News

POST TYPE

TRAVEL LOG

ထူးဆန်းထွေလာ လည်ပတ်စရာ
08-Dec-2018



မိုင်ယာမီနေအတု

မိုင်ယာမီသည် ကမ္ဘာလှည့်ခရီးသည်တို့ စိတ်အဝင်စားဆုံး ကမ်းခြေဒေသတစ်ခုဖြစ်သည်။ ရာသီဥတုက အမြဲလိုလို ပူနွေးနေပြီး သာယာလှပသည့် ကမ်းခြေဖြစ်သောကြောင့်လည်း လာရောက်လည်ပတ်သူ များပြားသည်။ 

မိုင်ယာမီကမ်းခြေကို နေမဝင်သည့် ကမ်းခြေတစ်ခုအဖြစ် ဖန်တီးရန် ကြံစည်စိတ်ကူးနေသူများမှာ ဆွီဒင်နိုင်ငံမှ ဗိသုကာပညာရှင်ဇနီးမောင်နှံဖြစ်သည်။ သူတို့က မိုင်ယာမီကို နေမဝင်အောင်လုပ်မည်ဆိုကာ “မိုင်ယာမီနေ” ဆိုသည့် စီမံချက်ကို အကောင်အထည်ဖော်နေသည်။ 

မိုင်ယာမီနေဆိုသည်မှာ အဆောက်အအုံတစ်ခုဖြစ်ပြီး အမြင့်ပေ ၅၀၀ ခန့်ရှိမည်ဖြစ်သည်။ နေလုံးကြီးကို ထက်ခြမ်းမှောက်ထားသလို တည်ဆောက်မည်ဖြစ်ပြီး ဟိုတယ်နှင့် ကာစီနိုကစားဝိုင်းများ ပါဝင်မည်။ အဆောက်အအုံပြင်ပကို မှန်သားပြင်အခုံးတွေနှင့် ဆောက်ထားပြီး နေ့ခင်းအချိန်တွင် တိုက်ရိုက်နေရောင်ခြည်ဖြင့် ထွန်းလင်းတောက်ပနေကာ၊ ည အချိန်တွင်လည်း ထိုအဆောက်အအုံကြီးကို လှမ်းကြည့်လိုက်လျှင် လမင်းကြီးတစ်ခုလို ထွန်းလင်းနေသကဲ့သို့ မြင်ကြရမည်ဖြစ်သည်။

ထိုအဆောက်အအုံကြီး ပြီးသွားမည်ဆိုလျှင် မိုင်ယာမီကမ်းခြေတစ်ခုလုံးသည် နေ့ခင်းတွင် နေလုံးကြီး၊ ညဘက်တွင် လမင်းကြီးကို ထွန်းလင်းနေသလို အမြဲခံစားတွေ့မြင်ရမည်။ သို့သော် ပေ ၅၀၀ ခန့်မြင့်သည့် အဆောက်အအုံလုံးကြီးက နွေရာသီကာလများတွင် နေအစစ်ကို ကာထားသလိုဖြစ်နေမည်။ ထိုသို့ နေရောင်ကို တိုက်ရိုက်မရခြင်းကိုလည်း UV ရောင်ခြည်များ တိုက်ရိုက်မထိတွေ့နိုင်ဆိုကာ ကမ္ဘာလှည့် ခရီးသွားများ ကြိုက်ကောင်းကြိုက်နိုင်သည်။ နေရောင်နှင့် တိုက်ရိုက်မထိတွေ့လျှင် အသားအရေကို ပျက်စီးမှုနည်းပါးသွားနိုင်သည်။ 

မိုင်ယာမီတွင် နေထိုင်သူတွေကတော့ သဘာဝတရားကို ပိတ်ပင်တားဆီးမည့် လုပ်ငန်းတစ်ခုဖြစ်နေသောကြောင့် သိပ်ပြီး လက်မခံချင်ကြပေ။ မိုင်ယာမီ၏ အလှကို နေအတုက လွှမ်းမိုးဖျက်ဆီးလိုက်မည်ကို သူတို့ကြောက်နေကြသည်။ 



လေပေါ်ဟိုတယ်

ကြီးမားသော လေသင်္ဘောကြီးတစ်စင်းဖြင့် ကောင်းကင်ပေါ်တွင် ပျံသန်းသည့်စိတ်ကူးကို Hinden-burg ဖြင့် ဒုတိယကမ္ဘာစစ်မတိုင်မီကတည်းက စိတ်ကူးအကောင်အထည်ဖော်ခဲ့ကြသည်။ သို့သော် ထိုလေသင်္ဘောကြီးက ပေါက်ကွဲသွားဖြင့် စိတ်ကူးတွေကို အကောင်အထည်မဖော်နိုင်အောင် ဖြစ်ခဲ့ကြသည်။ လေသင်္ဘောတည်ဆောက်ခြင်းကို လူတွေက စိတ်မဝင်စားတော့ဘဲ ဂျက်လေကြောင်းခေတ်တစ်ခေတ်ကို ထူထောင်ပြီး နှစ်ပေါင်းများစွာ ကျေနပ်နေခဲ့ကြသည်။

