News

POST TYPE

TRAVEL LOG

ထူးထူးခြားခြား ခရီးသွား
03-Nov-2018

ကမ္ဘာလှည့် ခရီးသွားဆိုလိုက်လျှင် ထူးခြားဆန်းကြယ်သည့် ကမ္ဘာ့အံ့ဖွယ်နေရာများကိုသာ သွားတတ်ကြသည်ဟုထင်လျှင် မှားပါလိမ့်မည်။ ကမ္ဘာလှည့်ခရီးသွားတိုးရစ်များဆိုသည်မှာ ကမ်းခြေလိုနေရာမျိုးတွင် ဘီကီနီဝတ်စုံလေးတွေနှင့် လျှောက်သွားကြသည်ဟုထင်လျှင်လည်း လွဲကောင်းလွဲနိုင်ပါသည်။ အချို့သော ကမ္ဘာလှည့်ခရီးသည်များသည် လူမသိ၊ သူမသိ၊ လူသိမခံချင်သည့် နေရာများသို့လည်း သွားတတ်ကြပါသည်။ ထို့ကြောင့် ပျောက်သွားခြင်း၊ သေဆုံးခြင်းများလည်း ဖြစ်ပေါ်လာတတ်သည်။ စစ်ဖြစ်သည့်နေရာ၊ သူပုန်တွေ စိုးမိုးထားသည့်နေရာ၊ လူဆိုးတွေ သောင်းကျန်းနေသည့်နေရာကို ထူးခြားစွာသွားလိုသည့် ခရီးဆန်းများအကြောင်း ဖော်ပြလိုက်ပါသည်။



ဆလမ်းရပ်ကွက်ခရီးသွားလုပ်ငန်း

ဆလမ်းရပ်ကွက်ခရီးဆိုသည်မှာ Slum Tourism ကို ခေါ်ဆိုခြင်းဖြစ်သည်။ အလွန်ဆင်းရဲသော ဆင်းရဲသားများ နေထိုင်ကြသည့် တဲစုတ်၊ တဲကုတ်များထဲတွင် လှည့်လည်သွားလာနိုင်ရန် စီစဉ်ပေးခြင်းဖြစ်သည်။ ထိုခရီးစဉ်ကို စူးစမ်းလိုစိတ် အလွန်ကြီးမားသည့် နိုင်ငံနှင့် လူမျိုးတွေကလုပ်ကြသည်။ သူတို့က ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေထဲက စုတ်ပြတ်သည့် လူနေမှုဘဝတွေကို လက်တွေ့ကြည့်ချင်ကြသည်။ ကမ္ဘာလှည့် ခရီးသည်များ အများဆုံး သွားလေ့ရှိသည့် ဆလမ်းရပ်ကွက်များမှာ ဖိလစ်ပိုင်နိုင်ငံရှိ မနီလာမြို့၊ ဘရာဇီးနိုင်ငံရှိ ရိုင်အိုဒီဂျနေရိုးနှင့် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းတို့ ဖြစ်သည်။ 

