News

POST TYPE

TRAVEL LOG

ကမ္ဘာ့ထူးဆန်းအံ့ဖွယ်ရာများ
10-Nov-2018



သဲကန္တာရထဲက လက်ကြီး

အတာကာမာ သဲကန္တာရသည် ကမ္ဘာပေါ်တွင် အခြောက်သွေ့ဆုံးနှင့် လူသူအရောက်အပေါက်နည်းသည့် သဲကန္တာရတစ်ခုအဖြစ်ထင်ရှားသည်။ ဆယ်စုနှစ်ပေါင်းများစွာ မိုးရေနှင့် လုံးဝမထိတွေ့ဖူးသော နေရာများ ယနေ့တိုင်ရှိနေသေးသည်။ ခြောက်သွေ့လွန်းသော သဲကန္တာရကို ထူးဆန်းသည့် လက်ကြီးတစ်ဖက်ကြောင့် လာရောက်လည်ပတ်သူတွေလည်း ထူးဆန်းစွာရှိနေသည်။ 

သဲကန္တာရကြီးအလယ်တွင် ၁၁ မီတာ (၃၆ ပေ) ခန့်မြင့်သော လက်ဝါးပြင်ကြီးကို လာပြီးထွင်းထုထား သူမှာ ပန်းပုပညာရှင် မာရီယို အီရာရဇဘဲလ်ဖြစ်ပြီး ထူးဆန်းသည့်စိတ်ကူးဖြင့် လာရောက်ပုံဖော်ထားခြင်း ဖြစ်သည်။

ထို သဲထဲမြုပ်နေသည့် လက်ဝါးတစ်ဖက်သည် ချီလီနိုင်ငံတွင် စစ်အာဏာရှင်တို့ စိုးမိုးခဲ့သည့် ခေတ်ကာလက တရားမမျှတစွာဖြင့် ပြည်သူတွေကို ဖိနှိပ်ချုပ်နှောင်ခြင်း၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့ခြင်းများကို ကိုယ်စားပြု ပုံဖော်ထားခြင်းဖြစ်သည်။ အာဏာရှင်တို့၏ ရက်စက်မှုအပေါင်းကို အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ဖြင့် ကျော်လွှားအောင်မြင်နိုင်ခဲ့သည့် အထိမ်းအမှတ်ဖြင့် သဲကန္တာရထဲတွင် ထိုးထွက်နေသော လက်တစ်ဖက်ကို ဂုဏ်ပြုတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

နေရာဒေသသွားရောက်ရန်မလွယ်။ သူရဲကောင်းများအား ဂုဏ်ပြုပြီး ထူထောင်ထားသည့် လက်ပေါ်တွင် ဂရပ်ဖီတီအနုပညာရှင်တွေက ဆေးတွေကိုမှုတ်ပြီး လုပ်ချင်သလိုလုပ်ထားသည်။ ချီလီ၏ အညတရ သေဆုံးသူတွေကို ဂုဏ်ပြုခဲ့သည့်လက်ကြီးမှာ သဲကန္တာရထဲတွင် ပစ်ပယ်ထားခြင်း ခံနေရဆဲဖြစ်သည်။



ကလေးစားရေပန်း

၁၅၄၅ ခုနှစ်က ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့တော်ကောင်စီက ဟန်းစ်ဂျင်းဆိုသူကို ရုပ်တုကြီးတစ်ခု တည်ဆောက်ရန် တာဝန်ပေးခဲ့သည်။ မြို့လယ်ရှိ နှစ်ပေါင်း ၁၀၀ ခန့်သက်တမ်းရှိပြီး ပျက်စီးနေသည့် ရေပန်းနေရာတွင် ရုပ်တုတစ်ခုကို တည်ဆောက်ရန်ဖြစ်သည်။ ယခင်က မည်သည့်ရည်ရွယ်ချက်ဖြင့် ဤနေရာတွင် ရေပန်းလုပ်ခဲ့သည်မသိ။ ဘန်းက ထိုနေရာတွင် ရုပ်တုတစ်ခုကို တည်ဆောက်လိုက်သည်ကတော့ ထူးဆန်းသည်ဟု ဆိုရမည်။

ရုပ်တုကြီးက ကလေးတစ်ယောက်ကို ဝါးစား ရန်ပြင်နေသည်။ အခြားကလေးတွေကိုလည်း လက်နှင့်လည်း ဖမ်းထား၊ အိတ်ထဲလည်းထည့်ထားသေးသည်။ အိတ်ထဲတွင် ကလေးတွေအပြည့်ပုံကို ထုလုပ်ထားခြင်းဖြစ်သည်။