ယခုနှစ်ပိုင်းတွင် တီထွင်သူများသည် Hinden-burg ကဲ့သို့သော လေသင်္ဘောကြီးများကို ပြန်လည်တည်ဆောက်မှုများ လုပ်လာကြောင်းတွေ့ရသည်။ ထိုတည်ဆောက်သူများထဲတွင် အီဂါပတ်စ်တာနက်၏ လေပေါ်ဟိုတယ်ဆိုသော စီမံကိန်းက အကြီးကျယ်ဆုံးဖြစ်မည်ထင်သည်။ သူက ကောင်းကင်ဟိုတယ်ဖြင့် ကမ္ဘာပတ်မည့် အစီအစဉ်ကို အကြံကြီးစွာဖြင့် လုပ်ကိုင်နေခြင်းဖြစ်သည်။

Aerocraft ဆိုသည့် မိုးပျံဟိုတယ်ကြီးသည် ပေပေါင်း ၆၅၀ ခန့် အရှည်ရှိမည်ဖြစ်သောကြောင့် ကမ္ဘာ့အကြီးဆုံး လေသင်္ဘောကြီးတစ်ခုအဖြစ် စံချိန်တင်နိုင်မည်ဖြစ်သည်။ အမြင့်မှာ ပေ ၁၆၀ ခန့်ရှိသည်။ Aerocraft ကို တစ်နာရီလျှင် ၁၇၅ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်မည်ဖြစ်သည်။ အမေရိကပြည်နယ် ၁၈ ခု ကိုဖြတ်ပြီး ၁၈ နာရီအတွင်း အရောက်ပို့နိုင်သည်။ 

ထိုခရီးစဉ်သည် ကြာလွန်းသည်ဟု ထင်စရာရှိသော်လည်း ကောင်းကင်ထက်မှ ပျော်စရာရွှင်စရာ အစီအစဉ်များနှင့် သွားရမည်ဖြစ်သဖြင့် ပျင်းစရာကောင်းမည်မဟုတ်ပေ။ Aerocraft သည် ခရီးသည် ၂၅၀ ဦးအထိ တင်ဆောင်သွားနိုင်သည်။ အတွင်းပိုင်းတွင် အိပ်ခန်းများ၊ ဘားဆိုင်၊ နားနေခန်း၊ ကာစီနို၊ စည်းဝေးခန်းတို့အပြင် အခြားမိမိတို့စိတ်ကြိုက် စီစဉ်ပေးနိုင်မည့် အစီအစဉ်များလည်းရှိသည်။ တစ်နည်းပြောရလျှင် လေပေါ်ဟိုတယ် တစ်ခုအနေနှင့် ကောင်းစွာ အပန်းဖြေရင်း လိုက်ပါသွားနိုင်မည့် အစီအစဉ်သစ်ဖြစ်သည်။

ပက်စ်တာနက်သည် ထိုလေသင်္ဘောဟိုတယ်ကြီးကို စတင်တည်ဆောက်နေပြီဖြစ်သည်။ သူ့လုပ်ငန်းအပေါ် ရင်းနှီးမြှုပ်နှံပြီး ငွေထည့်ဝင်သူတွေလည်း များလာသည်။ လာရောက်ရင်းနှီးမြှုပ်နှံသူများထဲတွင် အမေရိကန်ကာကွယ်ရေးဌာနပင်ပါသည်။ ထိုလေသင်္ဘောကြီးက ခရီးသည်များသာမက စစ်ရေးအတွက်ပါ အသုံးချနိုင်သောကြောင့်ဖြစ်သည်။ 

၂၀၁၃ ခုနှစ်က Aerocraft ၏ ထက်ဝက် ပမာဏခန့်သာရှိသော လေသင်္ဘောတစ်စင်းကို တည်ဆောက်ခဲ့ကြသေးသည်။ Dragon Dream ဟု အမည်ပေးထားသည်။ သို့သော် Aerocraft သည် မိုးပျံဟိုတယ်စီမံကိန်း ဖြစ်နေသောကြောင့် ပိုပြီးစိတ်ဝင်စားနေကြသည်။



