ဌာန်ကျောက်တိုင်လေးများကို ထားရှိသည်။ အုတ်ဂူပေါင်း ၂ သိန်းရှိသည်။ အားလုံးကို တန်းစီပြီးတည်ထားသဖြင့် အလွန်လှပစွာဖြင့် ရှိနေသည်။ ဘုန်းတော်ကြီးက ဘုရားဖြစ်စေရန် ကျင့်ကြံနေသူဖြစ်သောကြောင့် သူနှင့် အနီးဆုံးရှိနေလျှင် လွတ်မြောက်ရန်အနီးဆုံးဖြစ်မည်ဟု ယူဆကြသည်။ 

သင်္ချိုင်းထဲတွင် မီးအိမ်ကျောက်တိုင်ပေါင်း ၁၀,၀၀၀ ရှိပြီး အမြဲမပြတ် မီးထွန်းထားသည်။ ရုပ်တု ငယ်ပေါင်း ၅၀,၀၀၀ ရှိသည်။ အားလုံး နာမည်ကျော် ကြားသူများ၏ ရုပ်တုများဖြစ်သည်။ လူတွေက ဘုန်းတော်ကြီး ကိုဘိုဒိုင်ရှီ အထိမ်းအမှတ်ခန်းမကို လာပြီး ဆုတောင်းဝတ်ပြုကြသည်။ ကျောက်ရုပ်တုရှေ့တွင် မီးထွန်းပြီး ဆုတောင်းလျှင် ဆုတောင်းပြည့်သည်ဟု ယူဆကြသည်။ 

မိုးစက်

(Ref: Strange Cemeteries)