ခရီးသွားဧည့်သည်များကို ဦးဆောင်ပြီး ခေါ်မည့်သူသည် အထူးလမ်းပြဖြစ်သည်။ သူသည် ထိုဒေသများကို ရင်းနှီးကျွမ်းဝင်ပြီး၊ ထိုဒေသခံများနှင့်လည်း အကြောင်းအပေါင်းသင့်သူ ဖြစ်ရန်လိုသည်။ သို့သော် ယနေ့တိုင် ဆလမ်းရပ်ကွက်များထဲသို့ ခရီးသွားလုပ်ငန်းမှာ အငြင်းပွားဖွယ်ရာ ဖြစ်နေသေးသည်။ ဆင်းရဲသား ရပ်ကွက်ထဲဝင်ပြီး ဆင်းရဲသားများကို စိုက်ကြည့်ရန်နှင့်၊ ဆင်းရဲသားများက စိုက်ကြည့်ခြင်းကို ခံနိုင်ရန်ဆိုသည်မှာ တော်ရုံသတ္တိမျိုးနှင့်လည်း မဖြစ်နိုင်ပေ။ သို့သော် ဆလမ်းခရီးစဉ်ကို စီစဉ်ပေးနေသည့် အေးဂျင့်များသည် အမေရိကတွင် ခေတ်စားနေသည်။ ၁၉ ရာစုလောက်က အလွန်ချမ်းသာသော လန်ဒန်မှ စူးစမ်းလေ့လာလိုသူများသည် နယူးယောက်နှင့် ဆန်ဖရန်စစ္စကိုရှိ ပြည့်တန်ဆာတန်းနှင့် မူးယစ်ဆေးသုံးစွဲသည့် ရပ်ကွက်များကို လေ့လာရန် လာကြသည်ဟု ဆိုသည်။ ဆလမ်းရပ်ကွက်အတွင်း လှည့်လည်သွားလာရေးအတွက် အေးဂျင့်များက ထိုရပ်ကွက်များတွင် နေထိုင်သူများကိုသာ ငှားရမ်းပြီး လိုက်ပြခိုင်းလေ့ရှိသည်။ အချို့ကလည်း နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်များဖြင့် သွားကြသည်။ ထိုရပ်ကွက်များက မင်းသား၊ မင်းသမီးတွေကို နှစ်သက်ကြသောကြောင့်ဖြစ်သည်။ 



သဘာဝဘေးခရီးသွားလုပ်ငန်း

Disaster Tourism ကို ပြောခြင်းဖြစ်သည်။ သဘာဝဘေးဒဏ်ဟု ပြောသော်လည်း လူများဖန်တီးခြင်းကြောင့် ပျက်စီးသည့် အပျက်အစီးတွေလည်းပါသည်။ ဥပမာ - စစ်ဖြစ်သည့် ဒေသများထဲသို့ လှည့်လည်သွားလာခြင်းဖြစ်သည်။ သဘာဝဘေးဒဏ် ဆိုသည်မှာ မီးတောင်ပေါက်၊ ငလျင်လှုပ်၊ မုန်တိုင်းမိသည့် ဒေသများလည်း ပါဝင်သည်။ ထိုအန္တရာယ်များသည့် ကမ္ဘာလှည့်ခရီးကို အမှောင်ခရီး  (Dark Tourism) ဟူ၍လည်း ခေါ်ကြသည်။ ထိုဒေသများသို့ သွားရောက်လိုသည့် သူများသည် စူးစမ်းလေ့လာလိုစိတ်များအပြင် အရာရာကို မိမိတို့ ပထမဆုံးတွေ့ကြုံရသည်ဆိုသော ခံစားမှုများကို ရယူလိုသောကြောင့် ဖြစ်သည်။

ဘေးအန္တရာယ်များသည့် သဘာဝဘေးခရီးများမှာ အမေရိကန်ပြည်ထောင်စုတွင် ပုလဲဆိပ်ကမ်းလည်း ပါဝင်သည်။ ပုလဲဆိပ်ကမ်းသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ ဗုံးကြဲပြီး လာရောက်တိုက်ခိုက်ခြင်းကိုခံရသည့် နေရာဖြစ်သည်။ ထို့ပြင် ပင်ဆယ်ဗေးနီးယားရှိ ဂက်တီစ်ဘတ်မြို့ကိုလည်း သွားရောက်လေ့လာကြသည်။ ဂက်တီစ်ဘတ်မြို့သည် အမေရိကန် ပြည်တွင်းစစ်ပွဲကာလက သုံးရက်အတွင်း လူပေါင်း ၅၀,၀၀၀ ကျော် သေဆုံးခဲ့ရသည့် မြို့ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ပြင် ကမ္ဘာလှည့်ခရီးသွားများသည် အေဘရာဟင်လင်ကွန်းနှင့် မာတင်လူသာကင်းတို့ကို လုပ်ကြံသည့် နေရာများကိုလည်း စိတ်ဝင်စားကြသည်။ 

