News

POST TYPE

TRAVEL LOG

မြို့ကြီးများပေါ်က ကြောက်စရာခရီး
15-Dec-2018



ကျောင်းအမှတ် ၁၈၆

အမေရိကန်ပြည်ထောင်စု မန်ဟက်တန်အရပ်တွင် အစိုးရကျောင်းတစ်ကျောင်းရှိသည်။ ကျောင်းအမှတ်က ၁၈၆ ဖြစ်သည်။ လူနေရပ်ကွက်ထဲတွင်ရှိပြီး လူမရှိသည့်ကျောင်းအဖြစ် ရပ်တည်နေသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီ ဖြစ်သည်။ ထိုလမ်းထဲတွင် စီးပွားရေးလုပ်ငန်းတွေ ဖွင့်ထားသည်။ ကားတွေလည်း ရပ်ထားသည်။ လူတွေကလည်း လမ်းမပေါ်တွင် အေးအေးဆေးဆေး လမ်းတွေလျှောက်နေကြသည်။ 

သို့သော် ထိုလမ်းထဲတွင် နှစ်ပေါင်း ၄၀ ကျော်တိုင် ပစ်ထားသည့် ကျောင်းအမှတ် ၁၈၆ ကတော့ရှိနေသည်။ ပြတင်းပေါက်များတွင် သစ်ပင်တွေပေါက်နေသည်။ ကျောင်းအခန်းများထဲတွင်လည်း အုတ်ကျိုး၊ အုတ်ပဲ့တွေ ပုံနေသည်။ တိရစ္ဆာန်အသေကောင်တွေကိုလည်း တွေ့ရသည်။ 

ထိုကျောင်းကို ၁၉၀၃ ခုနှစ်ကဖွင့်ခဲ့သည်။ သို့သော် ၁၉၇၀ ပြည့်နှစ်တွင် ပြဿနာပေါ်လာသောကြောင့် ပိတ်လိုက်ရသည်။ ထိုကျောင်းတွင် မီးလောင်လျှင် အကာအကွယ်မရှိ။ တံခါးတွေက အမြဲဖွင့်ထားသည်။ ကျောင်းထဲကို ကလေးတွေ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နိုင်သည်။ 

ကျောင်းကဖွင့်စဉ်ကတည်းက တံခါးမရှိ၊ ဓားမရှိဖြစ်နေသောကြောင့် မိဘတွေကလည်း ကျောင်းထဲဝင်လာပြီး ဓားပြတိုက်ချင်တိုက်သည်။ ဆရာမတစ်ယောက်ဆိုလျှင် ကျောင်းထဲဝင်ပြီး မုဒိမ်းအကျင့်ခံရသည်။ ၁၉၇၂ ခုနှစ်တွင် မီးသတ်ကကျောင်းကို လာစစ်သည်။ မီးလောင်လျှင်အချက်ပေးသည့် ခေါင်းလောင်းက မမြည်။ ထို့ကြောင့် နောက်ဆုံးတွင်ကျောင်းကို ပိတ်လိုက်ရန် ဆုံးဖြတ်လိုက်ပြီး ၁၉၇၅ ခုနှစ်တွင် ပိတ်လိုက်သည်။

၁၉၈၀ ပြည့်နှစ်က ကျောင်းကိုပြန်ဖွင့်ရန် စီစဉ်ကြသေးသည်။ ကလပ်တစ်ခုလာဖွင့်ရန် ကြိုးပမ်းကြခြင်းဖြစ်သည်။ သို့သော် ကျောင်းက ဖြိုချပြီး အသစ်ပြန်ဆောက်မှ ရမည့်အနေအထားဖြစ်သည်။ သို့သော် ဖြိုချပြန်ဆောက်ရန် ဆိုသည်မှာ ကုန်ကျစရိတ်များလွန်းပြီး ပိုင်ရှင်ကလည်း မလုပ်နိုင်ဖြစ်နေသည်။ ထို့ကြောင့် ထိုအဆောက်အအုံကြီးမှာ မြို့ထဲရှိ မြို့ပျက်ကြီးတစ်ခု လိုဖြစ်နေပြီး စိတ်ဝင်စားသူတွေက သွားလည်ကြသည်။ 



