News

POST TYPE

TRAVEL LOG

အန္တရာယ် ခရီးကြမ်းများ
01-Dec-2018


ချာနိုဘယ် အပယ်ခံဒေသခရီး

ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော အဏုမြူ ကပ်ဘေးသင့်ခံဒေသသို့ ခရီးဖြစ်သည်။ ချာနိုဘယ် (Chernobyl) နျူကလီးယား ဓာတ်ပေါင်းဖိုဒေသ သည် ယူကရိန်းနိုင်ငံမြောက်ပိုင်းတွင်ရှိပြီး ထိုဒေသ တွင် ၁၉၈၆ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က နျူကလီးယားဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ကာ ပိတ်ခဲ့ရသည်။

ယနေ့ ချာနိုဘယ်အပယ်ခံခရီးကို ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားလျက်ရှိနေကြသည်။ သူတို့ က ထိုဒေသသည် မည်မျှကြောက်စရာကောင်းခဲ့ ကြောင်း၊ အဘယ်ကြောင့် စွန့်ပစ်ခဲ့ရကြောင်းများကို စူးစမ်းလေ့လာချင်ကြ သောကြောင့် သွားရောက်လို ကြခြင်းဖြစ်သည်။ သို့သော် ထိုဒေသသည် အပြည့်အဝ လုံခြုံပြီဟု အာမ မခံနိုင်သေးသည့် နေရာတစ်နေရာ ဖြစ်သည်။ မည်မျှအန္တရာယ်ရှိနေကြောင်းလည်း တိကျစွာ ထုတ်ပြန်မထားသောကြောင့် မသိနိုင်သည့် နေရာတစ် နေရာဖြစ်သည်။ 

လွန်ခဲ့သော နှစ်များအတွင်း ရေဒီယိုဓာတ်သတ္တိ ကြွမှုများပျက်ပြီဟု အစိုးရကပြောပြီး ကမ္ဘာလှည့် ခရီးသွားများကို အစိုးရက လာခွင့်ပြုခဲ့သည်။ သို့သော် ထိုဒေသတွင် ကန့်သတ်ချက်များနှင့် သွားကြရသည်။ ဆေးလိပ်သောက်ခြင်း၊ အစားစားခြင်း၊ ရေသောက် ခြင်းတို့ကို ပြင်ပတွင် ခွင့်မပြု။ ထို့ပြင် အဆောက်အအုံ များ၊ သစ်ပင်များကို ထိတွေ့ကိုင်တွယ်ခြင်းတို့ကိုလည်း တားမြစ်ထားသည်။ မျက်နှာများကို မျက်နှာဖုံးများ ဖြင့် သွားခွင့်မပြု။ ပုံမှန်အတိုင်း မြို့ပျက်ကြီးထဲတွင် လျှောက်ကြည့်နိုင်သည်။ 

ချာနိုဘယ်ခရီးကို Website ပေါ်တွင် တင် ထားသည်။ ရေဒီယိုဓာတ်သတ္တိကြွမှုသည် စိုးရိမ်စရာ မရှိဟု ဆိုထားသည်။ ခရီးသွားဧည့်သည်များ အနေ နှင့် ထိုဒေသကို သွားလာရင်း နာမကျန်းဖြစ်စေနိုင် သည့် အကြောင်းမရှိဟုလည်းဆိုထားသည်။ သို့သော် ဓာတ်ရောင်ခြည်သင့်ခြင်း မဖြစ်နိုင်ဟု ရဲဝံ့စွာ အာမခံ ထားခြင်းမရှိပေ။ သွားလည်ပတ်နေသည့် စူးစမ်းလိုသူ တွေကတော့ သွားနေကြသည်။