အမေရိကမှ ပြင်ပသို့ထွက်လျှင် ဂျပန်နိုင်ငံ ဟီရိုရှီးမား၊ အီတလီနိုင်ငံရှိ ပွန်ပီမြို့ဟောင်းနှင့် ဂျာမနီရှိ နာဇီတို့ စခန်းချပြီး ရက်စက်မှုများကို ကျူးလွန်ခဲ့သော နေရာများကိုလည်း သွားကြသည်။ ထို့ပြင် သဘာဝဘေး ခရီးသွားများသည် မုန်တိုင်းကျပြီးစနေရာ၊ စစ်ဖြစ်နေသည့် နေရာများကိုလည်း သွားလည်ရန် စိတ်ဝင်စားသဖြင့် စီစဉ်ပေးနေသော အေးဂျင့်များလည်း ရှိသည်။ အမေရိကန်ပြည်ထောင်စုတွင် ကက်တရီးနား မုန်တိုင်းကြီးဒဏ်ခံရသည့် ကာလတွင် နယူးအော်လန်းသို့ ကမ္ဘာလှည့်ခရီးသည်များ ရောက်လာကြသည်။ 

၂၀၁၅ ခုနှစ်တွင် ရုရှားမှ ကမ္ဘာလှည့်ခရီးသွား အေဂျင်စီများသည် ဆီးရီးယားသို့ ခရီးစဉ်အဖြစ် လိုက်ပါနိုင်ရန် စီစဉ်ပေးသည်။ စစ်ဖြစ်နေသည့် အတွေ့အကြုံကို ခံစားလိုသူများ လိုက်ပါသွားကြသည်။ သို့သော် နောက်တန်းလောက်ကိုသာ ရောက်ပြီး ရှေ့တန်းစစ်ဖြစ်နေသည့် နေရာများကို သွားခွင့်မရခဲ့ကြပေ။ ဆီးရီးယားအစိုးရ ကိုယ်တိုင်ကပင် သူတို့နိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်များ ရောက်လာစေရန် အားထုတ်နေမှုများတွေ့ရသည်။ 



လိင်ခရီးသွားလုပ်ငန်း

လိင်ခရီးသွားလုပ်ငန်းမှာ Sex Tourism ကို ဆိုလိုခြင်းဖြစ်ပါသည်။ ခေတ်သစ်တွင် အလွန်ထင်ရှားလာသည့် လုပ်ငန်းတစ်ခုလည်း ဖြစ်လာသည်။ နိုင်ငံတစ်နိုင်ငံအတွင်းသို့ လိင်ကိစ္စဝါသနာပါသူများက အခြား နိုင်ငံတစ်နိုင်ငံသို့လာရောက်ပြီး အပျော်ကျူးကြသည့် လုပ်ငန်းတစ်ခုလည်းဖြစ်သည်။ ဖွံ့ဖြိုးသည့်နိုင်ငံကြီးများမှ ဖွံ့ဖြိုးမှုနည်းသည့် နိုင်ငံများသို့ အပျော်ခရီးစဉ်လည်းဖြစ်သည်။ သို့သော် ယခုအခါ လိင်ခရီးကို အများဆုံး ထွက်နေကြသည့်နိုင်ငံများမှာ တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် ထိုင်ဝမ်တို့က ဖြစ်နေကြောင်းတွေ့ရသည်။

ထင်ရှားသည့် လိင်အပျော်ခရီးများ၏ ဦးတည်ရာ အရပ်သည် ကမ္ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ ဂျမေကာနှင့် ဒိုမီနီကန်သမ္မတနိုင်ငံတို့ ဖြစ်သည်။ လိင်အပျော်ခရီးသည် ထိုင်းနိုင်ငံ စီးပွားရေးအတွက်လည်း အလွန်အရေးပါသည့် လုပ်ငန်းတစ်ခုဖြစ်လာသည်။ နိုင်ငံဝင်ငွေ၏ ၁၂ ရာခိုင်နှုန်းခန့်ကို လိင်လုပ်ငန်းအတွက် လာရောက်ကြသည့် ကမ္ဘာလှည့် ခရီးသွားတွေထံက ရနေသည်။ မိမိနိုင်ငံမှာကဲ့သို့ လိင်ကိစ္စများတွင် ကြောက်ရွံ့ထိတ်လန့်စရာမလိုဘဲ လွတ်လပ်စွာ ပျော်ပွဲဆင်လိုသူတိုင်း ဖွင့်ပေးထားသည့် နိုင်ငံများကို ရောက်လာကြသည်။