ညီအစ်ကိုကျွန်း

နယူးယောက်မြို့အရှေ့ဘက်မြစ်ကမ်း၊ မန်ဟက်တန်မှ ဒသမ ၃ မိုင်ခန့်သာ ကွာဝေးသည့်နေရာ၌ ရှိသည့် ငှက်တို့စံပျော်ရာ ကျွန်းအဖြစ်ထင်ရှားသော North Brother Island ကျွန်းဖြစ်သည်။ ၁၈၈၀ ပြည့်နှစ်ခန့်က လူတွေ ကူးစက်ရောဂါများ ဖြစ်ပွားကြသည်။ ရောဂါဖြစ်နေသူများကို ထိုကျွန်းသို့ပို့ပြီး ကမ်းခြေရှိ ဆေးရုံတစ်ရုံတွင် ထားကြသည်။ မြစ်ကမ်းဆေးရုံကြီးတွင် တစ်ချိန်က မေရီတိုက်ဖွိုက်ရောဂါခံစားရသူတွေ ပြည့်နေသည်။ ၁၉၃၈ ခုနှစ်လောက်ဆီက အသေအပျောက် အများဆုံးရောဂါဖြစ်ပြီး နောက်ပိုင်းရောဂါပျောက်သော်လည်း ပစ်ထားခဲ့ရာမှ ဒုတိယကမ္ဘာစစ်က စစ်ပြန်များကို သွားထားသည့် ကျွန်းဖြစ်သွားသည်။ အထူးသဖြင့် မူးယစ်ဆေးစွဲသူများကိုလည်း ထိုကျွန်းသို့ပို့ကြသည်။ ၁၉၆၄ ခုနှစ်က ထိုကျွန်းတွင် နောက်ဆုံးလူနေခဲ့ပြီး ပိတ်ထားခဲ့သည်မှာ ကြာခဲ့ပြီ။

သို့သော် စက်တင်ဘာနှင့် မတ်လများအတွင်း ထိုကျွန်းသို့ လူတွေသွားကြသည်။ ထိုအချိန်တွင် ငှက်တွေက ကျွန်းကိုလာပြီး အသိုက်ဆောက်ကြသောကြောင့်ဖြစ်သည်။ ယခုအခါ ကျွန်းပေါ်ရှိ အဆောက်အအုံများမှာ လူများစွန့်ပစ်ထားခြင်း ခံရသောကြောင့် သစ်ပင်နှင့် ချုံနွယ်များကြားထဲတွင် ရောက်နေကြပြီ။ ကျွန်းပေါ်ရှိ အုတ်၊ သစ်သား အဆောက်အအုံမှန်သမျှ ကြောက်စရာဖြစ်နေသည်။ ကျောင်းတစ်ကျောင်း၏ ကြမ်းပြင်ပေါ်တွင် စာအုပ်တွေ ပျံ့ကျဲနေသည်ကို ယနေ့တိုင်တွေ့ရသေးသည်။ ထိုအဆောက်အအုံလည်း ချုံနွယ်တွေဖုံးလုလု ဖြစ်နေသည်။

ခရစ္စတိုဖာပေနီဆိုသည့် ဓာတ်ပုံဆရာတစ်ယောက်သည် ထိုကျွန်းကိုသွားပြီး အဘယ်ကြောင့် လူတွေ စွန့်ခွာသွားကြသနည်းဆိုခြင်းကို “လူတွေစွန့်ခွာသွားသောဂြိုဟ်”ဆိုပြီး ဓာတ်ပုံတွေနှင့် ထုတ်ပြလိုက်သဖြင့် စိတ်ဝင်စားစရာဖြစ်လာသည်။ နယူးယောက်မြို့နှင့် ဟိုဘက် သည်ဘက်ဖြစ်ကာ အနီးဆုံးဖြစ်သော်လည်း လူတွေဘာကြောင့်မလာရသနည်းဆိုခြင်းကို သူပြောထားသည်က ရှင်းရှင်းလေးဖြစ်သည်။ “သရဲခြောက် သည်” ဆိုသည့်စကားက လူတွေကို စိတ်ဝင်စားစရာဖြစ်သည်။



သောင်းကျန်းသူ ၃၀၀

မက္ကဆီကိုနိုင်ငံမြို့တော်ထဲတွင် Insurgentes 300 ဆိုသည့် အဆောက်အအုံကြီးတစ်ခုရှိသည်။ ထို အဆောက်အအုံကြီးသည် အမည်နှင့်လိုက်အောင် သောင်းကျန်းသူတွေ ခိုလှုံနေသည့် နေရာတစ်နေရာ ဖြစ်နေသည်။ အဆောက်အအုံကြီးက မားမားမတ်မတ် ရပ်တည်နေသော်လည်း ဘယ်ဘက်ကကြည့်ကြည့် စုတ်ပြတ်နေသည်။ 

ထိုအဆောက်အအုံကြီး၏ အခြားအမည်မှာ “ကနေဒါ” ဖြစ်သည်။ အမြင့်ပေ ၁၀၀ ရှိသည်။ အပြင်ကကြည့်လျှင် စုတ်ပြတ်နေပြီး မှန်တွေကွဲသည့်နေရာက ကွဲ၊ မရှိသည့်နေရာကမရှိ ဟောင်းလောင်းဖြစ်နေသည်။ သို့သော် အထဲတွင် လူတွေရှိနေသည်။ ရိုးရိုးလူတွေမဟုတ် ရာဇဝတ်မှုပေါင်းစုံကို ကျူးလွန်သူတွေ ခိုအောင်းနေထိုင်ရာ နေရာဖြစ်သည်။ ရှေ့နေများမှသည် ပြည့်တန်ဆာ၊ မူးယစ်ဆေးရောင်းသူတွေအထိ အားလုံးရှိသည်။ 