ထိုရုပ်တုကို မည်သည့်ရည်ရွယ်ချက်နှင့် တည်ဆောက်မှန်းမသိရသော်လည်း ငိုနေသည့် ကလေးများကို ဘန်းမြို့ထဲ မခေါ်လာနှင့်။ ခေါ်လာလျှင် လူ့ဘီလူးကြီး ရောက်လာပြီး ဖမ်းဆီးကာ ဝါးစားလိမ့်မည်ဟု ပြောကြသည်။

ထိုရေပန်းကို ဘီလူးရေပန်းဟုခေါ်ကြသည်။ ကလေးစားရေပန်းဟူ၍လည်း ခေါ်သေးသည်။ ကျိန်စာ တိုက်ထားသည့် နေရာဟူ၍လည်း ပြောကြသည်။ ဒေသခံတွေ ပြောစကားအရ ဤရေပန်းတွင် ခရစ္စမတ်ညဆိုလျှင် ဝိုင်တွေထွက်လာတတ်သည်ဟုဆိုသည်။ သို့သော်ထိုဝိုင်တွေကို သောက်လိုက်လျှင် မကောင်းဆိုးဝါးတွေက ဝင်ရောက်ပူးခြင်းခံရမည်။ ကလေးတွေကို စားချင်စိတ်ဖြစ်လာလိမ့်မည်ဟု ဆိုကြသည်။



လီရှန်းဗုဒ္ဓရုပ်တုကြီး

ကမ္ဘာ့အကြီးဆုံး ရှေးဟောင်းဗုဒ္ဓရုပ်တုကြီးအဖြစ် ထင်ရှားသည်။ တရုတ်နိုင်ငံ စီချွမ်းနယ် လီရှန်းဒေသတွင် ရှိသောကြောင့် လီရှန်းဗုဒ္ဓရုပ်တုတော်ကြီးဟူ၍ပင် ခေါ်ဝေါ်ကြသည်။ အမြင့် ၂၃၃ ပေရှိသည့် ကျောက်နံရံကို ထွင်းထုထားသော ရုပ်တုကြီးဖြစ်ပြီး ကမ္ဘာပေါ်တွင်အကြီးဆုံးနှင့် လက်ရာအမြောက်ဆုံး ရုပ်တုကြီးအဖြစ်လည်း ထင်ရှားသည်။

ဗုဒ္ဓရုပ်တုကြီးက မြစ်သုံးမြစ်ဆုံရာနေရာကို ကြည့်နေသည်။ ၈ ရာစုခေတ်လောက်ကတည်းက တည်ထားကိုးကွယ်ခဲ့သည်။ ကျောက်သားနှင့် သဘာဝအနေအထားအရ ရှေးဟောင်းအမွေအနှစ်အဖြစ် ကျန်နေခဲ့ရခြင်းမှာ ဗုဒ္ဓဘာသာ၏ တည်ရှိခဲ့ခြင်းအား သမိုင်းကြောင်းအရ တန်ဖိုးရှိစွာ ထောက်ပြနေခြင်းဖြစ်သည်။

ရုပ်တုကြီးကို ဘုန်းတော်ကြီး ဟိုင်တုံဆိုသူက ထုဆစ်ခဲ့ခြင်းဖြစ်သည်။ မြစ်သုံးမြစ်ဆိုင်သည့် နေရာတွင် ဤရုပ်တုကြီးတန်ခိုးကြောင့် တည်ငြိမ်သွားလိမ့် မည်ဟုယူဆပြီး ထုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုရုပ်တုကြီးကို တည်ဆောက်စဉ်က ဒေသဆိုင်ရာ အာဏာပိုင်များကခြိမ်းခြောက်တားမြစ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ 

ဟိုင်တုံက ဘုရားရှင်အပေါ် ယုံကြည်မြတ်နိုးလွန်းသဖြင့် ရုပ်တုကြီးကို မတည်ဆောက်ရလျှင် သူ့မျက်လုံးများကို ဖောက်ထုတ်လိုက်မည်ဟုပြောသည်။ ထို့ကြောင့် အာဏာပိုင်များက သူ့ကို ဗုဒ္ဓရုပ်တုကြီးကို တည်ဆောက်ခွင့်ပြုလိုက်ရသည်။