လိင်ပိုင်းဆိုင်ရာ ခရီးသွားလုပ်ငန်းသည် ပြဿနာမဖြစ်ဘဲ ရပ်တည်နိုင်စွမ်းရှိနေသည်က ထူးခြားသည်ဟု ဆိုရမည်။ ပြည့်တန်ဆာများကို တရားဝင်ခွင့်ပြုထားသည့် နိုင်ငံများတွင် လူကုန်ကူးမှုတွေကလည်းရှိနေသည်။ ထိုမှတစ်ဆင့် ရာဇဝတ်မှုတွေလည်း ထူပြောသည်။ သို့သော် လွတ်လပ်စွာ လမ်းပေါ်တွင် ကိုယ်ဟန်ထွက်ပြပြီး ဆွယ်နေကြသည့် နိုင်ငံများတွင် ကမ္ဘာလှည့် ခရီးသွားများဖြင့် စည်ကားနေသည်ကလည်း ရှိနေသည်။ 



မူးယစ်ခရီးသွားလုပ်ငန်း

Drug Tourism ကို ဆိုလိုခြင်းဖြစ်သည်။ မူးယစ်ဆေးများကို လွတ်လပ်စွာ သုံးစွဲလိုသောကြောင့် ထိုခရီးစဉ်ကို စီစဉ်ပေးနေသည့် အေးဂျင့်တွေလည်း ရှိလာသည်။ ကိုလံဘီယာလို နိုင်ငံမျိုးသို့ မူးယစ်ဆေး အကြောင်းပြချက် တစ်ခုတည်းနှင့် ပို့ပေးနေမှုများ ရှိနေသည်။ အနောက်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့မှ ကမ္ဘာလှည့်ခရီးသွားများ အများဆုံး ရောက်လာကြသည်။ ထိုနိုင်ငံတွင် ကိုကင်းကို လွတ်လပ်စွာ ဝယ်ယူသုံးစွဲနိုင်သောကြောင့်ဖြစ်သည်။

ကိုကင်းကို ကိုလံဘီယာ မှောင်ခိုဈေးကွက်တွင် တရားမဝင် ဝယ်ယူနိုင်သည်။ ဈေးပေါပေါနှင့် ဝယ်သုံးနိုင်ကြသည်။ ဩစတြေးလျတွင် ကိုကင်း ၁ ဂရမ်လျှင် ဒေါ်လာ ၃၀၀ ခန့်ပေးရသည်။ ကိုလံဘီယာတွင် ၇ ဒေါ်လာ မှ ၁၅ ဒေါ်လာအတွင်းပေးလျှင်ရသည်။ ကိုလံဘီယာနိုင်ငံတွင် တရားဝင် ခွင့်မပြုထားဆိုသော်လည်း လမ်းဘေးတိုင်းတွင် ဝယ်ယူ၍ရသည်။

နိုင်ငံခြားသားများ ရောက်လာလျှင် ဆေးရောင်းသူတွေ ဝိုင်းလာလိမ့်မည်။ ဆေးလိုချင်လျှင် လမ်းဆုံ၊ လမ်းခွ ရပ်နေရုံသာဖြစ်သည်။ ကိုယ့်အနားသို့ ချဉ်းကပ်လာသူ လက်ထဲတွင် ဘာမှ ပါလာမည်တော့ မဟုတ်။ သို့သော် ဈေးပြော၍အဆင်ပြေလျှင် ချက်ချင်းသွားယူပေးသည်။ 

မူးယစ်ဆေးရောင်းနေသူတွေကို ရဲတွေကလည်း ပြဿနာမရှာပေ။ လာဘ်ပေးထားလျှင် လာမဖမ်းပေ။ ရဲက မူးယစ်ဆေးကြောင်နေသည့် နိုင်ငံခြားသားကို လာရစ်နေလျှင်လည်း ၁ ဒေါ်လာလောက်ပေးလျှင် လက်ခံပြီး ထွက်သွားတတ်သည်။ ကြောက်စရာကောင်းသည့် ခရီးဖြစ်သည်။
 
မိုးစက်

(Ref: Unconventional Tourism)