ဒစ္စနေးဆိပ်ကမ်း

ယနေ့ ဂျပန်နိုင်ငံတွင် ဒစ္စနေးပင်လယ် (Disney Sea) ဆိုသည့် ရေကြောင်းဥယျာဉ်ကြီးတစ်ခုကို တည်ဆောက်လျက်ရှိသည်။ ယင်းစီမံချက်သည် ကာလီဖိုးနီးယားရှိ ဒစ္စနေးဥယျာဉ်ကြီး၏ အစိတ်အပိုင်းတစ်ခုအနေနှင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိသူနည်းသည်။ 

DisneySea ကို ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်းလောက်ကတည်းက တည်ဆောက်နေခြင်းဖြစ်သည်။ ဒစ္စနေးဆိပ်ကမ်းကို တည်ဆောက်ရန် Long Beach အရပ်တွင် အိမ်ရာများကို ဒစ္စနေးက ဝယ်ယူခဲ့ပြီးမှ ရေကြောင်းဥယျာဉ်ကြီးကို တည်ဆောက်ရန် စီမံချက်များချခဲ့ခြင်းဖြစ်သည်။

ဒစ္စနေးသည် Long Beach တွင် အိမ်ရာများဝယ်ပြီးနောက် Long Beach ဆိုသည့် သင်္ဘောကြီးတစ်စင်းနှင့် Spruce Goose ဆိုသည့် လေယာဉ်ကြီးတစ်စင်းကိုပါ ဝယ်လိုက်သည်။ ယင်းသည် ဒစ္စနေးဆိပ်ကမ်း စီမံကိန်းအတွက် အဓိကကျသည့် လုပ်ငန်းများတွင် ပါဝင်သည်။ 

ဒစ္စနေးက Queen Mary သင်္ဘောကြီးကို ဆိပ်ကမ်းတွင် ကြယ်ငါးပွင့်ဟိုတယ်ကြီးအဖြစ် ပြောင်းလဲလိုက်သည်။ ဒစ္စနေးတွင် အခြားအပျော်စီး သင်္ဘောပေါင်းများစွာလည်း ပါဝင်ပြီး ပင်မသင်္ဘောကြီးက ထိုသင်္ဘောများကို အထောက်အပံ့ပေးမည်ဖြစ်သည်။ အနာဂတ်တွင် အကောင်အထည်ပေါ်လာမည့် ပင်လယ်ဥယျာဉ်ကြီးအတွက် ထိုသင်္ဘောများနှင့် ဆိပ်ခံများက အထောက်အကူဖြစ်မည်။

ရေကြောင်းဥယျာဉ်ကြီးအတွက် အမိုးခုံးအဆောက်အအုံကြီး ငါးခုကို တည်ဆောက်မည် ဖြစ်သည်။ ထိုအဆောက်အအုံများထဲတွင် ပင်လယ်ရေကြောင်းဆိုင်ရာ ပြခန်းများကို ထည့်သွင်းပြသသွားမည်ဖြစ်ပြီး ရေအောက်ကမ္ဘာ၊ ရေအောက်ပြတိုက်၊ ရေအောက်ခရီးတို့အပြင် ရေအောက်ထဲတွင် သံလှောင် အိမ်ထဲဝင်ကာ ငါးမန်းများကို လေ့လာနိုင်မည့် အစီအစဉ်များကိုလည်း ထည့်သွင်းထားသည်။ အဏ္ဏဝါဇီဝဗေဒဆိုင်ရာ ပညာရပ်များကို လေ့လာလိုသူများအတွက် များစွာအထောက်အကူဖြစ်စေမည့် ရေအောက်သုတေသနဌာနကြီး အဖြစ်လည်း ပေါ်ထွန်းလာစေရန် လုပ်ဆောင်နေသည်။

ထိုစီမံကိန်းသည် အလွန်စိတ်ဝင်စားစရာကောင်းသော်လည်း Long Beach အရပ်က ဆန့်ကျင်ကန့်ကွက်နေမှုများကို ရင်ဆိုင်နေရသည်။ ကမ်းခြေရှိ မိုးပျံအဆောက်အအုံများသည် ဒစ္စနေးတွင်လက်ရှိဆောက်ထားသည့် အဆောက်အအုံများထက်မြင့်မည်ဖြစ်သောကြောင့် ကန့်ကွက်မှုများရှိနေခြင်းဖြစ်သည်။ 

DisneySea စီမံချက်သည် တိုကျိုတွင် ဒစ္စနေး၏ အစိတ်အပိုင်းတစ်ခုအနေနှင့် အကြီးအကျယ်တည်ဆောက်နေသည်။ ဂျပန်နိုင်ငံရောက်လျှင် လည်ပတ်စရာ နေရာတစ်ရာတိုးလာမည့်အပြင် စိတ်ကျေနပ်ဖွယ်ရာခံစားရမည်ဖြစ်သည်။ 

မိုးစက်

(Ref: Fascinating Proposed Tourist Traps, Travel)