ထိုနေရာတွင် တစ်ချိန်က ရုံးခန်းပေါင်း ၄၂၀ ဖွင့်ခဲ့သည်။ သို့သော် နောက်ပိုင်း ထက်ဝက်ခန့် လူနေထိုင်ရာ အခန်းများဖြစ်ကုန်သည်။ ၁၉၈၅ ခုနှစ်က မြေငလျင်ကြောင့် အဆောက်အအုံကြီးမှာ ၁၀ ဒီဂရီခန့် တိမ်းစောင်းသွားသည်။ ထို့ကြောင့် စွန့်ပစ်ပြေးကြသော်လည်း သောင်းကျန်းသူ ဒုစရိုက်သမားတွေ တက်နေကြသည်။ အာဏာပိုင်တွေက မောင်းထုတ်သော်လည်း ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပြီးနေကြသည်။ အမိန့် ထုတ်ထားပြီး နောက်ထပ် နှစ်ပေါင်း ၃၀ ကျော်နေထိုင်နေကြခြင်းဖြစ်သည်။ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေသည်ကို နှင်မထုတ်နိုင်သည့်အဆုံး သူ့ဘာသာသူ ပြိုကျချိန်ကို စောင့်နေသည်ဟု ဆိုသည်။ 



အသားထုပ်ပိုးစက်ရုံ

၁၈၆၇ ခုနှစ်ကတည်းက ထူထောင်ခဲ့သော အမေရိကန်ပြည်ထောင်စုရှိ Armour & Company သည် အကြီးဆုံး အသားထုပ်ပိုးစက်ရုံကြီးတစ်ခုဖြစ်သည်။ ၂၀ ရာစုနှောင်းပိုင်းတွင် ကုမ္ပဏီပြိုပျက်သွားသော်လည်း စက်ရုံနေရာ ဟောင်းကြီးက ယနေ့တိုင် ထိုးထိုးထောင်ထောင်ဖြင့် ရှိနေသေးသည်။ တက္ကဆက်ပြည်နယ် ဖို့သ်ဝပ်တွင် ယနေ့တိုင် မြို့ပျက်ကြီးတစ်ခုလို တည်ရှိနေသည့် စက်ရုံကြီးကို ၁၉၇၀ ပြည့်နှစ်လောက်က မီးလောင်သွားသေးသည်။ မီးလောင်သွားသော်လည်း စက်ရုံကြီး၏ သံတိုင် သံဘောင်တွေက ရှိနေပြီး အကျဉ်း ထောင်ကြီးတစ်ခုလို ရုပ်ဆိုးစွာကျန်နေသည်။ 

၂၀၀၇ ခုနှစ်တွင် အစောင့်မျှော်စင်ကြီးတစ်ခုကို တည်ဆောက်လိုက်သည်။ ကျန်နေသေးသည့် အဆောက်အအုံတွေကလည်း ရှိနေသေးသည်။ စက်ရုံကြီးကို ပိတ်လိုက်ရသည့် အကြောင်းတစ်ခုတွင် ၁၉၂၀ ပြည့်နှစ်က စက်ရုံပိုင်ရှင် ကိုယ်တိုင် စက်ရုံအလယ်တွင် ကြိုးဆွဲချသေသွားခြင်းကြောင့် ဖြစ်သည်ဟုလည်း ဆိုကြသည်။ ထိုအချိန်ကတည်းက အသားထုပ်ပိုး စက်ရုံတွင် သရဲခြောက်သည်ဆိုပြီး နာမည်ကြီးလာသည်။ 

၁၉၈၀ ပြည့်နှစ်ကလည်း စက်ရုံအတွင်း ကိုယ့်ကိုယ်ကိုယ်သတ်သေမှုများ မကြာခဏဖြစ်လာခဲ့သည်။ ဒေသခံတွေပြောသည့် မကောင်းဆိုးဝါးတွင်းဆိုသည်ကိုလည်း ဘိလပ်မြေတွေလောင်းပြီး ပိတ်ခဲ့ကြပြီး ဖြစ်သည်။ ထိုအသားထုပ်ပိုးစက်ရုံကြီးတွင် တစ်ချိန်က လူပေါင်း ၅,၀၀၀ ခန့် အလုပ်လုပ်ခဲ့ကြသည်။ ၁၉၅၉ ခုနှစ်တွင် ဝက်ပေါက်ခြောက်စားသုံးခြင်းသည် သိပ်ခေတ်မစားတော့သောကြောင့် ပိတ်ခဲ့ရခြင်းဖြစ်သည်။ 

မိုးစက် 

(Ref: Listverse)