ချော်ရည်လှေစီးခရီး

မီးတောင်က ထွက်အံကျလာသည့် ချော်ရည် များ စီးဆင်းမှုကိုကြည့်ရင်း စိတ်လှုပ်ရှား ရင်ခုန်ရမည့် ခရီးဖြစ်သည်။ ပင်လယ်ထဲသို့ မီးတောက်နေသည့် ချော်ရည်များ စီးကျလာမှုကို အနီးကပ်ရှုမြင်နိုင်မည် ဖြစ်သည်။ ဟာဝိုင်ရီကျွန်းတွင် ချော်ရည်ကြည့် လှေစီး ခရီးစဉ်တစ်ခုကို စီစဉ်ပေးထားသည်။ တဖျစ်ဖျစ်နှင့် စီးကျသံများအပြင် အပူရှိန်လာဟပ်သည်ကိုပါ ခံစား နိုင်သည်။ ကျွန်းပေါ်က ရေထဲသို့ ကျနေသည့် မီးတောက် ရဲရဲတွေကို ကမ္ဘာလှည့် ခရီးသည်တွေက ခံစားရင်း ဓာတ်ပုံရိုက်ကြသည်။

ချော်ရည်ပူတို့သည် သဘာဝအရ အလွန် အန္တရာယ်များသည်။ ထိုချော်ရည်များအနီးသို့ ကပ်ရ သည်မှာ မိုက်မဲသည့် စွန့်စားမှုတစ်ရပ်ဟုဆိုရမည်။ ထိုစွန့်စားမှုကိုပင် စိတ်ဝင်စားသူတွေကများနေသည်။ ယခင်က ထိုခရီးသည် အန္တရာယ်များသော်လည်း တစ်ကြိမ်မှ ပြဿနာမပေါ်သေးဟုဆိုသည်။ 

၂၀၁၈ ခုနှစ် ဇူလိုင်လကတစ်ကြိမ် ချော်ရည် တွေက ပန်းထွက်ပြီး လှေပေါ်ကို မိုးဖွားတွေလို ကျလာ ဖူးသည်။ အမိုးပေါက်ပြီး ချော်ရည်တွေက ခရီးသွား ဧည့်သည်တွေပေါ်ကျကာ ၂၃ ဦး ဒဏ်ရာရဖူးသည်။ ထိုသို့ အန္တရာယ်ရှိသည်ဆိုသော်လည်း ကမ်းခြေစောင့် တပ်က ပို့ပေးသည့် သင်္ဘောဖြင့် ယနေ့တိုင် သွားလာ နေကြဆဲဖြစ်သည်။ 



သေလမ်းခရီး

ဘိုလစ်ဗီးယားနိုင်ငံ ယန်းဂက်စ်လမ်းကို “သေမင်းလမ်းမကြီး” ဟုခေါ်ကြသည်။ ကမ္ဘာပေါ်တွင် အန္တရာယ် အရှိဆုံး လမ်းအဖြစ်လည်း သတ်မှတ်ကြသည်။ နှစ်ပေါင်းများစွာအတွင်း အသက်ဆုံးရှုံးခဲ့သူတွေ လည်းမနည်း။ သို့သော် ယနေ့တိုင်လာရောက်လည်ပတ်နေသူတွေလည်း စည်ကားနေဆဲဖြစ်သည်။ 

အတွေ့အကြုံ အသစ်အဆန်းနှင့် ထိတ်လန့် သဲဖိုခြင်းကို မြတ်နိုးသည့် စွန့်စားလိုသူတွေက ဤနေရာ လာကြသည်။ အန္တရာယ်ခရီးလမ်းကို သူတို့စမ်းသပ်ချင်နေကြသောကြောင့်ဖြစ်သည်။ အထူးသဖြင့် တောင်တက်လမ်းကို စက်ဘီးဖြင့် ခရီးထွက်ကြရခြင်း ကို နှစ်သက်သူတွေလာကြသည်။ 