ဘုန်းကြီး ဟိုင်တုံသည် သူ့ရုပ်တုကြီးကို ပြီးစီးအောင် မတည်ဆောက်သွားနိုင်ခဲ့ပေ။ သို့သော် သူ့ကြိုးပမ်းတည်ဆောက်နေမှုကြောင့် မြစ်ကြီးက ငြိမ်သက်သွားသည်ကိုတော့ လက်တွေ့မြင်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူက ဖဲ့ထုတ်လိုက်သည့် ကျောက်သားများကို မြစ်ထဲချပြီး ရေစီးအဟုန်ကို ထိန်းနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သူ၏ စိတ်ကူးကို နှောင်းလူများကဆက်အကောင်အထည်ဖော်သည်။ ဗုဒ္ဓရုပ်တုကြီးကမြစ်ဆုံကို ငြိမ်းချမ်းစေလိမ့်မည်ဆို ခြင်းကို အောင်မြင်အောင် လုပ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။



မြင်းပြောင်းပြန်စီးသည့် ဘုရင်ရုပ်တု

ချက်ပြည်သူ့သမ္မတနိုင်ငံ ပရော့မြို့ရှိ ဝမ့်စ်လက်စ်ရင်ပြင်တွင် ထူးဆန်းသော ရုပ်တုကြီးတစ်ခုရှိသည်။ ထိုရုပ်တုသည် စိန့်ဝမ့်စ်လက်စ်ဆိုသည့် ဘုရင်ကို ကိုယ်စားပြုထုလုပ်ထားခြင်းဖြစ်သည်။ စိန့်ဝမ့်စ်လက်စ်သည် သူတော်စင်တစ်ဦးဖြစ်သော်လည်း စစ်ဝတ်စုံကို ဝတ်ထားသည်။ သံခမောက်ကိုဆောင်းထားသည်။ လက်တစ်ဖက်တွင် လှံကိုကိုင်ထားသေးသည်။ သူကမြင်းကို ဂုဏ်ယူစွာ စီးနေသည်။

ဘုရင် ဝမ့်စ်လက်စ်သည် ပရော့မြို့၏ သမိုင်းဝင်မင်းတစ်ပါးဖြစ်သည်။ ၁၀ ရာစုခေတ်က တိုင်းပြည်ကို စိုးမိုးအုပ်ချုပ်ခဲ့သည့် ဘုရင်တစ်ပါးလည်းဖြစ်သည်။ အလွန်တရားမျှတပြီး မင်းကောင်း မင်းမြတ်တစ်ပါးဟူ၍လည်း ထင်ရှားသည်။ သူ့ညီတော် ဘိုးလက်စ်ထက် ပြည်သူတွေက ချစ်ခင်ကြသော်လည်း ညီဖြစ်သူ လုပ်ကြံသဖြင့် ကွယ်လွန်ခဲ့ရသည်။

ဘုရင် ဝမ့်စ်လက်စ်ရုပ်တုနှင့် မနီးမဝေးနေရာတစ်ခုတွင် အခြားရုပ်တုတစ်ခုရှိသည်။ လူစာနာပါဆာ့ဇ်ဆိုသည့် အဆောက်အအုံထဲတွင်ဖြစ်သည်။ အဆောက်အအုံထဲက ရုပ်တုမှာလည်း ဘုရင်ဝမ့်စ်လက်စ်ရုပ်တုဖြစ်သည်ကို ထူးဆန်းစွာတွေ့ရမည်။ သို့သော် ထိုရုပ်တုစီးနေသည့်မြင်းက မြင်းသေကို ကြိုးနှင့် ဇောက်ထိုးဆွဲထားသည်။

မြင်းဇောက်ထိုးစီးနေသည့် ရုပ်တုကို ပန်းပုဆရာ ဒေးဗစ်ကာနီက ထုလုပ်ခဲ့ခြင်းဖြစ်ပြီး သာမန်ထုလုပ်ခဲ့ခြင်းမဟုတ်။ အတိုက်အခံအဖြစ် ယတြာအနေနှင့် ထုလုပ်ခဲ့ခြင်းဖြစ်သည်။ ချက်နိုင်ငံသမ္မတ ဗက်လက်ကလော့စ်အတွက် ထုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ဘာအတွက် ထုလုပ်ခဲ့ကြောင်း မည်သူမှမသိပေ။


မိုးစက်

(Ref: Wonderful Monuments From Around The World)