ယခုနောက်ပိုင်း အန္တရာယ်ကင်းပြီဆိုသော် လည်း အခက်အခဲကြမ်းတမ်းမှုကို လာစွန့်စားကြ သည်။ တောင်တက် ခရီးလမ်းကြောင်းကို စက်ဘီး နင်းတက်ရမည်က မိုင် ၄၀ ခန့်ရှိသည်။ အချို့သော နေရာ များသည် လမ်းက ကျဉ်းလွန်းပြီး စက်ဘီးကို ထမ်းလျှောက် ရသည့် နေရာများရှိသည်။ စက်ဘီးမစီးနိုင်သည့် နေရာများ ရှိသကဲ့သို့ ကားသွားနိုင်သည့်နေရာ များမှာလည်း မကြာခဏ ပြုတ်ကျကြသည်။ သို့သော် နှစ်စဉ် သေမင်း လမ်းမကို ရောက်လာပြီး စက်ဘီးစီးကာ စွန့်စား နေသူများမှာ ၂၅,၀၀၀ ကျော်ရှိသည်။

သေမင်းလမ်းမခရီးစဉ်အတွက် ခရီးသွားလုပ်ငန်း တွေက အထူးအစီအစဉ်များဖြင့် ဝန်ဆောင်မှုပေးသည်။ အားလုံး သိပ်မထူးခြားလှပါ။ ထူးခြားသည်က အန္တရာယ် သည် ကိုယ့်လက်တစ်ကမ်းတွင်သာရှိနေခြင်းဖြစ်သည်။



အန္တရာယ်ရေလမ်း

ဤခရီးသည် ရေမြင်း၊ မိကျောင်းနှင့် ငါးမန်း တွေကြားတွင် ကယပ်ခေါ် လှေလေးများဖြင့် သွားရ မည့်ရေကြောင်း စွန့်စားခန်းခရီးဖြစ်သည်။ ရေအောက် တွင် ငုပ်နေသော အချိန်မရွေးပေါ်လာနိုင်သည့် သားစား တိရစ္ဆာန်များကြားတွင် လှေလှော်ပြီးသွားရမည့် ခရီး မှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ တောင်အာဖရိက နိုင်ငံ၊ စိန့်လူစီယာ အက်စ်တော်ရီမြစ်ကြောင်း တစ် လျှောက် ခရီးစဉ်ဖြစ်သည်။ သဘာဝတရားကြီးကို အနီးကပ်ခံစားလိုသူများအတွက် အလွန်ကောင်း သည့် လမ်းကြောင်းလည်းဖြစ်သည်။ လူသားစား တိရစ္ဆာန်ပေါင်းစုံအပြင် အလွန်လှပသည့် ငှက်မျိုးစုံ ကိုလည်း မြစ်ကြောင်းတစ်လျှောက်တွင် တွေ့နိုင်ပါ သည်။

ခရီးစဉ်က စွန့်စားရမည့်ခရီးဖြစ်သဖြင့် အသက် အန္တရာယ် လုံခြုံပါမည်ဟု မည်သူမှ အာမခံမည် မထင်ပါ။ လမ်းခရီးတစ်လျှောက် လှေငှား၊ လမ်းပြငှားပြီး အန္တရာယ်တောထဲကို သွားရမည်ဖြစ်သည်။ သို့သော် လိုက်ပို့သူတွေက အတိုက်အခိုက်တွေကို ခံထားရပြီး သည့် အတွေ့အကြုံကောင်းရှိသူတွေ ဖြစ်နိုင်ပါသည်။ ရရှိမည့် အကျိုးတရားမှာ ကယပ်လှေတွေကို လှော်ခတ်နိုင်မည်။ ကျန်းမာရေးကောင်းမည့် လေကောင်း လေသန့်တွေ ရှူနိုင်မည်။ သို့သော် ရေအောက်က ထိုးတက်လာမည့် အန္တရာယ်ကိုတော့ ကြည့်ရှောင်နိုင်မှရမည်။ ရင်ဖိုစိတ်လှုပ်ရှားစွာဖြင့် သွားရမည်မှာ သေချာသည်။

မိုးစက်

(Ref: Travel and Leisure)